ဂြိုလ်တုစလောင်းများ ပုံမှန်ပြန်ဖြစ်နေ

NEJ / ၈ မေ ၂၀၀၉

နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်မြို့တိုက်ခေါင်မိုးများပေါ်ရှိ ကြပ်ညှပ်နေသည့် ဂြိုဟ်တုစလောင်းများ အားလုံးနီးပါး ပျက်စီးခဲ့ရာမှ ယခုအခါ နဂိုရှိပြီးသားအရေအတွက်၏ (၈၀) ရာခိုင်နှုန်းခန့် ပြန်လည်တပ်ဆင်ပြီးနေကြောင်း မြို့ခံများက ပြောသည်။

ဂြိုဟ်တုစလောင်းရောင်းချမှုကို တရားမ၀င်ကြောင်း နအဖစစ်အစိုးရက တားမြစ်ထားသော်လည်း ရန်ကုန်ဈေးကွက် အတွင်း ပုံမှန်ရောင်းချမှုများရှိနေပြီး စလောင်းများ ပုံမှန်တပ်ဆင်သူများလည်း ရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့တွင် အဓိကတပ်ဆင်ကြသည့် ဂြိုဟ်တုစလောင်းမှာ (၈) ပေစလောင်းခေါ် ဒီဂျစ်တယ်စလောင်းများ ဖြစ်ကြောင်း၊ ထိုစလောင်းဖြင့် ကမ္ဘာတ၀န်းအစိုးရနှင့် ပုဂ္ဂလိကရုပ်သံထုတ်လွှင့်ရေးဌာနများက ထုတ်လွှင့်သည့် ချယ်နယ်ပေါင်း (၂၀၀) ကျော်ကို ကြည့်ရှုနိုင်သည်ဟု ဂြိုဟ်တုစလောင်း လိုက်လံတပ်ဆင်ပြုပြင်သူ တဦးက ပြောသည်။

၎င်းက “ချယ်နယ်တွေများပေမယ့် အဓိကကြည့်ကြတာကတော့ မြန်မာဘာသာနဲ့ထုတ်လွှင့်တဲ့ ဒီဗွီဘီ၊ ဗွီအိုအေ ရုပ်မြင်သံကြားအစီအစဉ်တွေ၊ နောက် အာအက်ဖ်အေ၊ ဘီဘီစီ စတဲ့ ရေဒီယိုအစီအစဉ်တွေနဲ့ ဥရောပဘောလုံး ပွဲစဉ်တွေ ပြလေ့ရှိတဲ့ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်ရုပ်သံလိုင်း၊ အိန္ဒိယ ဖျော်ဖြေရေးရုပ်သံလိုင်း၊ အယ်လ်ဂျာဇီယာ သတင်းဌာနဲ့ စင်ကာပူအခြေစိုက် ချယ်နယ်နယူးအေးရှား စတာတွေပဲ” ဟု ပြောသည်။

နှစ်ပေစလောင်းဟု ခေါ်သော ထိုင်းနိုင်ငံမှ ယူဘီစီစလောင်းများမှာ ကြည့်ရှုခကတ်ဈေးကြီးသောကြောင့် တပ်ဆင်ကြည့်ရှုသူ အလွန်နည်းသွားပြီး ဘောလုံးပွဲဝါသနာပါသူများကမူ စစ်အစိုးရက ခွင့်ပြုထားသည့် ဖင်မလီအင်တာတိန်းမင့်ကုမ္ပဏီမှ အခပေးစနစ်ဖြင့် ရောင်းချထုတ်လွှင့်ပေးသော ရုပ်သံလိုင်းများကို ပိုမိုကြည့်ရှုလာ ကြောင်း သိရသည်။

နအဖစစ်အစိုးရက ယခင်က နှစ်စဉ်ကြေးယူပြီး ဂြိုဟ်တုစလောင်းများကို မှတ်ပုံတင်ပေးခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ဆန်းပိုင်းကစပြီး မှတ်ပုံတင်ခွင့်ပိတ်ပင်ခဲ့သည်။

သို့သော် ဂြိုဟ်တုစလောင်းဖမ်းစက်နှင့်ပတ်သက်သည့် ပစ္စည်းများအား မည်သည့်အခါကမှ တရားဝင် တင်သွင်းခွင့်မပြုခဲ့ပေ။ တရုတ်နှင့်ထိုင်းနယ်စပ်မှ မှောင်ခိုတင်သွင်းရောင်းဝယ်နေကြခြင်းဖြစ်သည်။
-------------------------------------------------------------------------------------------------
မန္တလေး လေနီကြမ်းကြောင့် လူ ၃ ဦးခန့် ဒဏ်ရာရ

Thursday, 07 May 2009 17:08 ကြည်ဝေ

လေနီကြမ်း ဒဏ်ကြောင့် မန္တလေးမြို့လယ်ရှိ ကြော်ငြာ ဆိုင်းဘုတ်တခု ပြိုလဲနေစဉ် (ဓာတ်ပုံ - မောင်လှ)

မန္တလေးမြို့တွင် အင်အားပြင်းထန်သည့် လေနီကြမ်း မုန်တိုင်းငယ်တခု ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်က တိုက်ခတ် ခဲ့သောကြောင့် အဆောက် အအုံများ ပြိုကျပျက်စီးကာ အနည်းဆုံး လူ ၃ ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကြားသိရသည်။

“တောင်ပြုံးသွားတဲ့ လမ်းတလျှောက်က ရွာလေးတွေမှာတော့ အိမ်တိုင်တွေပါ ကျွတ်ထွက်ကုန်ကြတာ၊ အိမ်အမိုးလန်တာတော့ အိမ်တိုင်းနီးပါးပဲ၊ ကလေး ၁ ယောက်နဲ့ အမျိုးသမီး တယောက်တော့ အိမ်တိုင်ပိလို့ ဆေးရုံတင်လိုက်ရတယ်လို့ ကြားတယ်။ လူသေဆုံးတာတော့ မကြားဘူး” ဟု မြို့သစ် ကွက်သစ်တွင် နေထိုင်သူတဦးက ပြောဆိုသည်။

ထို့ပြင် ပြည်ကျော်ဈေးအနောက်တွင် နေထိုင်သူတဦးကလည်း ၎င်းတို့ရပ်ကွက်အတွင်း စလောင်း တပ်ဆင် ထားသော အိမ်များမှ စလောင်များ လွင့်ကျ ပျက်စီးကုန်သည်ကို တွေ့မြင်ရကြောင်း၊ တချို့အိမ်များမှာ ပြူတင်းပေါက်ဘောင်များ ပြုတ်ကျခြင်း၊ အိမ်အမိုးလန်ခြင်း စသည့် ပျက်စီးမှုများသာရှိပြီး သစ်ကိုင်းများ အိမ်တအိမ်ပေါ်ပိကျသောကြောင့် အဆိုပါ အိမ်အတွင်းမှ လူငယ်တဦး ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရကြောင်း၊ လမ်းတချို့မှာမူ သစ်ပင်များ၊ ဓာတ်တိုင်များ ပြိုလဲခြင်းကြောင့် ယာယီလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း ပြောပြသည်။

လေပြင်းတိုက်ခတ်သွားသည့် မိနစ် ၃၀ ကျော်အချိန်အတွင်း ရွာသွန်းခဲ့သော မိုးရေချိန်မှာ ၀. ၉၄ လက်မ ရှိပြီး အဆိုပါ မုန်တိုင်းမှာ ဆိုက်ဆင်းလေနီကြမ်းဖြစ်၍ တိုက်ခတ်နေချိန်တွင် ၁ နာရီ ၁၀ မိုင်မှ မိုင် ၁၀၀ နှုန်း ၀န်းကျင်အထိ တိုက်ခတ်လေ့ရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနမှ ၀န်ထမ်းတဦးကဆိုသည်။

အဆိုပါ မုန်တိုင်းကြောင့် နေအိမ်ခေါင်မိုးပေါ်ရှိ စလောင်းများ လွင့်ကျပျက်စီးခြင်း၊ အိမ် အမိုးလန်ခြင်း၊ အိမ်ပြိုပျက်ခြင်း၊ သစ်ကိုင်းများ ကျိုးကျခြင်း၊ သစ်ပင်ပြိုလဲခြင်း၊ အုတ်တံတိုင်းပြိုခြင်း၊ ပေ ၂၀x ပေ ၅၀ ရှိ ကြော်ငြာဘုတ်များ ပြိုလဲခြင်း၊ မီးကြိုးများပြတ်တောက်ခြင်းနှင့် ဖုန်းကြိုးတချို့ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

“မြို့ရဲ့ အနောက်မြောက်ထောင့်ကနေ လေစတိုက်တာ။ စတိုက်ပြီး မကြာခင်မိုးတွေရွာလာတာပဲ။ လေတိုက် တာကလည်း တဖြည်းဖြည်းနဲ့ ပြင်းလာပြီး ပြန်ကျသွားတယ်။ စုစုပေါင်း နာရီဝက်လောက်ပဲ ကြာတယ်။ အဲဒီ နာရီဝက်အတွင်းမှာ ကျနော့်အိမ် အမိုးလန်သွားတယ်။ ၃၅ လမ်းပေါ်က ကြော်ငြာဘုတ်တွေ ပျက်စီးကုန်တယ်၊ သစ်ပင်ကြီးတွေ လဲကုန်တယ်” ဟု မန္တလေး အခြေစိုက် သတင်းထောက်တဦးက ပြောပြသည်။

လေပြင်းမုန်တိုင်း တိုက်ခတ်နေစဉ် လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ပြီး နောက်တနေ့ နံနက် ၇ နာရီထိ မီးလုံးဝ မလာဘဲ ဓာတ်တိုင်များလည်း လဲပြိုနေသည်ကိုတွေ့ရကြောင်း၊ သို့သော်လည်း ဖုန်းလိုင်းတချို့မှာ ပြတ်တောက် ခြင်း မရှိကြောင်း သူက ပြောဆိုသည်။

ဈေးချိုအနီးတွင်နေထိုင်သူ တဦးကလည်း ဈေးချိုပလာဇာတွင် တပ်ဆင်ထားသော မှန်ကြီးများ အားလုံး ကွဲ ကျသွားခဲ့ပြီး ဆိုင်အခန်းတချို့၏ အမိုးများလည်း လန်ထွက်ပျက်စီးကုန်သည်ဟု ဆိုသည်။

မန္တလေး မြို့လယ်ရပ်ကွက်များတွင် အထပ်မြင့်အဆောက်အအုံ များပြားခြင်း၊ သစ်ပင်ကြီး နည်းပါးခြင်းတို့ကြောင့် ထိခိုက်ပျက်စီးမှုနှုန်း နည်းပါးခဲ့သော်လည်း မြို့သစ်ရပ်ကွက်များတွင်မူ ထိခိုက်ပျက်စီးမှုများကြောင်း မြို့ခံတဦးက ပြောသည်။

ယခုအခါ မန္တလေးမြို့အတွင်း အပြိုအပျက်များကို ရှင်းလင်းလျက်ရှိပြီး အလုပ်သမား ငှားရမ်းခ ဈေးနှုန်း အနေနှင့် တဦးလျှင် ကျပ် ၁၅၀၀ မှ ကျပ် ၅ ထောင်ဈေးအထိ တက်သွားကြောင်း သိရသည်။

“ကျမဆိုင်ပေါ် ပိနေတဲ့ အပင်ကို ဖယ်ခိုင်းဖို့ အလုပ်သမားငှားတာ အလုပ်သမားဈေးက ချက်ခြင်းကို တက်သွား တာပဲ။ တယောက် ၅ ထောင်တဲ့။ မတတ်နိုင်ဘူး .. ၃ ယောက်ငှားလိုက်ရတယ်။ သွပ်ဈေး သံဈေးတွေလည်း တက်နေတယ်လို့ ကြားတယ်” ဟု ဈေးကလေးမှ ဈေးသည် အမျိုးသမီး တဦးကပြောပြသည်။

အဆိုပါ မုန်တိုင်းငယ်တိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ဦးရေကို ယခုအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိပေ။(ဧရာဝတီ)
----------------------------------------------------------------------------------------
အာဆီယံ တုပ်ကွေး ဆွေးနွေးပွဲ မြန်မာပျက်ကွက်

Thursday, 07 May 2009
အာဆီယံ ဆွေးနွေးပွဲတွင် သတင်းထောက်များကို မျက်နှာဖုံးအသုံးပြုနည်း ပြသနေသော ထိုင်းနိုငိငံ ရောဂါထိန်းချုပ်ရေးဌာန ဝန်ထမ်းတဦး (ဓာတ်ပုံ - AP)


အာဆီယံ အသင်း ကျန်းမာရေး ဝန်ကြီးများ အထူး အစည်း အဝေးကို ဘန်ကောက်မြို့တွင် ယနေ့ စတင် ပြုလုပ်ရာ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီး တက်ရောက်ခြင်း မရှိကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

ပြီးခဲ့သည့်လက အစပြုပြီး ကမ္ဘာတဝန်းသို့ ပျံ့နှံ့နေသော A/H1N1 တုပ်ကွေးရောဂါကို ကာကွယ် ဖြေရှင်းနိုင်မည့် အစီအမံများ ဖော်ထုတ်ရန် ရည်ရွယ်သည့် အဆိုပါ အစည်းအဝေးကို ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့် တက်ရောက်နိုင်ခြင်း မရှိသည့် အကြောင်းရင်း နှင့် ပတ်သက်ပြီး မသိရသေးဟု ဆိုသည်။

၂ ရက် ကြာမည့် အဆိုပါ ဝန်ကြီးများ အစည်းအဝေးတွင် မြန်မာဝန်ကြီးတဦးသာ တက်ရောက်ရန် ပျက်ကွက်ခြင်း ဖြစ်သည်ဟု ဘန်ကောက်ပို့စ်တွင် ရေးထားသည်။ အစည်းဝေးသို့ အာဆီယံ နိုင်ငံများအပြင် ဒေသတွင်းမှ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဘန်ကောက်ရှိ မြန်မာ သံအမတ် ဦးအောင်သိန်းက အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားစာကို လက်ခံခဲ့ကြောင်း ထိုင်းနိုင်ငံ လူထု ကျန်းမာရေး ဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဒေါက်တာ ဆီရီပွန် ကန်ချနာ၏ ပြောကြားချက်ကို ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။

ဒေါက်တာ ဆီရီပွန်က ဒေသတွင်း နိုင်ငံများ အနေဖြင့် တုပ်ကွေးရောဂါသစ် တားဆီး ကာကွယ်ရေး အတွက် ဆောင်ရွက်ရန် လိုအပ်သည်ဟု ပြောသည်။

“အာဆီယံ နိုင်ငံတွေထဲမှာ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းတွေ အရေးတကြီး အရှိန်မြှင့် လုပ်ဆောင်ဖို့အတွက် တုပ်ကွေး ရောဂါသစ်နဲ့ ပတ်သက်ပြီး စူးစမ်း အဖြေရှာကြရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ ဆီရီပွန်က ပြောသည်။

ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ကျန်းမာရေး ဝန်ကြီး ဌာန ဝန်ကြီး ဒေါက်တာကျော်မြင့်သည် မေ လ ၁ ရက်နေ့မှ စတင်ပြီး မန္တလေးတိုင်း အတွင်း ဆေးရုံများ၊ ကျန်းမာရေး ဌာနများကို နေ့စဉ် သွားရောက် စစ်ဆေးနေကြောင်း ဖော်ပြထားသည်။

မက္ကဆီကို နိုင်ငံမှ အစပြုခဲ့သော A/H1N1 တုပ်ကွေး ရောဂါကြောင့် မက္ကဆီကိုတွင် ၄၂ ဦး၊ အမေရိကန် ပြည်ထောင်စုတွင် ၂ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

ယခုအခါ နိုင်ငံ စုစုပေါင်း ၂၃ နိုင်ငံတွင် အဆိုပါ တုပ်ကွေး ကူးစက် ပျံ့နှံ့နေပြီ ဖြစ်သည်။ နိုင်ငံတကာတွင် ရောဂါပိုး ကူးစက် ခံရသူပေါင်း ၂၀၉၉ ဦး ရှိနေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ၏ ယနေ့ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ယနေ့ထုတ် မြန်မာ နိုင်ငံ သတင်းစာများတွင် A/H1N1 တုပ်ကွေးရောဂါ မြန်မာ နိုင်ငံသို့ ကူးစက်မှု မရှိစေရန် ကျန်းမာရေး ဌာနက ကြိုတင် ကာကွယ်မှု လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ရေးသားထားသည်။ လေဆိပ်၊ သင်္ဘောဆိပ်၊ နယ်စပ်ဂိတ်များမှ ၀င်ရောက်လာသည့် ခရီးသည်များကို ကျန်းမာရေး စစ်ဆေးနေသည်ဟု ဆိုသည်။

“မြန်မာ နိုင်ငံသို့ အဆိုပါရောဂါ ကူးစက် ဖြစ်ပွားမှု လုံးဝ မရှိသေးကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ထားသည်” ဟု သတင်းစာများတွင် ရေးသားထားသည်။(ဧရာဝတီ)
------------------------------------------------------------------------------------
သုခကုသိုလ်ဖြစ်ဆေးခန်းကို ရွှေ့ပြောင်းခိုင်း

မင်းနိုင်သူ / ၈ မေ ၂၀၀၉

ရန်ကုန်စည်ပင်သာယာရေးကော်မတီ၏ ဖိအားပေးမှုကြောင့် နာရေးကူညီမှုအသင်းက လုပ်ကိုင်နေသည့် သုခကုသိုလ်ဖြစ်ဆေးခန်းကို သင်္ဃန်းကျွန်းမြို့နယ်မှ မြောက်ဒဂုံမြို့နယ်သို့ ရွှေ့ပြောင်းပေးရတော့မည်ဖြစ်သည်။

“မြောက်ဒဂုံမှာ အဆောက်အဦတွေ ဆောက်နေပါပြီ။ ပြီးတော့မပြီးသေးဘူးပေါ့။ ဒါပေမယ့် ရန်ကုန်စည်ပင်က
(၃၁-၇-၂၀၀၉) ရက်မှာ အပြီးရွှေ့ပေးရမယ်ဆိုတော့ ဆေးခန်းကို အဓိကထားဆောက်နေရတာပေါ့။ အသင်းရထားတဲ့ မြေကွက်ကလည်း နဂိုက ပလတ်စတစ် အမှိုက်ပုံကြီးဆိုတော့ (၇) ပေလောက်တူးလည်း မြေသားကို မတွေ့ရသေးဘူး။ အဲလိုအခက်အခဲတွေ ဖြစ်နေတာပေါ့” ဟု နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

သုခဆေးခန်းတွင် မျက်စိ၊ အရိုးအကြော၊ သားဖွားမီးယပ်၊ အရေပြား၊ ကလေးအထူးကု စသည့် ဌာနခွဲများရှိရာ နေ့စဉ်လူနာ (၁၀၀) ကျော် လာရောက် ဆေးကုသခံလေ့ရှိသည်။

“လက်ရှိကုသဆဲလူနာတွေလည်း ဟိုဘက်ကိုပြောင်းသွားပြီဆိုရင် လိုက်ကြရတာ အခက်အခဲတော့ ရှိမှာပေါ့လေ။ ဒါပေမယ့်လည်း လိုက်ကြလိမ့်မယ်ထင်တယ်လေ။ ကျနော်တို့ဆီမှာ နယ်ကနေလာပြီး ဆေးကုသခံတဲ့ လူနာတွေ တောင် ရှိနေတော့ ဟိုဘက်ရောက်သွားလည်း လူနာအရေအတွက်က ကျဆင်းသွားမယ်လို့ မထင်ဘူး။ နောက် မြောက်ဒဂုံဘက်မှာက ဆင်းရဲချို့တဲ့သူတွေများတော့ သူတို့အတွက် ပိုပြီးအကျိုးရှိမယ်လို့ ကျနော်မြင်တယ်” ဟု ဦးကျော်သူက ပြောသည်။

ပြည်တွင်း စီးပွားရေးကျဆင်းမှုများကြောင့် အလှူငွေရရှိမှု ကျဆင်းနေချိန်တွင် မြောက်ဒဂုံသို့ အသင်းရုံး ပြောင်းရွှေ့လိုက်ရသည့်အတွက် အလှူငွေရရှိမှု ပိုကျနိုင်သည်ဟု ၎င်းက သုံးသပ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း နာရေးကူညီမှုအသင်းပိုင် နိဗ္ဗာန်ယာဉ်များကို ရေဝေးသုသာန်သို့ ရွှေ့ပြောင်းရန် ရန်ကုန်စည်ပင်က ဖိအားပေးခဲ့သည်။

“ကားထားဖို့ ဂိုဒေါင်တော့ ဆောက်ပြီးသွားပြီ။ ကား (၁၅) စီးစာ ဆန့်အောင်တော့ ဆောက်လိုက်ရတာပေါ့။ ကျနော်တို့လိုချင်တဲ့ မြေကွက်အတိုင်းအတာအတိုင်း ပေးတာမဟုတ်ဘူး။ သူတို့ချပေးတဲ့ အတိုင်းအတာအတိုင်း ကျနော်တို့က ဆောက်ရတာ။ ကားတွေအားလုံးလည်း မနက်ဖြန်ရွှေ့ရမယ်” ဟု ဦးကျော်သူက ရှင်းပြသည်။

နာရေးကူညီမှုအသင်းမှ တရက်လျှင် နာရေးကိစ္စပေါင်း (၄၀) နှင့် (၅၀) အကြား လက်ခံဆောင်ရွက်ပေးနေသည်။

နာရေးကူညီမှုအသင်းကို ကွယ်လွန်သူ ဒါရိုက်တာကြီး ဦးသုခ၏ ဦးဆောင်မှုဖြင့် ၂၀၀၁ ခု ဇန်န၀ါရီလအတွင်း ထူထောင်ခဲ့သည်။

အသင်းသား (၂၀၀) ကျော်ရှိကာ အားလုံး စေတနာ့ဝန်ထမ်းများဖြစ်ကြပြီး အသင်းသား (၃၀) ခန့်က နေ့စဉ် နာရေး၊ ကျန်းမာရေးကိစ္စရပ်များကို ဆောင်ရွက်ပေးနေကြသည်။
--------------------------------------------------------------------------------
ဆီဆိုင်မြို့နယ်တွင် စစ်တပ်က ရွာသူကြီးကိုသတ်၍ ရွာသား၈၀ကျော် ဖမ်းဆီးထား

ခွန်အောင်မြတ်။
မေလ ၇ ရက်၊ ၂၀၀၉ ခုနှစ်။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ မြန်မာစစ်အစိုးရတပ်က ကျေးရွာ သူကြီးကို သတ်ပြီး ရွာသား (၈၀) ကျော် ဖမ်းဆီးစစ်ဆေးနေသည်ဟု ဒေသခံရွာသားတယောက်က ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့နှင့် ကရင်တပ်မတော်ပူးပေါင်းတပ်ဖွဲ့တို့က ခြေမြန်တပ်ရင်း ၄၂၆ ကို ခြုံခို တိုက်ခိုက်ပြီးသည့်နောက် ယခုလို သတ်ဖြတ်ဖမ်းဆီး ခြင်းသည်။

“ကျနော်တို့ရွာက နောင်တဗန်ရွာနဲ့ စောဆားရွာပေါ့နော် ကျနော်တို့ ရွာသူကြီးနာမည် ကတော့ ဦးကျော်ဗဲ့ပေါ့ ရွာရဲ့အနောက်ဖက် တောင်ကုန်းပေါ်မှာ ဗမာစစ်တပ်က ပစ်သတ် သွားတယ်လေ။ ပြီးတော့မှ ကျနော်တို့ ရွာသား နောင်တဗန်ကျေးရွာ ပြီးတော့ စောဆား ရွာသား ၈၀ ကျော်ကိုလည်း အဲဒီ ခမရ ၄၂၅ ပေါ့နော် တပ်ရင်းက ရွာသားတွေကို ဖမ်းထား ပြီးတော့မှ သူတို့က ရိုက်နှက်တယ်။ ကျနော်တို့ရွာသားတွေဆို တချို့သွေးတွေအန်တယ်။ အခုထိ ဘုန်းကြီးကျောင်းမှာပဲ ဖမ်းထားဆဲပဲ ရှိသေးတယ်အခု။ ” ဟု ဒေသခံ ရွာသား တဦး က ပြောသည်။

မြန်မာစစ်အစိုးရ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၇ လက်အောက်ခံ ခမရ ၄၂၆ တပ်ရင်းကို ပအိုဝ်းနှင့် ကရင် ပူးပေါင်းတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်သဖြင့် ဗိုလ်မှူး မျိုးမင်းထွန်း အပါအ၀င် အင်အား ၁၂ ကျဆုံးပြီး လက်နက်များကို ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ သတင်း ထုတ်ပြန်သည်။

ယင်းတိုက်ပွဲ ဖြစ်ပွားပြီးနောက် တရက်အကြာတွင် ရပခ ဒုတိုင်းမှူးက လာရောက်စစ်ဆေး ပြီးနောက် ခမရ ၄၂၅ က တိုက်ပွဲဖြစ်ပွားသည့် အနီးရှိ ကျေးရွာသူကြီးကို ဖမ်းဆီးသတ်ဖြတ် ကာ ကျေးရွာသား ၈၀ ကျော်ကိုလည်း ဖမ်ဆီးပြီး ရိုက်နှက်စစ်ဆေးမှု ပြုလုပ်နေသည်ဟု အဆိုပါရွာသားက ပြောသည်။

“ကျနော်တို့ ရွာသားတွေမှာတော့ အပြစ်ကင်းပြီးတော့မှ လက်နက်ကိုင်လည်း မရှိဘူး။ ပြီးတော့မှ ရိုးရိုးစားသောက်လုပ်ကိုင်နေတဲ့ လူတွေလည်းဖြစ်တယ်။ သူတို့စစ်အစိုးရ မကောင်းတာတွေ လုပ်တဲ့ အတွက်ကြောင့်မို့ ကျနော်တို့ရဲ့ ဒီပအိုဝ်းစစ်တပ်အဖွဲ့က သူတို့ကို တိုက်တာဖြစ်တယ်။ သူတို့ မကောင်းတာ လုပ်တဲ့အတွက်ကြောင့်ပေါ့နော်။ ဒါပေမယ့်လည်း ကျနော်တို့နဲ့ မဆိုင်ဘူး။ အဲဒီဥစ္စာ ကျတော့ ကျနော်တို့ကပဲ သူတို့တိုက်တာကို ကြားထဲမှာ ကျနော်တို့က ဓားစာခံဖြစ်နေရတဲ့ အခြေအနေမျိုး ဖြစ်နေလို့ ကျနော်တို့ တခြား အဖွဲ့အစည်းကိုလည်း အပြစ်မတင်ဘူး သို့သော်လည်း ပဲ စစ်အစိုးရ ဒီလိုမျိုးလုပ်တာ ကျနော်တို့ရဲ့လူထုအပေါ်မှာ ညှင်းပမ်းနှိပ်စက်တာလို့ပဲ ကျနော်တို့ မြင်တယ်ဗျ။”

ယခုတိုက်ပွဲဖြစ်ပွားမှုကြောင့် စကခ ဗျူဟာမှူး ဗိုလ်မှူးချုပ်မျိုးအေးက ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်အား ၎င်းတို့ အုပ်ချုပ်ပိုင်ခွင့်ဒေသကို မထိန်းထားနိုင်လျှင် ပြန်လည်ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။(သတင်းနှင့်မီဒီယာ)
--------------------------------------------------------------------------------

DKBA တပ်များ ဝေါလေခီးစခန်းမှ ပြန်လည်ဆုတ်ခွာနေ

ဇော်ကြီး။
မေလ ၇ ရက်၊ ၂၀၀၉ ခုနှစ်။

တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA နှင့် မြန်မာစစ်အစိုးရ ပူးပေါင်းတပ်တို့ တလနီးပါးခန့် ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ ဝေါလေခီး စခန်းမှ DKBA တပ်များ ပြန်လည်ဆုတ်ခွာနေသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ၊ KNLA တပ်ရင်း ၂၀၁ အခြေစိုက် ဝေါလေခီးစခန်းအား DKBA နှင့် မြန်မာစစ်အစိုးရ ပူးပေါင်းတပ်တို့ ဧပြီလအတွင်းက ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ယခုအခါထိုစခန်းမှ DKBA တပ်များ တဖြည်းဖြည်းချင်း ဆုတ်ခွာလျှက်ရှိသည်ဟု DKBA နှင့် နီးစပ်သူ တဦးက ယခုလို ပြောသည်။

“ပြန်ဆုတ်သွားပြီ။ မနေ့ကပဲပြန်ဆုတ်သွားတာ။ အဲဒီစခန်း(ပင်မစခန်း)ထဲမှာတော့ လုံးဝ မရှိတော့ဘူး။ ဒါပေမယ့် စခန်းနဲ့ အနီးအနားမှာတော့ ရှိနေတာပေါ့။ ရုတ်တရက် ဆုတ်သွား တာတော့ မဟုတ်ဖူးပေါ့။ ဖြည်းဖြည်းဆုတ်သွားတာပေါ့။”

DKBA အနေနှင့် ဝေါလေခီးစခန်းအား သိမ်းပိုက်ပြီးသော်လည်း ဌာနချုပ်မှစားနပ်ရိက္ခာ ထောက်ပန့်မှု အားနည်းခြင်း၊ လူအင်အားမဖြည့်နိုင်ခြင်းတို့ကြောင့် စခန်းထိုင်၍ မရနိုင်ဟု ၎င်းက ဆက်ပြောသည်။

“စခန်းထိုင်လို့မရဘူး။ အနောက်လိုက်အင်အားမကောင်းလို့ပြန်ဆုတ်ကုန်ပြီ။ အနောက် လိုက်အင်အား ဆိုတာ ရိက္ခာပို့ဆောင်တဲ့နေရာမှာလျော့နည်းမှု၊ နောက်ပြီး ရွှေ့ပြောင်းလိုတဲ့ အင်အားလျော့နည်းမှု၊ လိုအပ်တာကိုပို့ဖို့ လျော့နည်းမှု၊ နောက်တခုက အခု ကေအင်ယူရဲ့ အဲဒီစခန်းကမြေမြုပ်မိုင်းတွေ ထိပြီး တော့၊ ထိသွားတဲ့ ရဲဘော်တွေရဲ့ အဲဒီလူနာတွေရဲ့ အင်အားတွေကို အခုပြန်လှည်ပြီးတော့ ပြုစုရတဲ့ အတွက်ကြောင့်မို့ အခုဒီစခန်းမှာ ကြာကြာ နေလို့ မဖြစ်တော့ဘူးလေ။”

ဝေါလေခီးစခန်းအားမိမိတို့ဖက်မှ ဆုတ်ခွာပေးပြီးနောက် DKBA တပ်များအနေနှင့် ပင်မစခန်းထဲသို့ ၀င်ရောက် နိုင်ခြင်းမရှိသေးပဲ ပင်မစခန်း အနီးဝန်းကျင်၌သာ နေရာယူထား နိုင်ခဲ့သည်ဟု KNLA ၂၀၁ ဒုတပ်ရင်းမှူး ဗိုလ်ကြီး စောဘူးဖောက ယခုလို ပြောသည်။

“လောလောဆယ်တော့ သူတို့စခန်းတွေ ချထားတယ်။ ကျနော်တို့နေတဲ့ စခန်းမှာမဟုတ်ဖူးနော်၊ အတွင်းထဲမှာ မဟုတ်ဖူးပေါ့။ အဲဒီနားတ၀ိုက်မှာတော့ လာနေတယ်။”

လောလောဆယ် နှစ်ဘက်ပစ်ခတ်မှုများ မရှိသော်လည်း KNLA တပ်ရင်း၂၀၁ ၏ ရွှေ့ပြောင်းသည့် နေရာသည် ဝေါလေခီး စခန်း၏ အမြင့်ပိုင်းတွင်တည်ရှိနေပြီး ပင်မစခန်းတွင်း၌ လက်ကျန် မြေမြုပ်မိုင်းတချို့ ကျန်ရှိနေသဖြင့် DKBA အနေနှင့် ပင်မစခန်းတွင်း ၀င်ရောက်ရန် ခက်ခဲနိုင်သည်ဟု ဗိုလ်မှူးစောလှငွေက ယခုလိုပြောသည်။

“အဲဒီ စခန်းမကြီးထဲကိုသူတို့ ၀င်လာလို့ရှိရင် ဒီက အပေါ်ပိုင်းမှာရှိတဲ့သူတွေက လှမ်းပစ်မှာ ဆိုတော့ ဟိုပြေးဒီပြေးဆို သူတို့ဗုံးကျင်းမှာပဲ နေရာပြေးယူရမှာ။ ဗုံးကိုအေးဆေးရှင်းလို့ ရမယ့်နေရာမျိုးမှ မဟုတ်တာ။ ဗုံးကိုအေးဆေးရှင်းမယ်ဆိုလို့ရှိရင် ညပဲဝင်ဝင်၊ နေ့ပဲဝင်ဝင် ဒီဖက်က အပေါ်ကနေ လှမ်းပစ်ရင် သူဗုံးထိမှာပဲ။ ဒီစခန်းက ကိုယ့်ဟာကိုယ်တောင် ပြန်ဝင် ရှင်းရင် ပြန်ဝင်ထိုင်ရင်တောင်မှ တော်တော် သတိထားရမယ်။”

ယမန်နှစ်ဇွန်လကုန်ပိုင်းက ဒီကေဘီအေနှင့် မြန်မာ အစိုးရပူးပေါင်းတပ်တို့ ဝေါလေခီးစခန်း အား ၂ ရက် ကြာမျှသိမ်းပိုက်ထားသည်ကို ကေအဲန်ယူက ပြန်လည်ရယူနိုင်ခဲ့ပြီး ယခင် လကုန်ပိုင်းက ဒုတိယအကြိမ် သိမ်းပိုက်နိုင်ခဲ့သော်လည်း စခန်းတွင်းသို့ အခြေချ နေထိုင်နိုင်ခြင်း မရှိသေးချေ။(သတင်းနှင့်မီဒီယာ)
----------------------------------------------------------------------------------

Comments