အင်္ဂါနေ့၊ ဧပြီလ 21 2009
နအဖ စစ်တပ်၏ မြေယာ အဓမ္မသိမ်းယူခံရသည့် မွန်၊ ပအိုဝ်းနှင့် ရခိုင် ဒေသခံ တိုင်းရင်းသားများ စားဝတ်နေရေး ခက်ခဲနေကြောင်း တိုင်းရင်းသား လူငယ်များက ယနေ့ ထုတ်ဖော်ပြောဆိုသည်။
တိုးတက်သော မွန်လူငယ် အစည်းအရုံး (MYPO)၊ ပအိုဝ်းလူငယ် အစည်းအရုံး (PYO) နှင့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) စသည့် အဖွဲ့များက ၁၉၉၃ ခုနှစ်မှစ၍ ၂ဝဝ၈ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် အကြောင်းအရာ အချက်အလက်များကို စုဆောင်း၍ “ကျွန်ုပ်တို့၏ မြေယာများကို သိမ်းပိုက်ထားခြင်း” အမည်ရှိ အစီရင်ခံကို ယနေ့ ပူးတွဲထုတ်ပြန်ရာ၌ ပြောဆိုလိုက်ကြခြင်းဖြစ်သည်။
“Report အဓိကထားတာက ရေးမြို့နယ်မှာရှိတဲ့ လမိုင်းမြို့နယ်ခွဲ၊ ခေါ်ဆာမြို့နယ်ခွဲတွေထဲက ရွာတွေပေါ့နော်။ ၉၈ ကနေပြီး ၂ဝဝ၈ ပေါ့နော်။ လယ်ယာမြေကို သူတို့ သိမ်းပြီးတော့ တပ်ဆောက်တယ်၊ စစ်တပ် မိသားစုတွေနေဖို့ ရွာအသစ်တည်တယ်။ တချို့မြေယာကို စစ်တပ်က အုတ်ဖုတ်တာ ရှိတယ်။ အချို့ ရာဘာခြံတွေကို သိမ်းပြီး ဒေသခံ စီးပွားရေးသမားတွေဆီကို ကော်မရှင်စားပြီး ပြန်ရောင်းတယ်” ဟု ကျေးရွာများသို့ ကိုယ်တိုင် ကွင်းဆင်းပြီး အချက်အလက် ကောက်ယူခဲ့သော “တိုးတက်သော မွန်လူငယ် အစည်းအရုံး” (MYPO) မှ တာဝန်ခံတဦးဖြစ်သူ ကိုဉာဏ်စိုက်က မဇ္ဈိမကို ပြောသည်။
စစ်တပ်စခန်းများ တည်ဆောက်ရန်နှင့် စစ်တပ်မိသားစုများ အခြေချနိုင်ရေး၊ စစ်တပ်စီးပွားရေး လုပ်ကိုင်ရန်၊ နိုင်ငံခြားနှင့် ပြည်တွင်း စီးပွားရေး ကုမ္ပဏီများကို နေရာအငှားချပေးရေးတို့ ရည်ရွယ်ပြီး ဒေသခံများ၏ မြေယာများကို အခကြေးငွေ မပေးဘဲ သိမ်းယူခြင်းဖြစ်ကြောင်း တိုင်းရင်းသားလူငယ် တာဝန်ခံများ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
နောက်ဆက်တွဲအနေဖြင့် အဆိုပါမြေယာများကို မှီခိုနေကြရသူ ဒေသခံများသည် အလုပ်လက်မဲ့များ၊ ပျံကျ အလုပ်သမားများ၊ ရွှေ့ပြောင်းအလုပ်သမားများအဖြစ်သို့ ရောက်ရှိသွားကြသလို၊ သားသမီးများ၏ ပညာရေးကိုလည်း ဆက်လက်ပံ့ပိုးပေးနိုင်ခြင်း မရှိတော့ဘဲ၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ ထွက်ခွာသွားကြသည့် လူငယ်လူရွယ်များလည်းရှိကြောင်း ဆိုထားသည်။
ကိုဉာဏ်စိုက်က အသိမ်းခံရသည့် လယ်ယာမြေအများစုမှာ ရေးမြို့နယ်နှင့် လမိုင်းမြို့နယ်ခွဲအတွင်းရှိ အာယုတောင်၊ မော့ကနင်၊ ကျောင်းရွာ၊ ဇာကလယ်ရွာများနှင့် ခေါ်ဆာမြို့အပါအဝင် ခေါ်ဆာမြို့နယ်ခွဲအတွင်းရှိ ရင်းရဲရွာတို့မှ ဖြစ်ပြီး ၁၉၉၈ ခုမှ ၂ဝဝ၅ ခုနှစ်အထိ ဧက ၈,ဝဝဝ ခန့်ကို သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
မြေယာသိမ်းယူခဲ့သည့် တပ်များမှာ ခလရ ၂၉၉၊ ၃၄၃၊ ၅၈၃၊ ၅၈၆၊ ၅၈၇၊ ၅၈၈၊ ၅၈၉၊ ၅၉၁၊ အမြှောက်တပ် ၃၁၇၊ စကခ ၁၉ စသည်တို့ဖြစ်ကြောင်း ကိုဉာဏ်စိုက်က ပြောသည်။
ခလရ ၅၈၆ ၏ သိမ်းဆည်းခြင်းခံရသည့် ရေးမြို့မှ မိသားစုတစုသည် ရေးမြို့၊ မော်လမြိုင်ခရိုင် စသည့် အာဏာပိုင်များမှစ၍ နေပြည်တော်အထိ အဆင့်ဆင့် တင်ပြခဲ့ဖူးသော်လည်း အရေးယူဆောင်ရွက်ပေးခြင်း မရှိသည်သာမက ခြိမ်းခြောက်ခံရကြောင်း သိရသည်။
ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ တာဝန်ရှိသူ ခွန်ဆျန်ကီကလည်း “မြို့နယ်တခုလုံးတော့ မဆင်းနိုင်ဘူး။ ၂ဝဝ၈ မှ စလုပ်ပြီးတော့ အချက်အလက် စုဆောင်းတာကို ၅ လ အချိန်ယူတယ်။ ဒါပေမဲ့ ဖြစ်ပျက်တာတွေက ၁၉၉၃ ခုနဲ့ ၂ဝဝ၈ ကြားပေါ့နော်။ ရွာသားတွေက ဘိုးဘွားလက်ထက်ကတည်းက စိုက်ပျိုးလာတဲ့ မြေတွေပေါ့နော်။ တချို့ကျတော့ နွားစားကျက်လည်း ပါတယ်ပေါ့။ အသိမ်းခံရတဲ့ ဧကကို တချို့နေရာတော့ ပြောဖို့ ခက်တယ်'' ဟု ပြောသည်။
အလားတူ ဆီဆိုင်မြို့နယ်တွင် ခလရ ၄၂၃-၄၂၄၊ ဟိုပုံးဖက်တွင် တိုင်းဗဟိုအမှတ် ၃ လေ့ကျင့်ရေးတပ်နှင့် စစ်မြေပြင် အင်ဂျင်နီယာတပ် ၉ဝ၃၊ တောင်ကြီးနှင့် ဟိုပုံးမြို့နယ်အကြားရှိ ဆက်သွယ်ရေးတပ် ၂၁၂ တို့က ဒေသခံများ လုပ်စား နေသော မြေယာများကို သိမ်းယူကြကြောင်း ခွန်ဆျန်ကီက ပြောသည်။
သူက ဆက်ပြီး ''ဟိုပုံးမြို့ရဲ့ အရှေ့မြောက်ဘက်က နောင်သောင်း၊ နောင်ခုံဝ်း၊ ကျန်းကျုတ်၊ ဖရာဗွာ၊ လွယ်ပေါ်၊ နမ်းမဟုတ် ရွာတွေ တဝိုက်မှာတင် ဧက ၂ သောင်းကျော်တယ်။ လေ့ကျင့်ရေးကွင်းနဲ့ စစ်တပ်ဗျူဟာကွင်းဆိုပြီး နှစ်ပိုင်း သတ်မှတ်ထားတယ်” ဟု ပြောသည်။
စစ်တပ်က သိမ်းခဲ့သည့်မြေကို အသိမ်းခံရသူများကို အငှားပြန်ချပြီး လစဉ်ကြေးကောက်ယူနေကြောင်း၊ တချို့ အလုပ်လက်မဲ့ ဖြစ်သွားသူများသည် ဘိန်းစိုက်ခင်းများတွင် နေ့စားလုပ်ရန် မဲနယ်တောင်၊ နမ်းစမ်၊ မောက်မယ် ဒေသများသို့ ထွက်ခွာသွား ကြကြောင်း သိရသည်။
အလားတူ ရခိုင်ပြည်နယ်ဘက်တွင်လည်း ကျောက်ဖြူ၊ ပုဏ္ဍားကျွှန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်များအတွင်းမှ အချို့ ရွာများတွင် တရုတ်နှင့် အေးရှားဝေါကုမ္ပဏီများအတွက် စစ်တပ်က မြေယာ ဧက ၅ သောင်းကျော် သိမ်းယူခဲ့ကြောင်းနှင့် မြေယာသိမ်းသည့် စစ်တပ်အမှတ်များကိုမူ ဖော်ပြနိုင်ခြင်းမရှိကြောင်း ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ ကိုအောင်မင်းဦးက မဇ္ဈိမကို ပြောသည်။
သူက “တရုတ် CNOOC ကုမ္ပဏီ၊ အေးရှားဝေါလ်တို့ ရေနံတူးတဲ့အခါကျတော့ ဒေသခံမြေတွေကို သိမ်းတယ်။ အဓိကကတော့ ကျောက်ဖြူမြို့နယ် ရမ်းဗြဲကျွှန်းပေါ့နော်။ နောက်ပြီး ဒေသခံတွေ သားစဉ် မြေးဆက်လုပ်လာတဲ့ ရိုးရာရေနံတွင်းတွေကို သိမ်းတယ်။ အဲဒါတွေကို ကျနော်တို့က အဓိက focus လုပ်ပြီးတော့ ဖော်ပြထားတာပါ။ ပုဏ္ဍားကျွန်းဘက်ကျတော့ စစ်တပ်က အင်အားတိုးချဲ့ဖို့ မြေသိမ်းတာတွေပေါ့။ ကျနော်တို့ စုဆောင်းတာက ၂ဝဝဝ ကနေစပြီးတော့ ၂ဝဝ၈ အထိ ဖြစ်တာတွေပေါ့” ဟု ပြောသည်။
ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာကြသော တောင်သူများထံမှ နအဖ စစ်တပ်နှင့် အုပ်ချုပ်ရေးအာဏာပိုင်များ ပူးပေါင်းပြီး စစ်တပ်စီမံကိန်းများ၊ ပုဂ္ဂလိက ကုမ္ပဏီများအတွက် အဓမ္မသိမ်းယူမှုများ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသည်။
ထင်ရှားသည့် အဖြစ်အပျက်တခုမှာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် - အိုင်အယ်အို က ကြားဝင်ဖြေရှင်းပေးခဲ့သဖြင့် လယ်ယာမြေ အချို့ ပြန်လည်လုပ်ကိုင်ခွင့် ရနေပြီဖြစ်သည့် မကွေးတိုင်း အောင်လံမြို့နယ်ရှိ မြန်မာ့ဦးပိုင်စီးပွားရေး ကော်ပိုရေးရှင်း ပိုင်ဆိုင်သည့် ရုံးဆိပ်သကြားစက် စက်ရုံမှူး ဗိုလ်မှူးရဲနိုင်က ဒေသခံ တောင်သူများထံမှ မြေယာသိမ်းယူမှုဖြစ်သည်။ (မဇ္ဈိမ)

Comments
Post a Comment