မြန်မာ အနောက်ဘက် နယ်စပ်တွင် ဆန်ဈေးများ အဆမတန် မြင့်တက်

ခိုင်ခိုင်စံ (နိရဉ္စရာ) မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့ နယ်တွင် ယခု တရက် နှစ်ရက်အတွင်း ဆန်ဈေးနှုန်းများ အထူးမြင့် တက်သွားသည်ဟု မောင်တောမြို့ခံ တဦးက ပြောသည်။

“ဆန်တွေကို ဘူးသီးတောင်ကနေ မောင်တောကို သယ်ယူခွင့်ကို ပိတ်လိုက်တဲ့ အတွက် ဆန်ဈေးတွေ မြှင့်တက်သွားရတာ ဖြစ်ပါတယ်။ ဆန် တအိတ် တပိုင်းက အစ သယ်ယူခွင့် မရှိတော့ဘူး။ အကုန်လုံးကို လိုက်ဖမ်းနေပါတယ်” ဟု သူက ပြောသည်။

မြှင့်တက်သွားသည့် ဆန်ဈေးနုန်းများကိုလည်း သူက ယခုကဲ့သို့ ပြောသည်။

“ဟိုအပတ်က ဧည့်မထ ဆန်တစ်အိတ်ကို တစ်သောင်း သုံးထောင် ရှိပါတယ်။ အခု တစ်သောင်း ခြောက်ထောင်ထိ မြှင့်တက် သွားခဲ့ပါတယ်။ ပီးတော့ ပေါ်ဆန်မွှေး တစ်အိတ်ကို တသောင်း ခုနှစ်ထောင်ကနေ နှစ်သောင်း ခုနှစ်ထောင် အထိတက်သွား ခဲ့ပါတယ်။ ဆန်ဈေးတွေ ခုလို ရုတ်တရက် ခုန်တက်သွားတဲ့အတွက် တခြား ကုန်ဈေးနုန်း တွေပါ မြှင့်တက်ကုန်တော့ ကျွန်မတို့လို့ တရက်လုပ်မှ တရက်စားရတဲ့ လူတွေ အတွက် သိပ်ကို အခက်အခဲ ဖြစ်သွားပါတယ်။”

ယခုကဲ့သို့ ဘူးသီးတောင်မှ မောင်တောသို့ ဆန်သယ်ယူခွင့်ကို အာဏာပိုင်များက ပိတ်ပင်လိုက်ခြင်း အကြောင်းအရင်းကို အတိအကျ မသိရသော်လည်း ပြည်တွင်းဆန်များ တဖက်နိုင်ငံသို့ ရောက်ရှိသွားမည်ကို စိုးရိမ်၍ ဖြစ်ပုံရသည်ဟု အစိုးရ ၀န်ထမ်း တဦးမှ ပြောသည်။

နအဖ စစ်အာဏာပိုင်များသည် ရခိုင်ပြည်နယ် အလယ်ပိုင်းမှ ထွက်ရှိသော ဆန်များကို ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ သယ်ယူခွင့်ကို တင်းတင်း ကျပ်ကျပ်ပိတ်ပင်ထားသည်။ သို့အတွက် အဆိုပါ ဒေသတွင် ဆန်ဈေးမှာ တခြား ရခိုင်ဒေသများထက် အမြဲ နှစ်ဆခန့် ပိုမြှင့်နေသည်ဟု သိရသည်။

Source :http://www.narinjara.com/detailsbur.asp?id=2369

Comments