အန်အယ်ဒီကြေငြာချက်အပေါ် အကောင်းမြင်ရေးသားမှု ပြည်တွင်းမီဒီယာမှာ ဖော်ပြခွင့်ရ

NEJ / ၄ မေ ၂၀၀၉

ဧပြီ (၂၉) တွင် ကျင်းပပြီးစီးခဲ့သည့် အန်အယ်လ်ဒီ စုံညီအစည်းအဝေးအပြီး ထုတ်ပြန်ကြေညာခဲ့သည့် ရွှေဂုံတိုင် ကြေညာစာတမ်းနှင့်ပတ်သက်၍ အလာအလာကောင်းများရှိသည်ဟု ယူဆရကြောင်း ပြည်တွင်းထုတ် ဂျာနယ် တစောင်၏ အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည်။

ယနေ့ထွက်သည့် ၀ီးကလီးအလဲဗင်းဂျာနယ် စာမျက်နှာ (၂) တွင် ဖော်ပြထားခြင်းဖြစ်ပြီး အန်အယ်လ်ဒီပါတီ၏ လုပ်ရပ်နှင့်ပတ်သက်ပြီး အကောင်းမြင်ရေးသားမှု ပထမဦးဆုံး ဖော်ပြခွင့်ရခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ အဆိုပါ ရွှေဂုံတိုင်ကြေညာချက်တွင် နအဖစစ်အစိုးရအနေဖြင့် ၎င်းတို့တောင်းဆိုသည့် အချက် (၃) ချက်ကို လိုက်လျောပါက လာမည့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် စဉ်းစားမည်ဟု ဖော်ပြထားသည်။

တောင်းဆိုချက် (၃) ချက်မှာ (၁) ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ (၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ဒီမိုကရေစီနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးရေး (ထို့အတွက် အန်အယ်လ်ဒီနှင့် စစ်အစိုးရ ဆွေးနွေး ညှိနှိုင်းရမည်)၊ (၃) ကုလသမဂ္ဂနှင့် နိုင်ငံတကာ စောင့်ကြည့်အဖွဲ့များကို ခွင့်ပြုသည့် တရားမျှတ လွတ်လပ်ပွင့်လင်းသည့် ရွေးကောက်ပွဲအဖြစ် ကျင်းပပေးရေးတို့ ဖြစ်သည်။

အဆိုပါ အချက် (၃) ချက်အနက် အချက် (၂) ချက်မှာမူ စစ်အစိုးရက တလျှောက်လုံး ငြင်းဆိုထားသည့် အချက်ဖြစ်သည်။ ၀ီးကလီးအလဲဗင်း အယ်ဒီတာ့အာဘော်တွင်မူ “တူတာတွေတွဲလုပ်၊ မတူတာတွေ ညှိနှိုင်းဖြေရှင်း” ဟု ခေါင်းစဉ်တပ်ထားပြီး စစ်ခေါင်းဆောင်များနှင့် အန်အယ်လ်ဒီ အပါအ၀င် နိုင်ငံရေးခေါင်းဆောင်များ ညှိနှိုင်းတိုင်ပင် အဖြေရှာပြီး ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပသွားရန် တိုက်တွန်းထားသည်။


အယ်ဒီတာ့အာဘော် နိဂုံးပိုင်းတွင် “အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးမှာ ညီညီညွတ်ညွတ်ဖြင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး လက်ရှိအခြေအနေတွင် အင်အားစုများအားလုံး ပါဝင်ပြီး ဂုဏ်သိက္ခာရှိသော (Inclusive & Free & Fair Election) ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်” ဟု ရေးသားထားသည်။

အဆိုပါဆောင်းပါးနှင့် ပတ်သက်၍ ၀ါရင့်သတင်းစာဆရာကြီးတဦးက “ဒါဟာ ပြည်သူလူထုထဲကနေ စစ်အစိုးရနဲ့ အတိုက်အခံ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းတာကို မြင်လိုတဲ့ သဘောပြလိုက်တာပဲ။ တနည်းပြောရရင် စစ်အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲတုန်းကလို သူ့သဘောနဲ့သူ ထင်ရာစိုင်းပြီး ရွေးကောက်ပွဲကို ကျင်းပ၊ လိုသလို အဖြေထုတ်သွားမှာကို လိမ္မာပါးနပ်စွာနဲ့ ဆန့်ကျင်တဲ့သဘော ပါနေတာ တွေ့ရတော့ ကောင်းတဲ့ လက္ခဏာပါလို့ ဆိုချင်တယ်” ဟု ပြောသည်။

ပြည်တွင်းပုဂ္ဂလိလကဂျာနယ် အယ်ဒီတာတဦးကမူ ယခုကဲ့သို့ အယ်ဒီတာ့အာဘော်မျိုးကို စစ်အစိုးရ စာပေစိစစ်ရေး က အထူးအခွင့်အရေးပေးထားသည့် ၀ီးကလီးအလဲဗင်း ဂျာနယ်မျိုးတွင်သာ ဖော်ပြခွင့်ရခြင်းဖြစ်ကြောင်း၊ မည်သို့ပင်ဖြစ်စေ အန်အယ်လ်ဒီကဲ့သို့ အတိုက်အခံပါတီကြီးတရပ်နှင့် ပတ်သက်၍ အကောင်းမြင်သဘော ရေးသားခွင့်ရသည်ကို ကြိုဆိုရမည်ဖြစ်ကြောင်း၊ သို့သော် အယ်ဒီတာ့အာဘော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရွှေဂုံတိုင်ကြေညာချက် စသည်တို့ ရေးသားဖော်ပြခွင့်မရဘဲ နိုင်ငံရေးပါတီကြီး စသည့် စကားလုံးများဖြင့်သာ ဖော်ပြခွင့်ရသည့်အတွက် စစ်အစိုးရ စာပေစိစစ်ရေးကို သိပ်အကောင်းမမြင်နိုင်သေးကြောင်း ဝေဖန်ပြောကြားသည်။

ဝါရင့်သတင်းစာဆရာကြီးတဦးကမူ ယခုကဲ့သို့ အပြုသဘောဆောင်သည့် အရေးအသားမျိုး ယခင်ကလည်း ဖော်ပြခဲ့ဖူးကြောင်း၊ မြန်မာနိုင်ငံရေး စာမျက်နှာသစ် ဖွင့်ပြီ စသည့်အရေးအသားမျိုး ဖြစ်ကြောင်း၊ နောက်ပိုင်း မည်သို့မျှ ဖြစ်မလာကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အရေးအသားမျိုးကို ကြိုဆိုသော်လည်း တွေ့ဆုံဆွေးနွေးရေး ဖြစ်လာရန် မမျှော်လင့်နိုင်သေးသကဲ့သို့ စာပေစိစစ်ရေးက ရေးသားခွင့်များ ပိုပြီး ဖွင့်ပေးလာသည်ဟု ပြောရန်လည်း မည်သည့်အထောက်အထားမှ မမြင်မတွေ့ရသေးကြောင်း ပြောသည်။

Comments