စစ်အစိုးရက ဝ တပ်ဖွဲ့ကို မတရားအသင်း ကြေညာမည်ဟု သတင်းထွက်

စစ်အစိုးရက တောင်းဆို ထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သော ဝပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ကို မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သိရသည်။

ရှမ်းပြည်နယ် တနေရာတွင် စစ်ရေးပြ လေ့ကျင့်နေသော UWSA တပ်ဖွဲ့ဝင်များ

စစ်အစိုးရ အရာရှိများက နေပြည်တော်နှင့် အဆက် အသွယ် ရှိသော တရုတ် အစိုးရ အရာရှိ များကို မကြာသေးမီက ယင်းသို့ ပြောကြားကြောင်း စစ်ဘက် သတင်းများက ဆိုသည်။

နယ်ခြား စောင့်တပ် ပြောင်းလဲရေး အတွက် စစ်အစိုးရက မတ်လ ၁၀ ရက်မတိုင်မီ UWSA နှင့် ဆွေးနွေး နိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နီးစပ်သူများ ကလည်း ပြောဆိုသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို UWSA တပ်ဖွဲ့ လက်ခံလာစေရေး ကြားဝင်ဖျောင်းဖျရန် စစ်အစိုးရ အရာရှိများက တရုတ် အာဏာပိုင်များကိုပန်ကြားထားကြောင်း၊ အကယ်၍ UWSA တပ်ဖွဲ့သာ တရားမဝင်အဖွဲ့ဖြစ်သွားပါက အင်အား သုံးသောင်းခန့် ရှိ UWSA တပ်ဖွဲ့ကို စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟု သိရသည်။

ယခုအခြေအနေမှာ ပွင့်လင်းရာသီ ကုန်ဆုံးခါနီးဖြစ်ကြောင်း၊ မိုးများသည့် မုတ်သုံရာသီတွင် စစ်ဆင်ရေးလုပ်မည်ဆိုပါက စစ်အစိုးရ တပ်များ အနေဖြင့် အခက်အခဲရှိကြောင်း၊ UWSA တပ်ဖွဲ့အနေဖြင့် ထိပ်တိုက်ရင်ဆိုင်မှုမျိုးကို ပြုလုပ်မည် မဟုတ်ဘဲ ပြောက်ကျား တိုက်ခိုက်သည့် မဟာဗျူဟာကို အသုံးပြုနိုင်သည့်အတွက် စစ်ပွဲမှာ ကြာရှည်နိုင်ကြောင်း တရုတ် မြန်မာနယ်စပ် ရှိ စစ်ရေးအကဲခတ်များကဆိုသည်။

တရုတ်-မြန်မာ နယ်စပ်တွင် တင်းမာမှုများရှိနေသည်နှင့်အမျှ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကလည်း နယ်စပ် ဒေသတွင်အနီးကပ်စောင့်ကြည့်၍ တပ်လှန့်ထားကြောင်း တရုတ် စစ်ဘက်သတင်းများက ဆိုသည်။

ယင်း မတရားအသင်း ကြေညာမည့် ကိစ္စနှင့်ပတ်သက်၍ UWSA သို့ ဆက်သွယ်၍ မရရှိခဲ့ပေ။

စစ်အစိုးရတပ်များက UWSA တပ်ဖွဲ့ကို စစ်ဆင်တိုက်ခိုက်ခဲ့ပါက ဒုက္ခသည်သစ်များ တရုတ်ပြည်သို့ နောက်တကြိမ် ခိုလှုံရဖွယ် ရှိနေသည်။

ပြီးခဲ့သည့်နှစ်က တရုတ်-မြန်မာနယ်စပ် ကိုးကန့် ဒေသရှိ ဦးဖုန်ကြားရှင် ခေါင်းဆောင်သော မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) အဖွဲ့ကို တိုက်ခိုက်ပြီး စစ်အစိုးရက ပထမဆုံးအကြိမ် မတရား အသင်းအဖြစ် ကြေညာခဲ့သည်။

ယင်း ကိုးကန့်ဒေသ ပဋိပက္ခကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းပြီး တရုတ်ပြည်ဘက်သို့ ဒုက္ခသည် ထောင်ပေါင်း များစွာ ရောက်ရှိခဲ့သည်။

Source :http://www.irrawaddy.org/bur/index.php/news/1-news/2727-2010-03-05-12-41-45

Comments