ဆလိုင်းတင်မောင်ဦး ဂုဏ်ပြုဆန္ဒပြပွဲ ကျင်းပ

ဖနိဒါ
သောကြာနေ့၊ ဇွန်လ 26 2009 18:49 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ အာဏာရှင်ဟောင်း ဦးနေဝင်း၏ အစိုးရမှ ပထမဆုံး ကြိုးမိန့်ပေးခဲ့သူ ချင်းကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးသည့် ၃၃ နှစ်မြောက်နေ့ ယနေ့တွင် တောင်ကိုရီးယား ဆိုးလ်မြို့ရှိ မြန်မာသံရုံးရှေ့၌ ချင်းလူမျိုးများ စုပေါင်း ဆန္ဒပြခဲ့သည်။

ဗိုလ်ချုပ်ကြီး နေဝင်း၏ တော်လှန်ရေးကောင်စီ အစိုးရအဖြစ်မှ ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအဖြစ် အသွင်ပြောင်း ဖွဲ့စည်းစ၌ ကျောင်းသား လှုပ်ရှားမှုများဖြင့် ဆက်လက် ဆန့်ကျင်ခဲ့ရာ၌ ဦးဆောင်ပါဝင်သဖြင့် ဖမ်းဆီးကြိုးမိန့်ပေးခံရသူ ဆလိုင်းတင်မောင်ဦးအား ဂုဏ်ပြုအောက်မေ့ဖွယ်အဖြစ် စုပေါင်းဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

“သူဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် သူ့အသက် ပေးသွားတယ်။ မဆလ က သတ်ဖြတ်ခဲ့တာကို မမေ့အောင်၊ သူ့ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ သံရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုတယ်” ဟု တောင်ကိုရီးယားရောက် ချင်းတိုင်းရင်းသားအဖွဲ့မှ တာဝန်ခံ ဆလိုင်းကျော်ကျော်က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား၊ ချင်းကျောင်းသား ခေါင်းဆောင်များအား အမြန်ဆုံး လွှတ်ပေးရန်၊ ချင်းပြည်နယ် ဖိနှိပ်မှုများ အမြန်ဆုံး ရပ်တန့်ရန်၊ သုံးပွင့်ဆိုင် အမြန်ဆုံး ဆွေးနွေးရန် ဆန္ဒပြသူများက မြန်မာစစ်အစိုးရသို့ တောင်းဆိုခဲ့ကြသည်။

သူတို့က သမိုင်းဝင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ အလံနှင့် ချင်းတိုင်းရင်းသား အလံများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် ဗကသ (နိုင်ငံခြားရေးရာ ကော်မတီ) က ယနေ့ထုတ်ပြန်သည့် ကြေညာချက်ထဲ၌ ဆလိုင်းတင်မောင်ဦးသည် ချင်းအမျိုးသားရေး တခုတည်းအတွက် မဟုတ်ဘဲ ဗမာပြည် စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး၊ စစ်အာဏာရှင် ဖျက်သိမ်းရေးကို ယင်းကာလများကပင် ဆောင်ရွက်ခဲ့ခြင်းကြောင့် မြန်မာပြည် ဒီမိုကရေစီ လွတ်မြောက်ရေး တိုက်ပွဲအတွက် အာဇာနည် သူရဲကောင်းတဦးဖြစ်ကြောင်း ဖော်ပြထားသည်။

ဆလိုင်းတင်မောင်ဦးသည် ၁၉၆၉ ခုနှစ် ကျွန်းဆွယ် အရေးအခင်းမှ စတင်၍ တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး၊ ၁၉၇၂ ခုနှစ် သမိုင်းဝင် ကျောင်းသားလှုပ်ရှားမှု၌ အဖမ်းခံခဲ့ရကာ ထောင်ထဲ၌ ၂ နှစ်ကြာ နေခဲ့ရသည်။ သူသည် ထိုအချိန်က တရားဝင် လုပ်ခွင့်ရသည့် ချင်းစာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူးအဖြစ် ၁၉၇၄-၇၅ ခုနှစ်အတွင်း အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကု အတွင်းရေးမှူးချုပ် ဦးသန့် ဈာပနအတွက် ဂုဏ်ပြုသင့်သည့် ပုဂ္ဂိုလ်ကို ထိုက်တန်စွာ ဂုဏ်ပြုရန် ကျောင်းသားများက ဦးစီးဆောင်ရွက်ရန် ရဲဝံ့စွာ စတင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ မဆလ အစိုးရက အကြမ်းဖက် ဖြိုခွဲခံရသော်လည်း ဦးသန့်ဗိမ္မာန်အဖြစ် ရွှေတိဂုံဘုရား တောင်ဘက်မုခ် အရှေ့ဘက်၌ တခမ်းတနား နေရာပေးခဲ့ကြောင်း ရေးသားထားသည်။

သူသည် ဦးသန့် အရေးအခင်း ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် နယ်စပ်မှ ပြန်လည်ဝင်ရောက်လာပြီး ဇွန်လ ၆ ရက်နေ့ ရွှေတိဂုံ ကျောင်းသား အရေးအခင်း၌ ဦးဆောင်ပါဝင်ခဲ့ပြန်သည်။

၁၉၇၆ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် မဆလ အစိုးရက ဖမ်းဆီးပြီး အင်းစိန်ထောင်တွင်း ချုပ်နှောင်ထားရာမှ ဇွန်လ ၂၆ ရက်နေ့ နံနက် ၄ နာရီတွင် စစ်ခုံရုံး၌ အကျဉ်းရုံးစီရင်ခဲ့ကာ ကြိုးမိန့်ပေးခဲ့သည်။

ကြိုးစင်သို့ နံနက်အစောကြီး ခေါ်ဆောင်သွားစဉ် ဆလိုင်းတင်မောင်ဦးက “ရဲဘော်တို့ ပြည်သူကို အသိမပေးဘဲ ငါ့ကို ခိုးသတ်နေတယ်”၊ “မင်းတို့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးမထောက်နိုင်ဘူး” ဟူ၍ ကြွေးကြော်အော်ဟစ်ခဲ့သေးသည်။

ဆလိုင်းတင်မောင်ဦး ဂုဏ်ပြုအခမ်းအနားနှင့် ဆန္ဒပြပွဲများကို နော်ဝေးနိုင်ငံ၌လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Comments