ကျောက်စိမ်းတွင်းတွင် စစ်သားစုဆောင်းရေးပြုလုပ်

ကချင်ပြည်နယ်၊ တာမခံ-ဖားကန့် ကျောက်စိမ်းတွင်း ဒေသတွင် အနယ်နယ်အရပ်ရပ်မှ ကျပန်းအလုပ် လာလုပ်နေသည့် လူငယ်များသည် နအဖစစ်တပ်နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့၏ စစ်သားအဖြစ် စုဆောင်းခံနေရကြောင်း သိရသည်။

နအဖက စစ်သားစုဆောင်းရေး ပြုလုပ်ရာတွင် အရွယ်မရောက်သေးသည့် ကလေးများကိုလည်း စစ်သားစုဆောင်းနေသဖြင့် ရန်ကုန်ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို) ရုံးခွဲသို့ မကြာခဏ တိုင်ကြားခံနေရပြီး စုဆောင်းထားသူများကို ပြန်လွှတ်ပေးနေရချိန်တွင် ယခုကဲ့သို့ နယ်စွန်နယ်ဖျား၌ စစ်သားစုဆောင်းရေးများ ပြုလုပ်လာခြင်း ဖြစ်သည်။

ကျောက်စိမ်းကုမ္ပဏီတို့၏ ကျောက်ကျင်းများမှ စွန့်ပစ်မြေစာများတွင် ကျောက်ရှာဖွေနေသည့် ဒေသ အခေါ် ရေမဆေးသမားများ၊ ပျံကျအလုပ်သမားများနှင့် ဈေးသည်များအား စစ်တပ်က ခြိမ်းခြောက်၍တမျိုး၊ စည်းရုံး၍တသွယ်၊ ဖမ်းဆီး၍ တနည်း ပုံစံအမျိုးမျိုးဖြင့် စစ်သားစုဆောင်းနေကြသည်ဟု မကြာသေးခင်က ကျောက်စိမ်းတွင်းဒေသမှ ပြန်လာသူ ကျောက်ကုန်သည် တဦးက ပြောသည်။

၎င်းက “သူတို့တွေက အရပ်ဝတ်နဲ့ ရေမဆေးသမားတွေထဲ လာရောတယ်။ လူငယ်ပိုင်း အိမ်ထောင်မရှိကို လိုက်ရှာမယ်၊ ပြီးတော့ စည်းရုံးမယ်၊ မရရင် ခြိမ်းခြောက်မယ်၊ နောက် ဆေးနည်းနည်းပါးပါး ဆော့တတ်တဲ့ကောင်တွေ့ရင် ဖမ်းမယ်၊ ဆီးမယ်နဲ့ တခါတည်း ခေါ်သွားတယ်၊ အဲလို လုပ်နေကြတာ။ လူငယ်ပိုင်း ရေမဆေးသမားတွေ အတော်ကို နည်းသွားတယ်လို့ ပြောတယ်။ ကချင်အဖွဲ့တွေလည်း စုဆောင်းရေးဆွဲနေတယ်လို့ ပြောတယ်။ ဆိုတော့ ကချင်ရော၊ စစ်တပ်ရော နှစ်ဖက်ဆွဲတော့ လူတွေက ကြောက်နေကြတယ်” ဟု ပြောသည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကလည်း ပြီးခဲ့သည့်နှစ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖ၏ ဖိအားပေးခံရပြီး နောက်ပိုင်းမှစ၍ ဒေသအတွင်း စစ်သားသစ် စုဆောင်းမှုနှင့် ရန်ပုံငွေရှာမှုများကိုပါ ကျောက်စိမ်းတွင်း ဒေသ၌ ပြုလုပ်လာခဲ့သည်ဟု ဖားကန့်ဒေသခံတဦးက ပြောသည်။

၎င်းက “ကချင်အဖွဲ့က သူတို့ ငြိမ်းချမ်းရေး မယူခင်တုန်းက ဝေခါလမ်း၊ ကားမိုင်းလမ်းတွေမှာ အကောက်ခွန်ဂိတ်တွေ ဖွင့်ထားတယ်။ မှော်ထဲက ကျောက်စိမ်းကျင်းတွေမှာ အခွန်လိုက်ကောက်တယ်။ နအဖ စစ်ကြောင်း ဝင်လာရင်တော့ တိုက်ပွဲဖြစ်ရင်ဖြစ်၊ မဖြစ်ချင်ရင် ရှောင်ပြေးနဲ့၊ ရန်ပုံငွေတွေလည်း တော်တော်ဝင်တယ်။ ငြိမ်းချမ်းရေးလည်းယူရော အဲဒီအခွင့်ရေးတွေ လက်လွှတ်လိုက်ရတယ်။ နအဖက လုပ်ခွင့်မပေးတော့ဘူး။ အခုကျမှ နိုင်ငံရေး ရာသီဥတု မသာယာတော့ တိုးတိုးတိတ်တိတ် အခွန်ကောက်၊ စစ်သားစု အဲလိုလုပ်နေရတယ်” ဟု ပြောသည်။

ကျောက်စိမ်းတွင်းဒေသအတွင်း ငွေလာရှာနေကြသည့် လူငယ်များသည် အခက်အခဲအမျိုးမျိုးကို ကျော်လွှားရပ်တည် နေရချိန်တွင် ယခုကဲ့သို့ စစ်သားစုဆောင်းရေးကိုပါ ရင်ဆိုင်လာရကြောင်း ရေမဆေးသမားများနှင့် နီးစပ်သည့် ကျောက်ကုန်သည်တဦးက ပြောသည်။

၎င်းက “မှော်ထဲ စီးပွားလာရှာတယ်ဆိုတာက အတော်လေး စွန့်စားပြီးလာရတာ။ ရာသီဥတုဒဏ်၊ ငှက်ဖျားကလည်း အတော်ဆိုးတာ၊ ဖြစ်သလို နေထိုင်စားသောက်နေရတာ။ မူးယစ်ဆေးတွေ၊ လောင်းကစားတွေကြားထဲမှာ မပျက်စီးအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းပြီး ငွေရှာကြရတာ။ အဲလို ဒဏ်တွေကို ကြံ့ကြံ့ခံရင်း ဘဝကိုရင်ဆိုင်နိုင်ပေမယ့် အခုလို လက်နက်ရှိသူတွေကိုကျတော့ သူတို့လွန်ဆန်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်လည်း ပြန်တဲ့သူ ပြန်ကြတယ်။ တချို့လည်း ရေမဆေးကျောက် ထွက်မကောက်ရဲကြတော့ဘူး” ဟု ပြောသည်။

Source :http://khitpyaing.org/news/March%202010/5310a.php


Comments