နာဂစ်ထောက်ပံ့ရေးပစ္စည်းများ ညောင်ငူကျေးရွာဥက္ကဌ အလွဲသုံးစားလုပ်

အောင်ထက် / ၁ မေ ၂၀၀၉

ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့မှ ကွမ်းခြံကုန်းမြို့ ရွာစဉ်တကြောရှိ နာဂစ်မုန်တိုင်းသင့် ညောင်ငူကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော မေတ္တာအိမ်ရာ စီမံကိန်းသို့ ပေးပို့သည့် နာဂစ်ထောက်ပံ့ရေးပစ္စည်းများကို အလွဲသုံးစားလုပ်သည့် ကျေးရွာဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်လိုက်ရကြောင်း ဒေသခံရွာသားတဦးက ပြောသည်။

“နာဂစ်တောက်လျှောက် သူက ပစ္စည်းမျိုးစုံကို အိမ်သယ်နေတာ။ ရွာက သိနေပေမယ့် မပြောကြပါဘူး။ ခုလည်း သီရိလင်္ကာဘုန်းကြီးတွေ လှူတဲ့ အလှူပစ္စည်းတွေကို မေတ္တာရွာမှာ လက်ခံတယ်။ ပြန်ဝေမယ်ပေါ့။ အဲဒီမှာ ညောင်ငူကျေးရွာ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပထမအသုတ် လှည်းနဲ့တိုက်ပြီး အိမ်ကို သယ်တယ်။ ဘယ်သူမှ မသိလိုက်ကြဘူး။ ဒုတိယအသုတ် လှည်းနဲ့ သယ်တော့ ရွာသားတွေ မိသွားပြီး ပစ္စည်းတွေ အလွဲသုံးစားလုပ်တာ ပေါ်သွားတယ်” ဟု အဆိုပါရွာသားက ပြောသည်။

၎င်းက “သူက မြို့နယ်မ၀တ၊ ပြည်ခိုင်ဖြိုး အားလုံးနဲ့ ပလဲပနံသင့်တော့ သူတို့ လူကြီးတွေကပဲ သူ့ကို ဒီရွာမှာ ချပေးထားတာ။ ရယက အဖွဲ့ဝင်တွေ မသိဘဲ သူတဦးတည်း ထင်ရာစိုင်းနေတာတွေ အများကြီး။ နာမည်ပျက်နေ တာလည်း ကြာပြီ။ သူက မြို့နယ်ကို ဖားဖားရားရား နေတတ်တော့ ဘယ်သူမှ သူ့ကို ဖြုတ်မရဘူး ဖြစ်နေတယ်” ဟု ဆက်လက်ပြောပြသည်။

ယခု အလွဲသုံးစားလုပ်သည့် အလှူပစ္စည်းပုံးတပုံးလျှင် (မီးဖိုချောင်သုံးပစ္စည်းများ၊ ငွေ (၅,၀၀၀) ကျပ်ပါ စာတအိတ်နှင့် ကလေးကစားစရာအရုပ်များ) ပါဝင်ကြောင်း၊ အဆိုပါ ပုံး (၂၄) ပုံးကို ဥက္ကဋ္ဌက လှည်းနှင့် တိုက်ထုတ်စဉ် ကျေးရွာလူထုမှ ၀ိုင်းဝန်းဖမ်းဆီးလိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီ ပုံး (၂၄) ပုံးကို ဥက္ကဋ္ဌက လှည်းနဲ့ တိုက်ထုတ်တော့ တရွာလုံး အုတ်အော်သောင်းတင်း ၀ိုင်းဖမ်း၊ ၀ိုင်းအော်ကြ တာပေါ့။ အဲလို ဖမ်းပြီး မြို့နယ်လူကြီးတွေကို ဖုန်းဆက်ခေါ်တော့ အားလုံး လိုက်လာကြတယ်။ ဥက္ကဋ္ဌကို ဖြုတ်ချပေး ပါ၊ ဥက္ကဋ္ဌကို ဖြုတ်ချပေးပါနဲ့ ရွာသားတွေက ၀ိုင်းအော်တယ်။ ရွာထဲမှာ ရုန်းရင်းဆန်ခတ်ကို ဖြစ်နေတာ” ဟု ကျေးရွာ ရယက ရာအိမ်မှူးတဦးက ပြောသည်။

ထို့နောက် ပြည်ခိုင်ဖြိုးအဖွဲ့မှာ တာဝန်ရှိသူက ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်ကို ရာထူးမှဖယ်ပေးမည်ဟု ပြောမှ ရွာသားများက ကျေနပ်သွားပြီး အတွင်းရေးမှူး ဦးညီညီမောင်အား ပူးတွဲ ဥက္ကဋ္ဌအဖြစ် ယာယီခန့်ထားကြောင်း သိရသည်။

နာဂစ်လေဘေးသင့် ပြည်သူများအတွက် သီရိလင်္ကာနိုင်ငံ အဖွဲ့အစည်းတို့မှ ဆောက်လုပ်လှူဒါန်းသော မေတ္တာအိမ်ရာ စီမံကိန်းတွင် အိမ်အလုံးပေါင်း (၁,၂၀၀) ပါဝင်ပြီး (၅၀၀) ကျော် တည်ဆောက်ပြီးစီးနေပြီ ဖြစ်သည်။

(၁၀’ x ၁၅’) ပျဉ်ထောင်သွပ်မိုး၊ အသင့်နေနိုင်သော အိမ်များဖြစ်ပြီး တော်ဝင်ကုမ္ပဏီမှ အကျိုးတူဆောက်လုပ်ပေး ကာ ရေနက်ကွင်းများ၊ တောထဲနေသူများ၊ မြို့ပြင်၌ တဲထိုးနေသူများကို ဦးစားပေး နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်း အိမ်ရာအတွက် ကျေးရွာတရွာလျှင် အခြေအနေမဲ့ အိမ်ထောင်စု (၂၀) ကို ကျေးရွာ ရယကများမှ စာရင်းတင်ပြရကြောင်း သိရသည်။ (ခေတ်ပြိုင်)

Comments