လူပေါင်း ၁၂,၀၀၀ ကျော် G20 ထိပ်သီးဆွေးနွေးပွဲအကြို ချီတက်ဆန္ဒပြ

၂၀၀၉။ဧပြီ၊၆ရက် တနင်္လာနေ့

ဗြိတိန်နဲ့ဥရောပတ၀ှမ်းက ပြည်သူပေါင်း ၁၂,၀၀၀ ကျော်ဟာ စနေနေ့က လန်ဒန်မြို့လယ်ဆီ ချီတက်ဆန္ဒပြခဲ့ကြပြီး အားလုံးအတွက် သင့်တင့်လျောက်ပတ်တဲ့အလုပ်အကိုင်ရရှိရေး၊ အစိမ်းရောင်စီးပွားရေးလို့လည်းခေါ်တဲ့ တကမ္ဘာလုံးဆင်းရဲမွဲတေမှုနဲ့မညီမျှမှုတွေ အဆုံး သတ်ရေးကို တောင်းဆိုကြပါတယ်။ “လူသာလျှင်ပထမ” ဆိုတဲ့တံခွန်အလံကိုလွှင့်ထူပြီး ချီတက်ပွဲကို ကျင်းပခဲ့ကြတယ်။ မနက် ၁၁ နာရီ မှာ စတင်ခဲ့ပြီး အဖွဲ့ စုံပါဝင်ခဲ့ပါတယ်။ ကာဘွန်ဓါတ်ထုတ်လွှတ်မှုနည်းတဲ့စီးပွားရေးလုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်ဘို့ ကမ္ဘာ့ခေါင်းဆောင် တွေဆီ ကတိက၀တ်တွေနဲ့ ထိန်းချုပ်မှုမရှိတဲ့ ဘဏ္ဍာရေးကဏ္ဍတွေက ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုကို ဘယ်တော့မှ နောက်ထပ် မချိမ်း ချောက်စေရေးအာမခံဖို့ နိုင်ငံတကာကဆောင်ရွက်လုပ်ကိုင်ကြဖို့၊ အလုပ် မပြုတ်ရေး၊ အလုပ်အကိုင်တွေဖန်တီးပေးဖို့ စနစ်ကြတဲ့ ငွေ ကြေးဆိုင်ရာလှုပ်နှိုးမှုတွေလုပ်ရေးကို တညီတညွတ်တည်း တောင်းဆိုခဲ့ကြပါတယ်။

လူသာလျှင်ပထမ ကို ထောက်ခံတဲ့ထောက်ခံသူများ မဟာမိတ်အဖွဲ့ဟာ မကြုံဘူးအောင်များပြားလှပါတယ်။ အလုပ်သမားသမဂ္ဂ ကွန် ဂရက် ကနေ ကယ်တင်ရေးတပ်မတော်၊ (ငတ်မွတ်မှုကယ်ဆယ်ရေး အောက်ဖို့ဒ်ကော်မတီ) Oxfamနဲ့ ပတ်သက်တဲ့မြေကမ္ဘာမိတ်ဆွေများ အဖွဲ့နဲ့ လောဘစစ်ပွဲကာကွယ်ရေးအဖွဲ့တွေထိ ပါဝင်ကြတယ်။

ဆန္ဒပြသူတွေဟာ “ကမ္ဘာကြီးအတွက်အလုပ်သမားများစည်းလုံးညီညွတ်ကြ” “ပညာဟာခွန်အား” “ကြွေးတွေလျှော့ချ” “အရင်းရှင်စနစ် ချေမှုန်းပစ်” “ကမ္ဘာ့ရာသီဥတုတွေ အရေးပေါ်အခြေအနေရောက်နေပြီ ” စတဲ့ကြွေးကြော်သံတွေ အော်ဟစ်ပြီး သူတို့ဒေါသတွေကို ဖော်ပြ ကြတယ်။ တဖက်မှာ ဆင်းရဲမွဲတေမှုတွေဖြစ်နေပြီး အခြားတဖက်မှာတော့ ဧရာမထိပ်တန်းဘဏ်လုပ်ငန်းရှင်ကြီးတွေက ဆုကြေးငွေတွေ မျိုးမျိုးမြက်မြက် ခံစားနေကြတဲ့ စီးပွားရေးမူဝါဒတွေကို ဒေါသထွက်ကြတာဖြစ်တယ်။

“ကျနော်တို့ဒေါသထွက်တာပေါ့၊ သဘာဝကပ်ဘေးကြောင့်မှ မဟုတ်တာ၊ သူတို့ရဲ့တာဝန်မယူမှုနဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် အကျပ် အတည်း ကြုံနေတာ ဖြစ်တယ်၊ မညီမျှတာတွေကို ဒေါသထွက်တယ်” လို့ အလုပ်သမားသမဂ္ဂ ကွန်ဂရက် က အထွေထွေအတွင်းရေးမှူး ဘရင်ဒန်ဘာဘာ က ပြောပါတယ်။ ဒီမသဂ္ဂဟာ အလုပ်သမား ၆.၅သန်း ကို ကိုယ်စားပြုပါတယ်။

G20 ကမ္ဘာ့ခေါင်းဆောင်တွေကို တောင်းဆိုတာက စီမံချက်တွေတိုးမြှင့်လုပ်ကိုင်ဖို့၊ ဥစ္စာဓနဝေခြမ်းရေးမှာ ပိုပြီးမျှတမှုရှိတဲ့ ပိုကောင်း မွန်တဲ့ကမ္ဘာလောက တခုပေါ်ထွန်းရေးအတွက် အခြေခံအုတ်မြစ်ချမှတ်ဖို့၊ လူတိုင်းလူတိုင်း နေစရာ၊ စားစရာ၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိဖို့ စတာတွေဖြစ်တယ်။ တာဝန်ုယူဖို့နဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်ဖို့ လန်ဒန်မှာ ကျင်းပမယ့် နောက်စည်းဝေးပွဲမှာ တက်ရောက်မယ့် ခေါင်းဆောင်တွေကို ဘာဘာက တောင်းဆိုခဲ့ပါတယ်။ သူ့အပြောအရဆိုရင် ဘယ်တုန်းကမှ အခုလို ကမ္ဘာ့ခေါင်းဆောင်တွေကို အခုလို ရှင်းလင်းပြတ်သားတဲ့ တောင်းဆိုချက်တွေကို အတူတကွ အကျယ်အပြန့်တောင်းဆိုတာမျိုး မလုပ်ဖူးဘူး။ “စည်မျဉ်းသတ်မှတ်ချက်မရှိတဲ့ လွတ်လပ်တဲ့ ဈေးကွက် အယူအဆဟောင်းက အလုပ်မလုပ်ဘူး၊ ကမ္ဘာ့စီးပွားရေးကိုပြိုကျလုနီးပါးဖြစ်စေတယ်၊ ဆင်းရဲမှုတွေကို မတိုက် ဖျက်နိုင်ဘူး၊ ကာဘွန်ထုတ်လွှတ်မှုနည်းတဲ့စီးပွားရေးဘ၀ကို ပြောင်းမပစ်နိုင်ဘူး၊ ခေါင်းဆောင်တွေက ကမ္ဘာ့စီးပွားရေး တိုးတက်အောင် လုပ်ပြီး ကောင်းကောင်းစိုးမိုးအုပ်ချုပ်ရမယ်၊ ပြီး ပိုကောင်းတဲ့ကမ္ဘာလောကကြီးတခု တည်ဆောက်ဖို့ သူတို့ကြိုးစားနေတယ်ဆိုတာ ကျ နော်တို့ကို ပြရမယ်”

ကမ္ဘာ့လုံးဆိုင်ရာဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး လှုပ်ရှားမှုအဖွဲ့က ကူမီနိုင်ဒူး ဟာ ဒီစည်းဝေးပွဲကြီးကို တောင်အာဖရိက,ကနေ လာရောက် ပူးပေါင်းပါဝင်တာဖြစ်တယ်။ သူက “လူသာလျှင်ပထမ” “ဒါကို ကျနော်တို့လုပ်နိုင်တယ်၊ ကျနော်တို့လုပ်ရမယ်။ ကျနော်တို့လုပ်မယ်” ဆိုတဲ့ကြွေးကြော်သံတွေကို တခဲနက် ကြွေးကြော်ပြီး ပရိသတ်ကြီးကို ဦးဆောင်ခဲ့တယ်။ ဆန္ဒပြသမားတွေက G20 ခေါင်းဆောင်တွေကို လူမှုရေးနဲ့ပတ်ဝန်းကျင်ဆိုင်ရာအကြပ်အတည်းတွေကို ဖြေရှင်းဖို့ ဘဏ္ဍာရေးအကြပ်အတည်းကို အသုံးချစေချင်တယ်။ တရားမျှတပြီး ရေရှည်စဉ်ဆက်မပြတ် မူဝါဒတွေကသာ ကမ္ဘာကြီးကို စီးပွားရေးဆုတ်ယုတ်ကျဆင်းမှုကနေ ဆွဲထုတ်နိုင်မယ် ဆိုတာကို အသိအမှတ်ပြုဖို့ သူတို့ကို ဖိအားပေးခဲ့တယ်။

သမဂ္ဂကိုယ်စားလှယ်တွေနဲ့ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးလှုပ်ရှားသူတွေဟာ ချီတက်ဖို့နဲ့လူထုစည်းဝေးပွဲကြီးအတွက် ဘယ်လ်ဂျီယံ၊ ချက်၊ ပြင်သစ်၊ ဂျာမဏီ၊ ဟန်ဂေရီ၊ အီတလီ၊ လပ်ဇင်းဘတ်၊ နယ်သာလန်၊ ပေါ်တူဂယ်လ်၊ ရိုမေးနီးယား၊ ဆလိုဗေးနီးယား၊ စပိန်၊ ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ တောင်အာဖရိက၊ ဇမ်ဘီယာ၊ ကနေဒါနဲ့ ဖိလိပိုင် အစရှိတဲ့ကမ္ဘာတ၀ှမ်းလုံးက လာကြတာ ဖြစ်တယ်။

G20 ခေါင်းဆောင်တွေက စီးပွားရေးကျဆင်းမှုကို ကုစားယုံတင်မကဘဲ ကမ္ဘာကြီးဟာ ပိုပြီးမျှတ၊ ပိုပြီးစိမ်းလန်း စိုပြေတဲ့နေရာ ဖြစ်လာရ မယ်၊ ခါတိုင်းလို စီးပွားရေးကျဆင်းတဲ့အကြိုကာလ အခြေအနေမျိုး ပြန်မရောက်အောင် သေချာ အာမခံရမယ် ဆိုတဲ့အသံကို ဒီချီတက် ပွဲနဲ့ လူထုစည်းဝေးပွဲကြီးက သာမန်ပြည်သူတွေ သိလာစေမှာ ဖြစ်တယ်လို့ စည်းရုံးရေးမှူးတွေက ယုံကြည်ကြတယ်။ ငြိမ်းချမ်းတဲ့ ချီတက်ဆန္ဒပြမှုတွေနဲ့လူထုစည်းဝေးပွဲကြီးဟာ ၅ နာရီလောက်ကြတယ်။ အကြမ်းဖက်အထိတ်တလန့်ဖြစ်တာတွေ ဘာမှမရှိခဲ့ဘူး။ ပုလိပ် ထောင်ပေါင်းများစွာကလည်း ငြိမ်ဝပ်ပိပြားရေးအတွက် တနေ့လုံး စုဖွဲ့လှုပ်ရှားနေကြတယ်။ အစဉ်အဆက်လှုပ်ရှားမယ့် ဒီဆန္ဒပြပွဲကြီးက လာမယ့် ဧပြီ ၂ ရက်မှာကျင်းပမယ့် G20 ထိပ်သီးဆွေးနွေးပွဲနဲ့ တိုက်ဆိုင်နေတယ်။ ဧပြီ ၁ ရက်နဲ့ ၂ ရက်နေ့မှာ လုပ်မယ့် ဆန္ဒပြပွဲမှာ အနာခစ်တွေ (အစိုးရမလိုတဲ့လူ့ဘောင်တည်ဆောက်ရေးဂိုဏ်သားများ)က လက်ရှိဖြစ်နေတဲ့ ဘဏ္ဍာရေးအကျပ်အတည်းအပေါ် ဒေါသ ထွက်နေတဲ့ပြည်သူတွေကို အသုံးချပြီး အကြမ်းဖက်မှုတွေအဖြစ်ပြောင်းပစ်နိုင်တယ်လို့ ယုံကြည်နေကြတယ်။(ဆင်ဟွာသတင်း)

Comments