လျှပ်စစ်ဓါတ်အားပေးအဖွဲ့မှ ဝန်ထမ်းများ အရေးယူခံရ

NEJ / ၁၂ မေ ၂၀၀၉

လျှပ်စစ်ဓာတ်အား ဖြန့်ခွဲပေးရာတွင် လာဘ်ငွေယူခဲ့ကြောင်း တိုင်ကြားခံရသောကြောင့် ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အရာရှိဝန်ထမ်းအချို့ အရေးယူခံရကြောင်း ဗိုလ်တစ်ထောင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းတဦးက ပြောသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် သတ်မှတ်ချိန်အတွင်း လျှပ်စစ်မီးမလာသည့်အတွက် မြို့နယ်အတွင်းရှိ ကုမ္ပဏီတခုက လျှပ်စစ်အင်ဂျင်နီယာရုံးသို့ အကြောင်းကြားမေးမြန်းရာတွင် မချေမငံပြန်လည်ဖြေဆိုမှုကြောင့် နေပြည်တော်အထိ တိုင်ကြားခံရခြင်းဖြစ်ကြောင်း အဆိုပါဝန်ထမ်းကပြောသည်။

၎င်းက “တဖက်ကုမ္ပဏီကလည်း နေပြည်တော်အထိ ထိထိရောက်ရောက် တိုင်မယ်ဆိုပြီး စက်မှုဇုန်တွေဆီကနေ လာဘ်ငွေယူပြီး မီးမှန်မှန်ပေးနေတဲ့ကိစ္စ အထောက်အထားတွေ ရှာဖွေပြီး နေပြည်တော်အထိ တိုင်လိုက်တယ်။ ဒါနဲ့ နေပြည်တော်က ဆင်းလာပြီးစစ်တော့ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ကိုယ်တိုင် စက်မှုဇုန်တွေကနေ လာဘ်ငွေယူပြီး မီးကို ပုံမှန်ဖြစ်အောင် ပေးနေတာ သွားတွေ့တယ်။ ဒါနဲ့ အရာရှိ၊ ဝန်ထမ်းအတော်များများကို တဆင့်နိမ့် ရာထူးတွေချပြီး နယ်တွေ ပြောင်းလိုက်တယ်” ဟု ပြောသည်။

သို့သော် အဆိုပါကိစ္စအား လာဘ်စားမှုဖြစ်သော်လည်း တာဝန်လျော့ပေါ့မှု ခေါင်းစဉ်ဖြင့်သာ အရေးယူလိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းတဦးက ပြောသည်။

လာဘ်စားမှုဖြင့်သာ အရေးယူပါက ထောင်ဒဏ်အထိ ချမှတ်ခံရမည်ဖြစ်သကဲ့သို့ လာဘ်ငွေပေးခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်များကိုလည်း စစ်ဆေးအရေးယူမှုများ လုပ်ရမည်ဖြစ်သဖြင့် ဌာနတွင်း ကြိတ်ပြီးဖြေရှင်းခဲ့ကြောင်း ၎င်းကပြောသည်။

နအဖစစ်အစိုးရက သတင်းစာများမှတဆင့် ရေအားလျှပ်စစ် စီမံကိန်းကြီးများ အကောင်အထည်ဖော်နေပါသည်ဟု ဖော်ပြနေသော်လည်း ရန်ကုန်ကဲ့သို့ မြို့ကြီး၌ပင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလဆန်းမှစ၍ အလှည့်ကျ မီးပေးစနစ်ဖြင့်သာ ဖြန့်ဖြူးပေးခဲ့သည်။

အဆိုပါ စနစ်အရ စက်မှုဇုန်များကို ရုံးဖွင့်ရက် နေ့ပိုင်းအချိန်များ၌ ဦးစားပေးပြီး နေအိမ်များကို ညပိုင်းအချိန်တွင် ဦးစားပေး လျှပ်စစ်မီး ဖြန့်ဖြူးပေးခဲ့သည်။

နောက်ပိုင်းတွင် သဘာဝဓာတ်ငွေ့ မလုံလောက်သည့်အတွက် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ အပြည့်မလည်နိုင်တော့ဘဲ ဓာတ်အားပေးမှု များစွာလျော့ကျလာခဲ့သည့်အတွက် နဂို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက သတ်မှတ်ထားသည့် မီးပေးချိန်အတိုင်း ပေးနိုင်ခြင်း မရှိတော့ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးမှ အဆိုပါ ၀န်ထမ်းက ပြောသည်။

သက်ဆိုင်ရာဝန်ကြီးများက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်သည့်အချိန်ကို လျှော့ပေါ့ပေးရန် ညွှန်ကြားခဲ့ခြင်း မရှိသည့်အတွက် ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့က သတ်မှတ်ချိန်တွင် မီးကိုလွှတ်ပြီး (၁ဝ) မိနစ်ခန့်ကြာသည်နှင့် ပြန်ဖြတ် စသဖြင့် ပေးချိန်တန် ပေးနိုင်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် စက်မှုဇုန်လုပ်ငန်းရှင်များက ပုံမှန်ဖြန့်ပေးသည့် နာရီအတိုင်း မီးရရှိနိုင်ရန် လာဘ်ငွေ ပေးကြခြင်းဖြစ်ကြောင်း သိရသည်။

လာဘ်ငွေပေးသည့် စက်မှုဇုန်များတွင်သာ သတ်မှတ်ချိန်အတိုင်း အတိုင်းအတာတခုအထိ လျှပ်စစ်မီးရရှိသွားသော် လည်း အခြား ရန်ကုန်မြို့ ဧရိယာတခုလုံးတွင်မူ လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်ခြင်း၊ လာချိန်တန် ခဏလာပြီး တောက်လျှောက် ပြန်ပြတ်သွားခြင်း၊ လာလိုက် ပြတ်လိုက် ကြိမ်ဖန်များစွာဖြစ်ခြင်း၊ မီးအားနိမ့်ပြီး သုံးမရ ဖြစ်ခြင်းတို့ နေ့စဉ်ဖြစ်ပေါ်နေသည်ဟု လည်း ရန်ကုန်မြို့ခံများက ပြောသည်။

ယခုပြဿနာကြောင့် အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်ကိုယ်တိုင် ယခုလ (၁ဝ) ရက်က အလုံ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မည်သည့်စီးပွားရေးလုပ်ငန်းမှ မရှိဘဲ လူဦးရေ အနည်းငယ်သာ ရှိသည့် နေပြည်တော် စစ်ဌာနချုပ်နှင့် နေပြည်တော် တဝိုက်တွင်မူ မီးထိန်ထိန်လင်းနေကြောင်း ဒေသခံများက ပြောသည်။ (ခေတ်ပြိုင်)
-----------------------------------------------------------------------------------------------
ပုံမှန်ပြန်ပျက်သွားသည့် မော်လမြိုင်မြို့က လျပ်စစ်မီး

Mon 11 May 2009, ရိုင်မရော့

မော်လမြိုင်မြို့ပေါ်တွင် အစိုးရရုံးများနှင့် အခြားသောအစိုးရနှင့် ပူတွဲထားသည့်ရုံးများကလွဲ၍ တစ်မြို့လုံးအနှံ မီးပျက်နေသည်မှာ တစ်ပတ်လောက်ရှိနေပြီးဟု မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။

“အခုမီးမလာတာ တစ်ပတ်လောက်ရှိနေပြီ၊ တစ်မြို့လုံးကလည်း မီးစက်သံပဲ ကြားနေရတယ်၊ လွန်ခဲ့တဲ့တစ်ပတ်လောက်က မီးလာတယ်၊ ဒါပေမယ့် ရပ်ကွက်အလိုက်ပေါ့လေ၊ အခုဟာက လုံးဝမလာဘူးလို့လဲ ပြောလို့ရတယ် ၁၀ မီးနစ် ၁၅ မီးနစ် အများဆုံးပဲ မှိတ်တုတ်မှိတ်တုတ်နဲ့” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောပြသည်။

မတ်လဆန်းပိုင်းက ကျောင်းသားများ မီးရရှိရန်အတွက် ဆန္ဒပြပြီး နောက်တစ်နေ့မှာပင် တစ်မြို့လုံး မီးလင်းလာပြီး လွန်ခဲ့သည့် တစ်ပတ်မတိုင်ခင်ကပင် မီးပုံမှန် ပြန်ပျက်သွားသည်။

တက္ကသိုလ်ကျောင်းသားတစ်ဦးကလည်း “မီးလုံးဝမလာတဲ့အတွက် မီးနဲ့အလုပ်လုပ်သူတွေအတွက်တော့ အဆင်မပြေဘူး၊ မီးစက်နှိုးတော့လည်း တွက်ခြေမကိုက်ဘူးဖြစ်နေကြတယ်၊ ကျနော်တောင် မီးလာလို့ ကွန်ပျူတာဖွင့်တယ်၊ ကွန်ပျူတာတောင် မတက်သေဘူး မီးက ပြန်ကျသွားတယ်၊ စောင့်ရင်း စောင့်ရင်းနဲ့ ပြန်ရတဲ့ထိ မီးက ပြန်မလာဘူး” ဟု သူ၏ အတွေ့အကြုံကို ပြောပြသွားသည်။

အစိုးရရုံးများနှင့် မြို့ပေါ်ရှိ အခြားသော တိုင်းရင်းသားအဖွဲ့အစည်းများ (ဥပမာ မွန်ပြည်သစ်ပါတီရုံး) များ၌သာ အချိန်ပြည့် မီးလာလေ့ရှိသည်။

အရင်တုန်းက မော်လမြိုင်မြို့တွင် တစ်နေ့လျင် တစ်ရပ်ကွက်စီဖြင့် မီးပုံမှန်ပေးလေ့ရှိသည်။ ယခုနောက်ပိုင်း တစ်မြို့လုံးကို တစ်ပြိုင်နက်ပေးလိုက်သည့်အတွက် မီးမလာတော့ပေ။

ကွန်ပျူတာဆိုင်ရှင်တစ်ဦးကလည်းး “မီးမလာလို့ မီးစက်ဖွင့်ထားတာ တစ်နေကုန်ပိတ်စရာတောင် မလိုတော့ဘူး၊ ဆိုင်ပိတ်လိုက်ဖို့ကလည်း မလွယ်ဘူးလေ၊ တွက်ခြေမကိုက်ပေမယ့်လဲ ဒီလိုပဲ မှေးပြီး လုပ်သွားရတာပေါ့” ဟု ပြောသည်။

မော်မြိုင်မြို့တစ်မြို့ထဲသာမက မုဒုံမြို့နှင့် ၄င်းဒေသတဝိုက်ရှိ လျပ်စစ်မီးရယူထားသည့် ကျေးရွာများတွင်လည်း ၂၀၀၈ ခုနှစ်နှောင်းပိုင်းကတည်းက မီးပုံမှန်မလာတော့ပေ။ မုဒုံမြို့တွင်မူ ၁၀ ရက်မှ တစ်တရက်သာ လာလေ့ရှိပြီး လာလျှင်လည်း တစ်နာရီ နှစ်နာရီခန့်သာ လာလေ့ရှိကြောင်းနှင့် မီးမလာသော်လည်းပဲ မီတာထိန်းသိမ်းခ တစ်လလျှင် ၅၀၀ ကျပ် ပုံမှန်ပေးဆောင်နေရသည်ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။ (မွန်သတင်း)
----------------------------------------------------------------------------------------------

ပြည်တွင်းဆားလုပ်ငန်းနလန်မထူနိုင် ထိုင်းဆားများနေ့စဉ် နယ်စပ်မှတင်သွင်းရ
NEJ / ၁၁ မေ ၂၀၀၉

ပြည်တွင်းဆားထုတ်လုပ်မှုကျဆင်းမှုကြောင့် ထိုင်းနိုင်ငံမှဆားများကို မဲဆောက်-မြ၀တီနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် နေ့စဉ် ဆားတန်ချိန် (၅၀၀) ခန့် တင်သွင်းနေရသည်။

မြန်မာနိုင်ငံ၏ ဆားထွက်ရာဒေသဖြစ်သည့် လပွတ္တာ၊ ဘိုကလေး၊ ငပုတော စသည့် ဒေသများရှိ ဆားကွင်းများမှာ ယမန်နှစ်က တိုက်ခိုက်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ရာ ယနေ့ထိ နာလန်မထူနိုင်သေးဘဲ ယခင်ထုတ်ကုန်၏ (၂၅) ရာခိုင်းနှုန်းသာ ထွက်ရှိသောကြောင့် ပြည်ပမှဆားများ တင်သွင်းရခြင်းဖြစ်သည်ဟု မြန်မာကုန်သည်များက ပြောသည်။

မြန်မာဆားကုန်သည်တဦးက “ကျနော်တို့ ထိုင်းဘက်က တင်သွင်းတဲ့ ကီလို (၅၀) ၀င် ဆားတအိတ်ကို ဘတ် (၁၉၀) ကျတယ်။ မြ၀တီအရောက်ဆိုရင် တအိတ် (၂၀၀) ကျတယ်။ ထိုင်းဆားတွေကို အခုလို အလုံးအရင်းနဲ့ နေ့တိုင်းသွင်းတာ (၃) လ လောက်ရှိသွားပြီ။ ဧရာဝတီတိုင်းက ဆားထွက်များတဲ့ ဒေသတွေမှာ နာဂစ်ကြောင့် ဆားကျင်းတွေပျက်ပြီး ဒီနေ့ထိ နာလန်ပြန်မထူနိုင်သေးဘူး။ ဒါကြောင့် ပြည်တွင်းဝယ်လိုအားကြောင့် ဆားသွင်းရတာဖြစ်တယ်” ဟု ပြောသည်။

နာဂစ်ပြီးချိန်မှစ၍ တနှစ်တာကာလအတွင်း ထိုင်းဆားများ ပုံမှန်တင်သွင်းနေရသော်လည်း ယခု (၃) လ အတွင်း တင်သွင်းသည့်ဆား ပမာဏမှာ ယခင်လများထက် ထက်ဝက်ခန့် များလာသည်ဟု သိရသည်။

မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားအပါအ၀င် တံတား၏တောင်ဘက်ရှိ တရားမ၀င် ဂိတ်များဖြစ်သည့် သုံည ဂိတ်၊ နှစ်ဂိတ်၊ (၉၉၉) ဂိတ်သစ်၊ တစ်ဂိတ်၊ ဆယ့်ခြောက်ဂိတ်၊ ဆယ့်ခုနှစ်ဂိတ်တို့မှ ဆားအိတ်ရေ (၁) သောင်း ခန့်ကို မြန်မာနိုင်ငံဘက်သို့ ထိုင်းဘက်မှ နေ့စဉ် တင်ပို့ရသည်ဟု ဆားတင်သွင်းသည့် ထိုင်းကုန်သည်တဦးက ပြောသည်။

နာဂစ်မတိုင်မီက မြန်မာနိုင်ငံတွင် ဆားတပိဿာ ကျပ် (၃၀၀) ၀န်းကျင်သာရှိခဲ့ရာမှ ယခုလက်ရှိပေါက်ဈေးမှာ ဆားတပိဿာလျှင် ကျပ် (၆၀၀) အနည်းဆုံးရှိသည်ဟု သထုံမြို့မှ အိမ်ရှင်မတဦးက ပြောသည်။

အထူးသဖြင့် လပွတ္တာတွင် လွန်ခဲ့သည့် မတ်လနှင့် ဧပြီလအတွင်း ရွာသွန်းခဲ့သည့် မိုးများကြောင့် ဆားကျင်းများ၊ ထပ်မံပျက်စီးသဖြင့် ဆားထွက်ရှိမှုနှုန်းမှာ ယခုအခါ (၂၅) ရာခိုင်နှုန်းခန့်သာ ရှိတော့သည်ဟု ဆားကုန်သည်များက ပြောသည်။

လပွတ္တာမြို့နယ်သည် အဏ္ဏ၀ါဗေဒမှ သတ်မှတ်ထားသည့် တဧကလျှင် ဆားပိဿာ (၆,၀၀၀) ထွက်ရှိရေး သတ်မှတ်ချက်မှာ ယခုအခါ ပိဿာ (၁,၅၀၀) ခန့်သာ ထွက်ရှိနိုင်တော့မည်ဟု ဆားလုပ်ငန်းရှင်များအဖွဲ့က ခန့်မှန်းသည်။

လပွတ္တာမြို့နယ်သည် ဆားဧကပေါင်း (၂၇,၀၀၀) ကျော်ရှိကာ ဆားလုပ်ငန်းရှင် (၆၀၀) ကျော်ဖြင့် လုပ်ကိုင်လျက် ရှိသော်လည်း ယခုအခါ ဆားထွက်နှုန်းကျဆင်းမှုများကြောင့် အခြားလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်သူများ ရာနှင့်ချီရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံမှ ဆားများ တင်သွင်းမှုကို မြန်မာအာဏာပိုင်များက တရားဝင် ခွင့်ပြုထားသော်လည်း လက်ရှိတင်သွင်း သည့် ဆားများကို ကုန်သည်များက ပိုမိုတွက်ခြေကိုက်ရန်အတွက် နယ်စပ်ကုန်သွယ်ရေး ၀န်ထမ်းများ အာဏာပိုင်များနှင့် နားလည်မှုယူကာ ကုန်ပမာဏ၏ တ၀က်ကို ဂျူတီဆောင်သော်လည်း ကျန်တ၀က်ကို နားလည်မှုဖြင့် မြ၀တီမှ ရန်ကုန်အပါအ၀င် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ကြသည်ဟု မြန်မာကုန်သည်များက ပြောသည်။
----------------------------------------------------------------------------------------------------
နေပြည်တော်မှဈေးပြိုင်အိတ်ပိတ်တင်ဒါ ရိုးသားမှုမရှိ

NEJ / ၁၂ မေ ၂၀၀၉

နိုင်ငံပိုင်မြေနှင့် အဆောက်အဦ (၉၈) ခုကို ပုဂ္ဂလိကများထံ ရောင်းချရန် နအဖစစ်အစိုးရက ဈေးပြိုင်ချိပ်ပိတ်တင်ဒါ ခေါ်ယူခဲ့ရာ ပွင့်လင်းရိုးသားမှုမရှိကြောင်း တင်ဒါတင်သွင်းခဲ့သူ ကုန်သည်ကြီးတဦးက ပြောသည်။

နအဖစစ်အစိုးရ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ဝန်ကြီးဌာန (၉) ခု၊ တရားရုံးချုပ် (မန္တလေး) နှင့် စာရင်းစစ်ချုပ်ရုံးပိုင် စီးပွားရေးလုပ်ငန်း (၉၈) ခုကို ချိပ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း ဧပြီ (၄) ရက်ထုတ် နိုင်ငံပိုင်သတင်းစာများမှ ကြေညာခဲ့သည်။

အဆိုပါ စီးပွားရေးလုပ်ငန်းများမှာ ရန်ကုန်၊ မန္တလေး အပါအဝင် အခြားမြို့နယ်များမှ မြေကွက်များ၊ ဆန်စက်များ၊ သိုလှောင်ရုံများ၊ တိုက်ခန်းတွဲများ၊ ရုပ်ရှင်ရုံများ၊ စက်ရုံများ စသည်တို့ပါဝင်ပြီး ကျပ်သိန်း ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ တန်ဖိုးရှိသည့် အဆောက်အဦ မြေကွက်များ ဖြစ်သည်။

ထိုသို့ ဖော်ပြပါ အဆောက်အဦ မြေကွက်များကို ယခုလ (၇) ရက်၌ နေပြည်တော်တွင် နအဖ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ရုံးက ဈေးပြိုင်ချိပ်ပိတ်တင်ဒါ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ မြေညီထပ် တိုက်ခန်းတခန်းကို ချိပ်ပိတ်တင်ဒါ သွားရောက်တင်သွင်းခဲ့သူ ကုန်သည်ကြီးတဦးက “အားလုံး တင်ဒါတွေကို တင်ရုံပဲ တင်ထားခဲ့ရတယ်။ ဘယ်တော့ ဖွင့်ဖောက်ပြီး ဘယ်သူတွေက စစ်ဆေးမလဲ မသိရဘူး။ ကိုယ့်တင်ဒါအောင်ရင်တော့ အကြောင်းကြားမယ်တဲ့။ ဒါပေမယ့် တင်ဒါမအောင်ရင် ဘယ်သူအောင်ပြီး ဝယ်ခွင့်ရသွားသလဲဆိုတာ ကိုယ်လည်း မသိနိုင်ဘူး။ နောက် ကိုယ်တင်ထားတဲ့ တင်ဒါကြေး တခုအတွက် ကျပ် သိန်း (၁ဝဝ) ကို ဘယ်အချိန် ပြန်ထုတ်ပေးမလဲ ဆိုတာလည်း မသိနိုင်ဘူး။ ဒီတော့ ပြောရရင် ပွင့်လင်းမှု မရှိဘူး။ ရိုးသားမှုလည်း မရှိဘူး” ဟု ပြောသည်။

အမြို့မြို့ အနယ်နယ်မှ ချိပ်ပိတ်တင်ဒါ တင်လိုသူများသည် အမျိုးအစားတခုကို ကျပ် သိန်း (၁ဝဝ) စဘော်ငွေဖြင့် မေ (၇) ရက်၌ နေပြည်တော် ရုံးအမှတ် (၃၂) ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ရုံးသို့ သွားရောက်ကာ ချိပ်ပိတ်လေလံ တင်ရခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် နိုင်ငံပိုင်လုပ်ငန်းများ ပုဂ္ဂလိကလက်သို့ ရောင်းချသည့် ချိပ်ပိတ်တင်ဒါစနစ်တွင် တင်သွင်းပြီး တင်ဒါများကို အများရှေ့မှောက်၌ ဖွင့်ဖောက် စစ်ဆေး ကြေညာပြီး ကြမ်းခင်းဈေးနှုန်းမီသည့် ဈေးအများဆုံး ပေးသူကို ရောင်းချပေးရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အခွန်ဦးစီးဌာနရုံးမှ အရာရှိကြီးတဦးက ပြောသည်။

“ဒါပေမယ့် အစိုးရ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ဟာ စည်းမျဉ်းစည်းကမ်းအတိုင်း အခုလို မလုပ်ခဲ့ဘူး။ စစ်အာဏာပိုင်အဖွဲ့ ဆွေမျိုးသားချင်းတွေ၊ အာဏာပိုင်အဖွဲ့နဲ့ နီးစပ်သူတွေကိုသာ စိတ်ကြိုက် လက်သိပ်ထိုး ရောင်းချခဲ့ကြတယ်။ ချိပ်ပိတ်တင်ဒါစနစ် ပွင့်လင်းမှု မရှိတော့တာပေါ့” ဟု ၎င်းက ရှင်းပြသည်။

ယခင်ပြုလုပ်ခဲ့သည့် ချိပ်ပိတ်တင်ဒါပွဲများတွင်လည်း မြရိပ်ညိုဟိုတယ် ပါဝင်ခဲ့ပြီး ယင်းဟိုတယ်ကို မည်သူများက ဈေးမည်မျှစီ ပေးပြီး မည်သူက မည်သည့် ဈေးနှုန်းဖြင့် ဝယ်ယူရရှိသွားသည်ကို မည်သူမျှ မသိရကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ အိတ်ပိတ်တင်ဒါစနစ် ပွင့်လင်းရိုးသားမှု မရှိဟု ပြောနိုင်ကြောင်း အခွန်ဦးစီး ဌာနရုံးမှ အရာရှိကြီးက ဆက်လက်ရှင်းပြသည်။

နအဖပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတခုတွင်မူ နေပြည်တော်တည်ဆောက်ရေးနှင့် ပတ်သက်၍ မည်သည့်ငွေများဖြင့် တည်ဆောက်နေပါသလဲ ဆိုသည့် သတင်းစာဆရာတဦး၏အမေးကို ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ရန်ကုန်တွင် ကျန်ရစ်ခဲ့သည့် ဝန်ကြီးဌာနပိုင် အဆောက်အဦနှင့် မြေကွက်များ ရောင်းချရာက ရသည့်ငွေများဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ဖူးသည်။

ယခုတကြိမ် စီးပွားရေးလုပ်ငန်း အိတ်ပိတ်လေလံတင်ရာတွင် စဘော်ငွေချည်း သက်သက် ကျပ်သိန်းပေါင်း (၃-၄) သောင်း ရှိနိုင်ပြီး ရောင်းချ၍ရနိုင်မည့် ငွေကြေးတန်ဖိုးမှာ ကျပ်ငွေ ဘီလီယံ (၃ဝ မှ ၄ဝ) အကြား ရှိနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ခန့်မှန်းကြသည်။
---------------------------------------------------------------------------------------
နှစ် ၁၅၀ ပြည့် မန္တလေးကို ခမ်းခမ်းနားနား ကျင်းပမည်

Tuesday, 12 May 2009 19:28 အေးလဲ့

မန္တလေးမြို့ နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ပွဲတော်ကြီး ကျင်းပရန် မန္တလေးမြို့သူ မြို့သားများက အသင့်ဖြစ်နေကြသည်။ ပွဲတော်ကို ကြာသပတေးနေ့မှ စနေနေ့အထိ ပြုလုပ်မည် ဟု သိရသည်။

“မန္တလေး - ရတနာပုံ မြို့တည် နန်းတည် နှစ် ၁၅၀ပြည့် အခမ်းအနား” ဖွင့်ပွဲ ပြုလုပ်သည့်အခါ မြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံး ရှေ့ရှိ မဟာမင်္ဂလာမဏ္ဍပ်မှ စတင်ပြီး နန်းဝတ်၊ နန်းစားတို့ဖြင့် ဝင်းခင်းကာ မန္တလေး မြို့ တည်ခဲ့ပုံကို သရုပ်ဖော်သွားမည်ဟု သိရသည်။

မန္တလေးမြို့တော်ကြီးကို မြန်မာဘုရင် မင်းတုန်းမင်းက ၁၂၂၁ ခုနှစ် ကဆုန်လပြည့်ကျော် ၆ ရက် (၁၈၅၉၊ မေလ) တွင် တည်ခဲ့ခြင်း ဖြစ်သည်။ မင်းနေပြည်တော်ကို အမရပူရမှ မန္တလေးမြို့သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပြီး ထိုအချိန့်က မန္တလေးကို ရတနာပုံ နေပြည်တော်ဟု ခေါ်ဝေါ်ခဲ့သည်။

မန္တလေးကို တည်ထောင်ခဲ့သူ မင်းတုန်းမင်း၏ ပုံတူ ကြေးရုပ်ကို သွန်းထုထားပြီး ရုပ်တု ဖွင့်ပွဲ နှင့် မော်ကွန်း ကဗ္ပည်း ကျောက်စာတော် ဖွင့်ပွဲ အခမ်းအနားကို ကြာသပတေးနေ့တွင် ကုသိုလ်တော် ဘုရား အနီး ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။

ကျောင်းသူ၊ ကျောင်းသားများ ပါဝင်သည့် ဖွင့်ပွဲ အခမ်းအနား အစမ်း လေ့ကျင့်ပွဲကို ယနေ့ ပြုလုပ်ခဲ့ကြောင်းလည်း မြို့ခံများက ပြောသည်။

မြန်မာ့ ယဉ်ကျေးမှု၊ ဂီတ၊ အနုပညာ ပြပွဲများ အဖြစ် ရွှေမန်းတောင် အားကစားကွင်းတွင် စင်တင် တေးဂီတ၊ မြန်မာ့ ရိုးရာ သိုင်းပညာ၊ ခြင်းလုံး စသည့် အလှပြပွဲ နှင့် ပြိုင်ပွဲများ၊ ဗထူး အားကစားကွင်းတွင် ရိုးရာ လက်ဝှေ့ပြိုင်ပွဲ၊ အမျိုးသား ကဇာတ်ရုံတွင် ရိုးရာ ဝတ်စား ဆင်ယင်မှု ပြိုင်ပွဲ၊ ဗလမောင်ပြိုင်ပွဲတို့ ပြုလုပ်ကြမည် ဖြစ်သည်။

မြို့တော်ခန်းမတွင် ရွှေချည်ထိုး၊ ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံ စသည့် ပြပွဲများ၊ မန္တလေး တောင်ခြေတွင်လည်း ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ ရုပ်သေး၊ ကြည့်ချင်ပွဲ စသည့် ဖျော်ဖြေပွဲများ ကျင်းပသွားမည် ဖြစ်သည်။

ရတနာပူရ ခန်းမတွင် “မန္တလေး စာပေပညာရှင်များ၏ မန္တလေးရပ်ဝန်း စာပေဖြစ်တည်မူ သင်္ကေတ အထောက်အထားများ ပြပွဲ နှင့် စာအုပ် ရောင်းချပွဲ” ကျင်းပမည်ဟု သိရသည်။

“ ဒီပွဲမှာ မန်းရာပြည့်က လှုပ်ရှားခဲ့တဲ့ ပစ္စည်းတွေ၊ ပို့စ်ကတ်တွေ ပြမယ်။ မန္တလေးက အမျိုးသား စာပေဆုရ စာအုပ်တွေ တင်မယ်။ ရှားပါးတဲ့ ပုရပိုဒ် တွေ ပြမယ်။ ကွယ်လွန်ပြီးဖြစ်တဲ့ မန္တလေးက ထင်ရှားတဲ့ စာရေးဆရာတွေရဲ့ အကြောင်းတွေ၊ မန္တလေး အကြောင်းရေးတဲ့ ရှေးက စာအုပ်၊ လက်ရှိ စာအုပ်တွေ၊ မြို့မစိန်ရတု၊ ရွှေရတု စတဲ့ မဂ္ဂဇင်း စာအုပ်တွေကိုလည်း လက်လှမ်း မီသလောက် ရှာဖွေ ပြသနိုင်ဖို့ ပြင်ဆင်နေပါတယ်” ဟု ထွန်းဦးစာပေတိုက်မှ ဦးထွန်းဦးက ပြောသည်။

မေလ ၁ ရက်မှ စတင်ပြီး အကြို ပွဲတော်အဖြစ် “မန္တလေး အနု ပညာ ပုံရိပ် ပွဲတော်” ကို မန္တလေးရှိ စာပေ၊ သဘင်၊ ဂီတ၊ အနုပညာရှင်များ ပူပေါင်းကာ အမျိုးသား ကဇာတ်ရုံ တွင် ၃ ရက်တိုင် ကျင်းပခဲ့သည်။

တနင်္ဂနွေနေ့ကလည်း မန္တလေးမြို့ဂုဏ်ဆောင် မြို့မ တေးဂီတ အဖွဲ့က “ရွှေမန္တလေးည” အမည်ရှိ တေးဂီတ ဖျော်ဖြေပွဲကြီးကို မန္တလေးရှိ အမျိုးသားဇာတ်ရုံတွင် တင်ဆက်ခဲ့သည်။ ထိုတင်ဆက်မှုတွင် နိုင်ငံကျော် မြန်မာသံ အဆိုတော်ကြီးများ ပါဝင်ခဲ့သည်။(ဧရာဝတီ)
---------------------------------------------------------------------------------------------------
မြန်မာ့ ကျေးလက်စီးပွားရေး ပျက်စီးပြိုလဲလုနီးဟု စီးပွားရေး ပညာရှင်ပြော

မုံပီး
အင်္ဂါနေ့၊ မေလ 12 2009 17:38 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာစစ်အစိုးရက ကျေးလက်ချေးငွေစနစ် အတွင်းသို့ ငွေများ ထည့်သွင်းပေးခြင်း မပြုလျှင် တိုင်းပြည်၏ ကျေးလက် စီးပွားရေးမှာ ပျက်စီးပြိုလဲဘွယ် ရှိနေသည်ဟု စီးပွားရေး ပညာရှင်တဦးက မဇ္ဈိမကို ပြောပါသည်။

ကျေးလက် ဒေသရှိ လယ်သမားများသည် ‘ရေရှည် ငွေသားချေးငွေ ချို့တဲ့မှု’ ကို ရင်ဆိုင်နေကြရခြင်းကြောင့် ဖြစ်သည်ဟု သူကဆို သည်။ မြန်မာ့ကျေးလက် စီးပွားရေးကို မြှင့်တင်ရန် ကောင်းမွန်သင့်တော်သည့် စီးပွားရေး မူဝါဒ ကင်းမဲ့ခြင်းကြောင့် ကျေးလက် ချေးငွေ စနစ်မှာ ‘လုံးလုံး ခန်းခြောက်သွားခဲ့ပြီး’ ငွေသား အကူအညီ လိုအပ်နေသည်ဟု သြစတြေလျနိုင်ငံ Macquarie တက္ကသိုလ် စီးပွားရေး ပါမောက္ခ ရှောင်တန်းနဲလ် (Sean Turnell) က ပြောသည်။

“ရေရှည် ငွေသားချေးငွေ ချို့တဲ့မှု ရှိနေတယ်ဆိုတဲ့ သတင်း အစီရင်ခံချက်တွေ တခုပြီးတခု ကျနော် ရနေပါတယ်” ဟု မစ္စတာ တန်းနဲလ် က ပြောသည်။ အာဏာရ စစ်အစိုးရသည် သဘာဝဓါတ်ငွေ့ ရောင်းချရငွေမှ နိုင်ငံခြား အရံငွေကြေး အမြောက်အမြား ရရှိနေသော်လည်း ကျေးလက် စီးပွားရေးမှာ ဒုက္ခနှင့် ကြုံနေရဆဲ ရှိသည်ဟု သူက ဆက်လက် ပြောဆိုပါသည်။

သဘာဝဓါတ်ငွေ့ ရောင်းချရငွေမှ ၂ဝဝ၇-ဝ၈ ဘဏ္ဍာရေးနှစ်အတွင်း စစ်အစိုးရသည် ခန့်မှန်းခြေ နိုင်ငံခြား အရံငွေ အမေရိကန်ဒေါ်လာ ၅ ဘီလျံ ရရှိခဲ့သည် ဟု တန်းနဲလ်က ပြောသည်။ သို့သော် ဤငွေကြေးကို ချေးငွေစနစ် ‘လုံးလုံး ခန်းခြောက်သွားခြင်း’ ကြောင့် ပြိုလဲပျက်စီးလုနီး ဖြစ်နေသည့် ကျေးလက် စီးပွားရေးစနစ် ဖွံ့ဖြိုး တိုးတက်မှုအတွက် သုံးစွဲခြင်း မပြုခဲ့ပါ။

Comments