မြန်မာ နယ်စပ် သံဆူးကြိုးကာမှု ဘင်္ဂလားဒေ့ရှ်က ဖြေရှင်းချက် တောင်း

30 March 2009


မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ မြန်မာဘက်က သံဆူးကြိုးကာရံနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က မြန်မာဘက်ရဲ့ ဖြေရှင်းချက်ကို တောင်းခံလိုက်ပါတယ်။ သံဆူးကြိုးကာနေတဲ့ တချိန်တည်းမှာပဲ နယ်စပ် တလျှောက်မှာ မြန်မာတပ်တွေ တိုးမြှင့်ချထားတာကြောင့်လည်း ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်ဖက်တင်းမာမှုတွေ ရှိလာပါ တယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဘက်က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို အသိပေး အကြောင်းကြားတာမရှိဘဲ အခုလို နယ်စပ်တလျှောက် သံဆူးကြိုးကာရံတဲ့ အခြေအနေကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ တင်းမာမှုတွေ ထပ်ကြုံလာရတယ်လို့ ဆိုရမှာပါ။ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက် အကျယ် မိုင် ၁၉၀ ၀န်းကျင်မှာ မိုင် ၂၅ မိုင် နတ်မြစ်ဝှမ်းတလျှောက်မှာ မြန်မာ ဘက်က သံဆူးကြိုးကာတာတွေ လုပ်ခဲ့တာပါ။ တချိန်တည်းမှာပဲ မြန်မာဘက်က နယ်စပ်တပ်ဖြန့်ချထားမှုတွေလည်း ရှိတာ ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က စိုးရိမ်မှုတွေ တိုးလာရတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင် အာရှ ရေးရာ ညွှန်ကြားရေးမှူး ရှား အာမက်ဒ် ရှဖီ (Shah Ahmed Shafi) က ဗွီအိုအေကို အခုလို ပြောပါတယ်။

“အခုအချိန်အထိ ကျနော်တို့ရထားတဲ့ သတင်းတွေမှာတော့ မြန်မာဘက်က နယ်စပ်သံဆူးကြိုးကာဖို့ကိစ္စ စတင် ဆောင်ရွက်နေပြီး နယ်စပ်မှာလည်း သူတို့ဘက်က တပ်တွေ ဖြန့်ကျက် ချထားပါတယ်။”

ဒီကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး မနေ့က မေးမြန်း စုံစမ်းခဲ့ပါတယ်။

“ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဒါကာမှာရှိတဲ့ မြန်မာသံအမတ်ကြီးကိုခေါ်ယူပြီး ဒီကိစ္စ စုံစမ်းမေးမြန်းတော့ သူတို့အနေနဲ့ မြန်မာပိုင်နက်ထဲမှာပဲ ၁၃ မီတာအရှည်ရှိတဲ့ သံဆူးကြိုးတွေကို ကာရံသွားဖို့ စီစဉ်နေပြီလို့ ပြောပါတယ်။”

နယ်စပ်သံဆူးကြိုး ကာရံတာကို မြန်မာဘက်ကတော့ သူတို့ပိုင်နက်ထဲမှာ လုပ်နေတယ်လို့ ပြောပေမဲ့ တကယ်တမ်း နှစ်ဖက်နယ်ခြား ဘယ်သူမှမပိုင်တဲ့မြေပေါ်မှာ လုပ်နေတာလို့ ဘင်္ဂလားဒေ့ရှ်ဘက်က အရာရှိတဦးစကားကို ကိုးကားပြီး ရိုက်တာသတင်းတရပ်မှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ အခုကိစ္စနဲ့ပတ်သက်လို့ မြန်မာဘက်က တရားဝင် ဖြေရှင်းမှုကို စောင့်ဆိုင်းနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ ရှား အာမက်ဒ် ရှဖီ က ပြောပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံခြားရေးရုံးအနေနဲ့ ပြည်နယ်ဝန်ကြီးကို ကိုင်တွယ်ဖြေရှင်းပေးဖို့ ပြောထားပါတယ်။ သူ့အနေ နဲ့ မြန်မာသံအမတ်ကြီးနဲ့ တွေ့ဆုံပြီးတော့ မြန်မာဘက်က ဒါ ဘယ်အတွက်ကြောင့် လုပ်သလဲဆိုတဲ့ ဖြေရှင်းချက်ကို တောင်းခံပါလိမ့်မယ်။ ဒါပေမယ့်လို့ အခုအချိန်အထိတော့ ဒီ နယ်စပ်ဆူးကြိုး ကာတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာဘက်က တရားဝင် ပြောဆို ဖြေရှင်းတာမျိုး မရှိသေးပါဘူး။”

ဒီကိစ္စနဲ့ပတ်သက်လို့ ဒါကာမြို့မှာရှိတဲ့ မြန်မာသံအမတ်ကြီးကို မေးမြန်းဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ အခု သံဆူးကြိုးကာရံတဲ့နေရာဟာ ဘင်္ဂလားဒေ့ရှ်ဘက်က မွတ်ဆလင်တွေ မြန်မာနိုင်ငံကို တရားမ၀င် ခိုးဝင်တဲ့ အဓိက လမ်းကြောင်းလို့ မြန်မာဘက်က ယူဆတာကြောင့် အခုလို အကာအရံလုပ်တာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ မကြာခင်က ဒေသအတွင်း ဂယက်ရိုက်ခဲ့တဲ့ လှေစီးပြေးရိုဟင်ဂျာတွေဟာ ဘယ်မူရင်းနိုင်ငံကဖြစ်သလဲဆိုတဲ့ အငြင်းပွားမှု နောက်ဆက်တွဲ အခုလို ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စည်းခတ်တဲ့ အခြေအနေ ရောက်လာတယ်လို့ ပြောရမှာပါ။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း မြန်မာဘက်က ကမ်းလွန် ရေနံ တူးဖော်တာအပေါ် တည်ပြီး နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှု ဖြစ်ခဲ့ပါတယ်။ အခုတခေါက်မှာတော့ နှစ်ဖက်တပ်တွေ အကြား အသင့်အနေအထား တပ်လှန့်ထားပုံရပေမဲ့ တပ်ချင်း ထိပ်တိုက် တင်းမာမှုမျိုးတော့ မရှိပါဘူး။

http://www.voanews.com/burmese/2009-03-30-voa6.cfm?rss=topic1

Comments