တမူးမြို့ မီး၊ လူ တဦး သေဆုံး

နန်းဒေဝီ
တနင်္လာနေ့၊ ဇွန်လ 08 2009 20:27 - မြန်မာစံတော်ချိန်

စစ်ကိုင်းတိုင်းအတွင်း အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ရှိ ဈေးတန်းရပ်ကွက် အမှတ် ၇ တွင် ယမန်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ ဒေသခံတဦး သေဆုံးခဲ့သည်။

မီးလောင်မှုတွင် ဆွေမျိုးသားချင်းများ နေအိမ်ရှိ ပစ္စည်းများကို ဝင်ရောက်သယ်ယူပေးခဲ့သည့် အသက် ၄ဝ နှစ်အရွယ် ကိုကျော်စိုး ဆိုသူသည် မီးလောင်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

“အဲဒီလူက လက်ပြတ်သွားတယ်၊ ဗိုက်ကိုလည်း ထိသွားတယ်။ အဲဒီ ဗိုက်ထိတဲ့ ဒဏ်ရာနဲ့ပဲ ဆေးရုံရောက်ပြီး မကြာဘူး၊ ဆုံးသွားတယ်” ဟု တမူးဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

စတင်မီးလောင်သည့် နေအိမ်အတွင်းမှ ပြင်းထန်သည့် ပေါက်ကွဲသံများ ကြားရပြီးနောက် ဘေးပတ်လည်ရှိ နေအိမ်တချို့ကို မီးကူးစက်ခဲ့ခြင်း ဖြစ်သည်။

အခြား မြို့ခံတဦးက “အသံက တအားပြင်းတယ်။ အုံးအုံး .. ဒိုင်းဒိုင်းနဲ့ အသံတွေ ဆက်တိုက်မြည်တယ်” ဟု ပြောသည်။

အခင်းဖြစ်ပွားသည့် နေ့မတိုင်မီ ညကပင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နံနက် မီးလောင်နေသည့် အချိန်ထိ မိုးရွာနေသေးသဖြင့် ထိုမီးလောင်မှုသည် သာမန်မီးလောင်မှု မဖြစ်နိုင်ကြောင်းနှင့် ဗုံးများ ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်နိုင်ကြောင်း သူတို့က ပြောကြသည်။

သေဆုံးသူကိစ္စနှင့် ပတ်သက်၍ အသေးစိတ် သိရှိရန် တမူးမြို့နယ် ဆေးရုံသို့ ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာ ဆေးရုံအုပ် မရှိသဖြင့် ဖြေကြားနိုင်ခြင်း မရှိကြောင်း တာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။

ဖယောင်းတိုင် စက်ရုံတရုံ အပါအဝင် ပျဉ်ထောင်အိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့ပြီး၊ ထိုနေရာကို လုံခြုံရေးရဲများ ယခုတိုင် ချထားသေးသည်။

“လုံခြုံရေးက ရဲ ၁ဝ ယောက် ရှိတယ်။ စဖြစ်ဖြစ်ချင်းေ$တာ့ မီးသတ်၊ ရဲ၊ စစ်သား အားလုံးက ၂ဝ ကျော် ရှိတယ်။ မီးလောင်တဲ့ အိမ်တွေကို ပျဉ်ချောင်းတွေနဲ့ ဝိုင်းထားပြီးတော့ ဘယ်သူမှ ပေးမဝင်ဘူး” ဟု ပထမမြို့ခံက ပြောသည်။

မည်ကဲ့သို့ မီးလောင်သည်ကို သိရှိရန် တမူးမြို့ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းကြည့်ရာ ဖြေဆိုနိုင်မည့် အရာရှိ မရှိသည့်အတွက် ဖြေဆိုခြင်း မပြုခဲ့ပါ။

ထို့အပြင် မီးလောင်ကျွမ်းခဲ့သည့် အိမ်တချို့မှ ပျဉ်ထောင်အိမ် ၂ လုံးသည် မဏိပူရ ကသည်းများ ပိုင်ဆိုင်သည့် နေအိမ်များဖြစ်ကြောင်း ပြောဆိုနေပြီး၊ အိမ်ရှင် ၂ ဦးကို အာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု ဆိုသည်။

အိန္ဒိယခွဲထွက် သူပုန်များဖြစ်သည့် ကသည်းသူပုန်များသည် အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့နယ် နန်းဖာလုံနှင့် ကလေးမြို့တွင် လွတ်လပ်စွာ သွားလာခွင့်၊ အိမ်ယာနှင့် လယ်မြေပိုင်ဆိုင်ခွင့်၊ လက်နက် ကိုင်ဆောင်ခွင့်တို့ ခွင့်ပြုထားပြီး၊ နိုင်ငံသား အသိအမှတ်ပြု မှတ်ပုံတင်ကိုပါ ထုတ်ပေးထားကြောင်း သိရသည်။(မဇ္စျိမ)
---------------------------------------------------------------------------------
ကော့သောင်း မြေပြိုမှုတွင် လူ ၄ ဦး သေဆုံး

ကိုဝိုင်း
ကြာသပတေးနေ့၊ ဇွန်လ 04 2009 14:09 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် ယမန်နေ့ညက မိုးသက်လေပြင်း တိုက်ခတ်ပြီး မြေပြိုကျသဖြင့် အိမ်တလုံးမှ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ကြောင်း မြို့ခံများ အပြောအရ သိရသည်။

ရွှေမင်းဝံရပ်ကွက် အမှတ် (၈) လမ်းတွင် နေအိမ်ပေါ် မြေပြိုမှုကြောင့် မိခင်အပါအဝင် ကလေး ၃ ဦး မြေပိ သေဆုံးသွားရပြီး၊ ဖခင်မှာ ခြေထောက်ကျိုးသွား၍ အခြားအိမ်နီးချင်း ၂ ဦးနှင့်အတူ ကော့သောင်းဆေးရုံ၌ ဆေးကုသခံနေရသည်။

“လူ ၄ ယောက် သေတယ်။ ၃ ယောက် ဆေးရုံပို့ထားတယ်။ အမှတ် (၈) လမ်းဆိုတာက တောင်ခြေရောက်နေပြီ။ ညက ၁၂ နာရီလောက်က မိုးနဲ့ လေနဲ့ ကြီးပြီးတော့ မြေက ပြိုဆင်းလာတာ။ ကလေး ၃ ယောက်က ခြင်ထောင်ထဲမှာ လုံးပြီးတော့ မြေပိနေတယ်။ သူတို့အမေလည်း သေတာပဲ။ ဒီမနက် ၉ နာရီမှ ဖော်လို့ပြီးတယ်။ တခြားအိမ်တွေထဲက ရေဝင်တယ်။ ကျောက်တုံးတွေ လိမ့်ကျလာတာ ရှိတယ်။ တမြို့လုံးနီးနီး ညက မအိပ်ကြရဘူး” ဟု မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ကော့သောင်းမြို့၌ မိုးပြင်းရွာနေသည်မှာ နှစ်ရက်ခန့်ရှိပြီးဖြစ်ပြီး ယမန်နေ့ညကမူ လေပြင်းပါတိုက်ခတ်ခဲ့သည်။ နေအိမ်များ၊ ဆိုင်များနှင့် လမ်းမများတွင် ရေကြီးခဲ့ပြီး မြေနိမ့်ပိုင်း တချို့နေရာများတွင် ရင်ခေါင်းခန့်အထိ ရေမြင့်တက်ခဲ့သည်။

ယနေ့နံနက်တွင်မူ နေသာလျက်ရှိသော်လည်း ညက ရေဝင်သွားသည့် အိမ်ရှင်များမှာမူ အမှိုက်နှင့် အညစ်အကြေးများ ရေတင်ကျန်ခဲ့သဖြင့် သန့်ရှင်းရေး လုပ်နေကြသည်။
--------------------------------------------------------------------
FEC ၅၀ တန် တခါသုံး ဖုန်းကတ်များ ဝယ်သူနည်းပါး

Monday, 08 June 2009 16:09 အောင်သက်ဝိုင်း

FEC ၅၀ တန် တခါသုံး CDMA 450 MHZ ဖုန်းကတ်များကို ဇွန်လ ၂ ရက်နေ့မှ စတင်ပြီး ဖြန့်ချိရောင်းချလျှက်ရှိ ရာ ၀ယ်ယူသုံးစွဲသူ နည်းပါးလျှက်ရှိကြောင်း ရန်ကုန် အခြေစိုက် လက်ကိုင်ဖုန်း ဟန်းဆက် အရောင်းဆိုင်များက ပြောသည်။

ကမ်းရိုးတန်းဖုန်းဟု အများခေါ်ဆိုကြသည့် ၎င်းတခါသုံး ဖုန်းကတ်တခုလျှင် ဈေးကွက်၌ အနည်းဆုံး ကျပ်ငွေဖြင့် ၅၅၀၀၀ မှ ၆၀၀၀၀ အကြား ရောင်းချသည့်အတွက် လူတိုင်းလက်လှမ်း မမီနိုင်သော ဈေးနှုန်းဖြစ်နေကြောင်း လသာမြို့နယ်မှ ဖုန်းဟန်းဆက် အရောင်းဆိုင် ပိုင်ရှင်တဦးက ရှင်းပြသည်။

ထို့အပြင် အဆိုပါ ဖုန်းကတ်ကို GSM ဖုန်း ဟန်းဆက်ဖြင့် အသုံးပြု၍ မရဘဲ ဈေးကြီးသော CDMA ဖုန်း ဟန်းဆက် ထပ်မံ ၀ယ်ယူအသုံးပြု ရခြင်း ကြောင့် ၀ယ်ယူသုံးစွဲသူ လျော့နည်းရခြင်းဖြစ်သည်ဟု သူကဆိုသည်။ ထို ဖုန်း ကတ်များကို ၀ယ်ယူသုံးစွဲမည်ဆိုပါက ဖုန်းကတ်နှင့် ဖုန်းဟန်းဆက် အတွက် ကုန်ကျစရိတ် စုစုပေါင်း ကျပ် ၂ သိန်းနီးပါး ကုန်ကျမည်ဖြစ်သည့်အတွက် လူကြိုက်နည်းခြင်းဖြစ်သည်။

“FEC ၁၀ တန် နဲ့ ၂၀ တန် တခါသုံး ဖုန်းကတ်တွေ စထွက်တုန်းကဆို ကတ်လိုချင်လို့ လာတန်းစီတဲ့လူ တနေ့ တနေ့ ထောင်ချီရှိတယ်။ အခု ကမ်းရိုးတန်းဖုန်းကတ်က သိပ်မရောင်းရဘူး။ လာမေးတဲ့ သူတောင် မရှိဘူး။ သူ့ဟန်းဆက်က အနည်းဆုံး ကျပ် ၁ သိန်းကျော်မှာရှိတယ်” ဟု ရန်ကုန်၊ ယုဇန ပလာဇာမှ မိုဘိုင်းဖုန်း ဟန်းဆက် အရောင်းဆိုင်ကြီးတခု၏ မန်နေဂျာတဦးက ပြောသည်။

ဈေးကွက်တွင် တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံလုပ် CDMA ဖုန်းဟန်းဆက်များသာ ၀င်ရောက်နေပြီး ဈေးနှုန်း အချိုသာဆုံးဟု ဆိုနိုင်သည့် ကိုးရီးယားနိုင်ငံလုပ် LG အမှတ်တံဆိပ် CDMA ဖုန်းဟန်းဆက် တခုလျှင် ကျပ် ၁ သိန်း ၁ သောင်း၊ တရုတ်နိုင်ငံလုပ် Hisense အမှတ်တံဆိပ် CDMA ဖုန်းဟန်းဆက်မှာ ကျပ် ၁၂၅၀၀၀၊ တရုတ်နိုင်ငံလုပ် ZTE တံဆိပ် ဖုန်းဟန်းဆက်တခုလျှင် ကျပ် ၁၄၀၀၀၀၊ တရုတ် General တံဆိပ် ဖုန်း ဟန်းဆက် တခု ၁၆၀၀၀၀ ကျပ် နှင့် ကိုရီးယား Fortune တံဆိပ် ဖုန်းဟန်းဆက်မှာ ၁၅၀၀၀၀ ကျပ် ဈေးနှုန်း ရှိသည်ဟု သိရှိရသည်။

တခါသုံး ဂျီအက်စ်အမ်ဖုန်းကတ်များ ထုတ်လုပ်ပြီးနောက် တခါသုံး CDMA ဖုန်းကတ်များ ထပ်မံထုတ်လုပ် ရောင်းချခြင်းမှာ GSM ကွန်ယက်မရှိဘဲ CDMA ကွန်ယက်သာရှိသော နယ်မြို့များတွင်သုံးစွဲ နိုင်စေရန် အတွက်ဖြစ်သည်ဟု စင်ထရယ်မားကက်တင်း၏ အထွေထွေမန်နေဂျာ ဦးစိုင်းခင်မောင်အေးက ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် ပြောဆိုထားသည်။

ယခု ထုတ်လုပ်ရောင်းချလျှက်ရှိသည့် တခါသုံးဖုန်းကတ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဦးတေဇပိုင် စင်ထရယ်မားကက်တင်း ကုမ္ပဏီတို့က ဖြန့်ချိရောင်းချနေခြင်းဖြစ်သည်။

“တခါသုံး GSM ဖုန်းကတ်တွေက စီးပွားရေးအရ အရမ်းအောင်မြင်တယ်။ ထူး ကုမ္ပဏီက အမြတ် အများကြီး ရတယ်။ ဒီတော့ FEC ၅၀ တန်ဆိုပြီး ဖြန့်ချိတာ။ လူတွေကို စေတနာရှိလို့ မဟုတ်ဘူး။ မြန်မာ ပြည်သူတွေ အပေါ် စေတနာတကယ်ရှိရင် ထိုင်းတို့၊ မလေးတို့လို တခါသုံး မဟုတ်ဘဲ အမြဲသုံးလို့ရတဲ့ ဈေးပေါတဲ့ SIM ကတ်နဲ့ Prepaid ဖုန်းကတ်တွေ ထုတ်ရောင်းပေးသင့်တယ်” ဟု ရန်ကုန်မြို့နေ နာမည်ကြီး စီးပွားရေး လုပ်ငန်း ရှင်တဦးက သုံးသပ်သည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှ စတင်ရောင်းချသော FEC ၂၀ တန် တခါသုံး GSM ဖုန်းကတ်မှာ ယခုအချိန်အထိ ကတ်အရေအတွက် ၃ သိန်းခွဲကျော် ရောင်းချပြီးဖြစ်သည်ဟု သိရသည်။

“၂၀၀၈ နှစ်ကုန်ကနေ အခု ၂၀၀၉ ဇွန်လအထိ ခြောက်လအတွင်း ဖုန်းကတ်ရောင်းတာကနေ ဦးတေဇ ကုမ္ပဏီက FEC ၇ သန်းရနေပြီ ဆိုတာ သူတို့ ထုတ်ပြန်တဲ့အချက်အလက်တွေပေါ်မူတည်ပြီး တွက်ချက်လို့ ရတယ်။ မြန်မာပြည်မှာ စီးပွားရေးလုပ်မယ်ဆိုရင် ဗိုလ်ချုပ်တွေကို ပိုင်လေ စီးပွားရေး အမြတ်ထွက်လေဆိုတာ ဦးတေဇက သက်သေပြနေတယ်” ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဦးတေဇနှင့် ပူးပေါင်းပြီး တခါသုံးဖုန်းကတ်များ ထုတ်ရောင်းနေသကဲ့သို့ တခြားတဘက်တွင်လည်း ငွေကျပ် ၁၅ သိန်းသွင်းပြီး အသုံးပြုနိုင်သော GSM၊ WCDMA အပါအ၀င် အမြဲသုံး ဖုန်း SIM ကတ်များ ဆက်လက်ထုတ်ပေးလျှက် ရှိသည်။

ယခုအခါ ဈေးကွက်အတွင်း၌ ၀၉၉၉ နံပါတ်နှင့်စသည့် ဆယ်လူလာ ဖုန်းတလုံးလျှင် ကျပ် ၈ သိန်းနှင့် ၉ သိန်းကြား၊ ၀၉၈၀ နံပါတ်နှင့်စသော ရိုးရိုး CDMA ဖုန်းတလုံးလျှင် ၁၂ သိန်းခွဲ၊ ၀၉၅၀ နံပါတ်နှင့်စသော GSM ဖုန်းတလုံးလျှင် ကျပ် ၁၅ သိန်း ၅ သောင်း ဈေးနှုန်းရှိနေပြီး အဆိုပါဈေးနှုန်းများမှာ ခေါ်ဈေးသာဖြစ်ပြီး ပြင်ပ ဈေးကွက်၌ အရောင်းအ၀ယ်နည်းပါးကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ၀၉၈၇၊ ၀၉၈၆၊ ၀၉၈၅၊ ၀၉၆၈ နံပါတ်နှင့် စသော CDMA 450 MHZ ဖုန်းများကို စစ်အစိုးရက ၂၀၀၈ ခုနှစ်၊ မတ်လတွင် စတင် အသုံးပြုခွင့်ပေးခဲ့ပြီး အဆိုပါ ဖုန်းတလုံးလျှင် အစိုးရထုတ်ဈေး ကျပ် ၁၅ သိန်းနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရောင်းချခဲ့သည်။

CDMA ဖုန်းများကို ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ရခိုင်၊ မွန်၊ ကချင် စသည့် ပြည်နယ်နှင့် တိုင်း ၉ ခုတွင်အသုံးပြုနိုင်ပြီး တနိုင်ငံလုံး အတိုင်း အတာဖြင့် CDMA ဖုန်းအရေအတွက် ၁၁၉၃၀၀ ချထားပေးပြီး ဖြစ်ကာ မကြာမီ ၎င်းဖုန်းလိုင်း ၁၉၄၀၀ ထပ်မံ ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တရားဝင်ထုတ်ပြန် ထားသည်။(ဧရာဝတီ)

Comments