NEJ / ၅ မေ ၂၀၀၉
မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး (၁) နှစ်ပြည့်ပြီးသော်လည်း မုန်တိုင်းဒဏ်ခံရသူများအတွက် အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ကမ္ဘာ့အကူအညီပေးရေးအဖွဲ့များက ပြောသည်။
လေဘေးဒုက္ခသည် (၅) သိန်းခန့်အတွက် နေစရာအိမ်များ အမြန်ဆုံးလိုအပ်နေကြောင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးနေသည့် Inter-Agency Standing Committee( IASC) အဖွဲ့ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံမှ နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက် ၂၀၀၉ မှ ၂၀၁၀ ခုနှစ်အတွင်း ဦးစားပေးလုပ်ဆောင်စရာများ ကျန်နေသေးသည်ဟုလည်း ယင်းအဖွဲ့က တင်ပြထားသည်။
အဆိုပါ လုပ်ငန်းများမှာ မုန်တိုင်းသင့်ဒေသများ၌ အိုးအိမ်ဆောက်လုပ်ရေး၊ လာမည့်နှစ် ဧပြီအမီ နောက်ထပ် စာသင်ကျောင်း (၆၀၀) ဆောက်လုပ်ရေး၊ စာနပ်ရိက္ခာထောက်ပံရေး၊ အိုးအိမ်ပစ္စည်းဆုံးရှုံးကာ ကြွေးတင်နေသည့် အိမ်ထောင်စုများအား ငွေကြေးထောက်ပံ့ရေး၊ မွေးမြူရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ မတည်ပေးရေး အပါအ၀င် ကျန်းမာရေးနှင့် လူမှုဘ၀ ဖူလုံရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရေးတို့ ဖြစ်သည်။
ကုလသမဂ္ဂက နာဂစ်ဘေးသင့်သူများအား ကူညီနိုင်ရေးအတွက် နိုင်ငံတကာသို့ တောင်းခံထားသည့် လိုအပ်ငွေမှာ အမေရိကန် ဒေါ်လာ (၄၇၇) သန်းဖြစ်ပြီး ယင်းငွေ၏ (၆၆) ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ (၃၁၅) သန်းရရှိခဲ့သည်။ နောက်လာမည့် (၃) နှစ်အတွက် အမေရိကန်ဒေါ်လာ (၆၉၁) သန်း တောင်းခံထားသည်ဟု (OCHAFTS) တွင် ဖော်ပြသည်။
ကူညီထောက်ပံ့ငွေများအနက် စားနပ်ရိက္ခာအတွက် အများဆုံးအသုံးချခဲ့ပြီး ပညာရေးအသုံးစရိတ်မှာ ဒုတိယအများဆုံးဖြစ်ကာ ကျန်းမာရေးအသုံးစရိတ်မှာ တတိယအများဆုံးဖြစ်သည်။
၂၀၀၈ ခု မေ (၁-၂) ရက်တို့တွင် တိုက်သည့်နာဂစ်မုန်တိုင်းကြောင့် လူပေါင်း (၂) သန်း (၄) သိန်းခန့် မုန်တိုင်းဒဏ် ခံခဲ့ကြရပြီး သေဆုံးသူပေါင်း (၁) သိန်း (၄) သောင်းခန့်ရှိကာ စာသင်ကျောင်းပေါင်း (၄) ထောင်ခန့် ဆုံးရှုံးပျက်စီး ခဲ့ကြောင်း၊ လူပေါင်း (၁) သန်းကျော်အတွက် စားနပ်ရိက္ခာများ ထောက်ပံပေးခဲ့ကာ၊ ကလေး (၅) သိန်းကျော် အတွက် ပညာရေးထောက်ပံ့မှုများပေးနိုင်ခဲ့ပြီး ကျောင်းပေါင်း (၁,၄၀၀) ပြင်ဆင်ပေးနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေး ၀က်ဆိုဒ် များတွင် ဖော်ပြထားသည်။
-----------------------------------------------------------------------------
တပ်ဖွဲ့အင်အား လျှော့ချမည့်ကိစ္စ ဒီကေဘီအေအတွင်း သဘောထားကွဲလွဲ
NEJ / ၅ မေ ၂၀၀၉
တိုးတက်သောကရင်ဗုဒ္စဘာသာအဖွဲ့ (ဒီကေဘီအေ) ကို နယ်ခြားစောင့်တပ်အဖြစ် မြန်မာစစ်အစိုးရက ပြင်ဆင်ဖွဲ့စည်းပေးမည်ကို သဘောတူလက်ခံသော်လည်း တပ်ဖွဲ့ဝင်အင်အားလျှော့ချမည့် ကိစ္စနှင့်ပတ်သက်၍ ဒီကေဘီအေအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်ဟု အဖွဲ့၏အဆင့်မြင့်အရာရှိတဦးက ပြောသည်။
၎င်းက “၂၀၁၀ ရွေးကောက်ပွဲပြီးရင် ဒီကေဘီအေကို နိုင်ငံတော်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမှာကို သဘောတူပေမယ့် တပ်ဖွဲ့ဝင်အင်အား လျှော့ချမယ့် ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဒေသအသီးသီးက ခေါင်းဆောင်တွေနဲ့ ဗဟိုအဆင့်ခေါင်းဆောင်တွေ သဘောထားကွဲနေကြလို့ ဒီလဆန်းကနေ စပြီးတော့ ဌာနချုပ်မှာ အစည်းဝေးထိုင်နေရတယ်” ဟု ပြောသည်။
ဒေသတခုတွင် ရှိသည့် တပ်ရင်းတရင်းကို တပ်ဖွဲ့ဝင် (၃၀၀) သာ ကန့်သတ်ထားကာ တပ်ရင်းမှူးနဲ့ ဒု-ရင်းမှူးမှာ ဒီကေဘီအေက အရာရှိဖြစ်သော်လည်း ကျန်သည့် အထက်အဆင့်နှင့် အောက်ခြေအဆင့်များကို တပ်မတော်က အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်သွားမည် ဖြစ်သည့်အတွက် အစည်းအဝေးထိုင်ရခြင်းဖြစ်ကြောင်း ဒီကေဘီအေမှ အဆိုပါ အဆင့်မြင့်အရာရှိက ပြောသည်။
ဒီကေဘီအေအနေဖြင့် နိုင်ငံတော်နှင့်ငြိမ်းချမ်းရေးရယူထားသည့် အဖွဲ့အချို့ကဲ့သို့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန် လုံးဝအစီအစဉ်မရှိကြောင်း၊ နအဖစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် ပြောကြားခဲ့သည့်အတိုင်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည်ကို သဘောတူညီခဲ့သော်လည်း ယခုကဲ့သို့ တပ်အင်အားအဆပေါင်းများစွာ လျှော့ချမည့်ကိစ္စကို ဒီကေဘီအေ ခေါင်းဆောင်အချို့က သဘောမတူကြဟု သိရသည်။
ဒီကေဘီအေဖွဲ့စည်းပုံအရ မြိုင်ကြီးငူဗဟိုဌာနချုပ်အပါအ၀င် လက်အောက်ခံ (၃၃၃၊ ၅၅၅၊ ၉၉၉) စသည့်တပ်မဟာ (၃) ခုရှိပြီး လက်နက်ကိုင်အင်အား (၃,၀၀၀) ခန့်ရှိသည်ဟု ဒီကေဘီအေ မှတ်တမ်းအရ သိရှိရကာ နအဖသတ်မှတ်ထားသည့်အတိုင်း တပ်အင်အားလျှော့ချမည်ဆိုပါက တပ်ဖွဲ့ဝင်အင်အား (၉၀၀) ခန့်သာ ကျန်ရှိမည်ဖြစ်သည်ဟု သိရှိရသည်။
ဒီကေဘီအေအဖွဲ့သည် ၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ခဲ့ပြီး မြန်မာစစ်အစိုးရ၏ ကျောထောက်နောက်ခံဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က ခွဲထွက်မှုကို ဦးဆောင်ခဲ့သည့် ဒု-အရာခံ ဗိုလ် စောကျော်သန်းသည် လက်ရှိ ဒီကေဘီအေအဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သည်။
-----------------------------------------------------------------------
မင်းနိုင်သူ / ၅ မေ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှုအယူခံကို နအဖစစ်အစိုးရက ပယ်ချလိုက်ပြီဖြစ်သည်။
အယူခံပယ်ဖျက်မှုကို ဧပြီ (၃၀) ရက်တွင် တွဲဖက်ရှေ့နေ ဦးလှမျိုးမြင့်ကိုယ်တိုင် နေပြည်တော်သို့ သွားယူခဲ့ရ ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက သတင်းဌာနများသို့ ပြောသည်။
နေအိမ်အကျယ်ချုပ်အယူခံမှုကို ၂၀၀၈ ခုနှစ် အောက်တိုဘာလ (၉) ရက်ကတည်းက တင်သွင်းခဲ့သော်လည်း နအဖ၀န်ကြီးချုပ်က တစုံတရာအကြောင်းပြန်ကြားခြင်း မရှိခဲ့ရာ ဧပြီ (၂၈) ရက်တွင် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ထပ်မံတင်ပြခဲ့ရာတွင် အယူခံမှုကို ပလပ်လိုက်ကြောင်း နအဖဘက်က တရားဝင် အကြောင်းကြားလိုက်ခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ BLC နဲ့ လန်ဒန်အခြေစိုက်တဲ့ ရှေ့နေကြီးများအဖွဲ့ကနေ ပြီးခဲ့တဲ့လကတည်းကကိုပဲ ကုလသမဂ္ဂလက်အောက်မှာရှိတဲ့ စိတ်ထင်မြင်ရုံနဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ကိုတင်ပြီးတော့ အဆုံးအဖြတ်တောင်းခဲ့တယ်။ အဲဒီအဖွဲ့ကနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားတာဟာ ပြည်တွင်းဥပဒေအရရော၊ နိုင်ငံတကာဥပဒေအရရော ဥပဒေနဲ့မညီညွတ်ဘူးဆိုတာကို ဆုံးဖြတ်ထားပြီးသား ဖြစ်တယ်” ဟု ပြောသည်။
တည်ဆဲဥပဒေ (၁၉၇၅) အရ နိုင်ငံတော်နှောင့်ယှက်ဖျက်ဆီးသူများမှ ကာကွယ်သည့်ဥပဒေတွင် (၅) နှစ်အထိသာ ချုပ်နှောင်ထားပိုင်ခွင့်ရှိသော်လည်း တနှစ်ထပ်မံတိုးချုပ်ခဲ့ခြင်းသည်ပင်လျှင် နအဖစစ်အစိုးရအနေဖြင့် ကိုယ့်ဥပဒေ ကိုယ်ချိုးဖောက်နေခြင်း ဖြစ်သည်ဟုလည်း ၎င်းက ထောက်ပြပြောဆိုသည်။
“ပြည်တွင်းဥပဒေကိုလည်း ဆန့်ကျင်တယ်။ နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးဥပဒေ ပုဒ်မ (၇)၊ ပုဒ်မခွဲ (၁/င) မှာပါတဲ့ လူတဦးတယောက်ရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ကြီးမားစွာ ထိခိုက်စေခြင်းဆိုတဲ့ ပြဋ္ဌာန်းချက်ကိုလည်း လုံးဝချိုးဖောက်ရာရောက်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည်အမှုအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ဖမ်းဆီးချုပ်နှောင်နေတာတွေ၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်နေတာတွေ၊ နောက် တရားစီရင်ရေးစနစ်ကို ဖိနှိပ်ရေးကိရိယာအဖြစ် သုံးတဲ့ကိစ္စတွေ၊ တိုင်းရင်းသားတွေအပေါ် ဖိနှိပ်နေတာတွေ အားလုံးစုပေါင်းပြီးတော့ နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးကနေ အရေးယူဆောင်ရွက်ခွင့်ရလာအောင် ကြိုးစားနေပါတယ်” ဟု ဦးအောင်ထူးက ဆက်လက်လုပ်ဆောင်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းပြောဆိုသည်။
အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ကျနော်တို့ရဲ့သဘောထားကတော့ အယူခံပိုင်ခွင့် အခွင့်အရေးကို အပြည့်အ၀မရခဲ့ဘူး။ အယူခံကို ကြားနာခြင်းမရှိဘဲ ပယ်ချလိုက်တဲ့အတွက် အခွင့်အရေး အပြည့်အ၀ မရခဲ့ဘူး။ ဒီလိုပဲမြင်ပါတယ်” ဟု ပြောသည်။
နေအိမ်အကျယ်ချုပ်အမှု ပလပ်ခံရမှုအတွက် ဒေါ်အောင်ဆန်းစုကြည်အား အကြောင်းကြားနိုင်ရန် ရှေ့နေကြီး ဦးကြည်ဝင်းက သတင်းတပ်ဖွဲ့ကို တောင်းဆိုထားသည်။ (ခေတ်ပြိုင်)
--------------------------------------------------------------------------------------------------

Comments
Post a Comment