ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရန် ကန်ပိန်းလုပ်မည်

တနင်္လာနေ့၊ ဧပြီလ 06 2009
နန်းဒေဝီ

နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုသည် မြန်မာစစ်အစိုးရကို မထိခိုက်ဘဲ လူထုကို ထိခိုက်နေသဖြင့် ဒဏ်ခတ်မှု ရုပ်သိမ်းရေး တိုက်တွန်းတောင်းဆိုမည့် သတင်းစာရှင်းလင်းပွဲ တရပ်ကို ရန်ကုန်ရှိ အဖွဲ့အစည်းတခုက မနက်ဖြန်တွင် ပြုလုပ်မည်ဟု သိရသည်။

မြန်မာပြည်ဆိုင်ရာ မူဝါဒများ ပြန်သုံးသပ်နေကြောင်း အမေရိကန် အစိုးရနှင့် ဥရောပသမဂ္ဂ (အီးယူ) က ပြောဆိုအပြီး မကြာမီတွင် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအုံကြွမှု၌ တက္ကသိုလ် ကျောင်းသားများအဖြစ် ပါဝင်ခဲ့ဖူးသူများဟုဆိုသူ လူငယ် ၅ ဦးဖြင့် ဖွဲ့ထားသည့် ပိတ်ဆို့မှု ရုပ်သိမ်းရေး ပြည်တွင်းပြည်ပ ၂ဝဝ၉ လှုပ်ရှားမှု အဖွဲ့၏ သတင်းစာရှင်းလင်းပွဲ အစီအစဉ် ရုတ်တရက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

“စီးပွားရေး ပိတ်ဆို့မှု လုပ်နေတဲ့ဟာက နိုင်ငံရေး အပြောင်းအလဲတခု လိုချင်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အစိုးရအပေါ်မှာ သက်ရောက်မှု မရှိဘဲနဲ့ ပြည်သူလူထု အပေါ်မှာပဲ သက်ရောက်နေတယ်။ ဒီတခါ ပြန်သုံးသပ်ရင် မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ ဖြစ်တယ်” ဟု အဖွဲ့ဝင်တဦးဖြစ်သူ စက်မှုလုပ်ငန်းရှင် ကိုအောင်ခိုင်ဝင်းက မဇ္စျိမကို ပြောသည်။

ယခု လှုပ်ရှားမှုသည် စစ်အစိုးရနှင့် အတိုက်အခံပါတီများကို တစုံတရာ ဆန့်ကျင် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ လူသားချင်း စာနာသည့် စိတ်ဓာတ် အခြေခံကာ လုပ်နေခြင်းဖြစ်ကြောင်း သူတို့ အဖွဲ့က ဆိုသည်။

“ကျနော်တို့ တင်ပြတဲ့အခါမှာ အစိုးရ အာဘော်အနေနဲ့ တင်ပြမှာလည်း မဟုတ်ဘူး။ နိုင်ငံရေးပါတီ တခုအနေနဲ့ conditional တွေနဲ့ တောင်းဆိုမှာလည်း မဟုတ်ဘူး။ ငါတို့ကတော့ ဒီ sanction ကို ပြန်ရုပ်သိမ်းသင့်တယ်လို့ ထင်တယ် ဆိုပြီးတော့ တင်ပြမယ်” ဟု ကနေဒါတွင် နေထိုင်သူဖြစ်ပြီး၊ ရန်ကုန်တွင် ခေတ္တ ရောက်ရှိနေသည့် ကိုရောင်နီဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် အီးယူ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr.Piero Fassino သည် နေပြည်တော်ရှိ စစ်ဖက်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ခဲ့ရာ မြန်မာပြည်အပေါ် အီးယူက ပိတ်ဆို့နေမှုကို ယခုလကုန်ပိုင်းတွင် ပြန်သုံးသပ်ရန်ရှိကြောင်း ပြောဆိုခဲ့သည်။

သို့သော် မြန်မာအစိုးရသည် လက်ရှိ မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲမှု လုပ်ပြနိုင်သည့်အပေါ် မူတည်ကြောင်း သူက ပြောဆိုခဲ့သည်။

၂ဝဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ဆန္ဒပြသူများကို မြန်မာစစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့သည့် နောက်ပိုင်းတွင် စစ်အစိုးရ အဖွဲ့ဝင်များ၊ နအဖ စစ်ကောင်စီဝင်များ၊ သူတို့နှင့် စီးပွားရေး အပေါင်းအဖော်များကို အမေရိကန်က စီးပွားရေး ပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

ကိုအောင်ခိုင်ဝင်းက “Sanction ကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချတာကို ကျနော်တို့ မကြိုက်ဘူးဗျာ။ ဒီဟာ လုပ်ပေးမှ၊ ဒီလိုလုပ်ပေးမယ် ဆိုတာမျိုး မဖြစ်သင့်ဘူး။ ကျနော်တို့ ပြောနေတာက နိုင်ငံရေးနဲ့ မပတ်သက်ဘူး။ unconditional sanction တောင်းတာ ဖြစ်တယ်” ဟု ပြောသည်။

စစ်အစိုးရကမူ အနောက်နိုင်ငံများနှင့် အီးယူ နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ၎င်းတို့ကို တစုံတရာ ထိခိုက်မှုမရှိကြောင်း အစိုးရသတင်းစာများတွင် ရေးသားဖော်ပြလေ့ရှိသည်။

သို့သော် အရေးယူမှုများသည် စစ်အစိုးရနှင့် သူတို့၏ စီးပွားဖက်စပ် လုပ်ကိုင်နေသူများအပေါ် အကြီးအကျယ် ထိခိုက်သော်လည်း မြန်မာ့နိုင်ငံရေး ဖြေရှင်းရာတွင် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု တခုတည်းဖြင့် မပြေလည်နိုင်ကြောင်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများကလည်း ယူဆထားကြသည်။

ဒဏ်ခတ်မှုကြောင့် စက်မှုဇုန်လုပ်ငန်းများနှင့် ပြည်ပပို့ကုန်များအပေါ် ထိခိုက်နစ်နာခြင်း၊ စီးပွားရေးလုပ်ငန်းများ ယိုယွင်းလာခြင်းကြောင့် အလုပ်လက်မဲ့ တိုးပွားလာမှု၊ အလုပ်အကိုင်ရှားပါးမှုများ ရင်ဆိုင်နေရကြောင်း ပိတ်ဆို့မှု ရုပ်သိမ်းရေးအဖွဲ့က ဆိုသည်။

ကိုရောင်နီဦးက “ကျနော်တို့မှာ အလုပ်လက်မဲ့ ဖြစ်သွားတဲ့သူတွေ ရှိတယ်။ ခန္ဓာကိုယ် ရောင်းစားနေရတဲ့ ဘဝ ရောက်သွားတဲ့ သူတွေရှိတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့်ဟာတွေ ပိတ်ဆို့လို့ အလုပ်အကိုင် ဖန်တီးခွင့်တွေ ထိခိုက်တယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ စီးပွားရေး ကဏ္ဍအရ ထိခိုက်တယ်။ ကူးသန်းရောင်းဝယ်ရေးတွေ အလုပ်မဖြစ်ဘူး” ဟု ပြောသည်။

မြန်မာစစ်အစိုးရ၏ အုပ်ချုပ်ရေး ညံ့ဖျင်းမှု၊ အာဏာအလွဲသုံးစားမှုနှင့် အာဏာသက်ဆိုးရှည်ရေး မူဝါဒများကြောင့် မြန်မာနိုင်ငံသည် အဖက်ဖက်တွင် နိမ့်ကျဆုတ်ယုတ်ရခြင်းဖြစ်ကြောင်း မြန်မာ့အရေး လေ့လာသူများက ဆိုသည်။

မနက်ဖြန်တွင် ရန်ကုန်မြို့ ဘားလမ်းရှိ စီးတီးစတား ဟိုတယ်တွင် ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲကို နိုင်ငံခြား သံရုံးများ၊ ပိတ်ဆို့အရေးယူမှုနှင့် သက်ဆိုင်သည့် ကိစ္စများကို စိတ်ဝင်စားသူများအပြင် ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းဌာနများ၊ မြန်မာသတင်း မီဒီယာများကို ဖိတ်ခေါ်ထားကြောင်း သိရသည်။(မဇ္စျိမ)

Comments