နအဖသြဇာခံ ကိုးကန့်ခေါင်းဆောင်များဖြင့် ကိုးကန့်တပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းမည်

ခိုင်လင်း / ၂၆ သြဂုတ် ၂၀၀၉(ခေတ်ပြိုင်)

မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် ကိုးကန့်တပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းရန် ယမန်နေ့က လောက်ကိုင်မြို့တွင် အစည်းဝေးတရပ် ခေါ်ယူကျင်းပခဲ့သည်။

လောက်ကိုင်မြို့အခြေစိုက် ဒေသကွပ်ကဲရေး စစ်ဌာနချုပ်၏ စေခိုင်းချက်အရ ယခင် ကိုးကန့်တပ်ဖွဲ့မှ ခွဲထွက်သွားသည့် ကွမ်းလုံ အထူးတိုက်ခိုက်ရေး ရဲတပ်ဖွဲ့မှ ခေါင်းဆောင်များ၊ ကိုးကန့်ဥက္ကဋ္ဌ ဖုန်ကျားရှင်တို့နှင့် သဘောထားကွဲခဲ့သည့် ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ကြသည်။

၁၉၉ဝ ခုနှစ်ကျော်ကာလများက ကိုးကန့်တပ်ဖွဲ့အတွင်း ဖုန်ညီအစ်ကိုနှင့် ရန်ညီအစ်ကို အာဏာလုတိုက်ပွဲများအတွင်း အရေးနိမ့်သွားသည့် ရန်မိုလျံ၊ ရန်မိုအန်း ညီအစ်ကိုဦးဆောင်သည့်အဖွဲ့မှ ခေါင်းဆောင်များ၊ ဖုန်ကျားရှင်နှင့် သဘောထား ကွဲလွဲကာ နအဖ၏အကူအညီဖြင့် အာဏာသိမ်းရန် ကြိုးစားခဲ့သည့် ဒု-ဥက္ကဋ္ဌ ပိုင်စုံချိန်၊ မင်ရွှေချန်၊ လျူကော်ရှီ စသည့်ပုဂ္ဂိုလ်များဖြင့် အဖွဲ့သစ်ပြန်လည်ဖွဲ့စည်းရန် အစည်းဝေးတွင် ဆွေးနွေးခဲ့ကြပြီး ဥက္ကဋ္ဌ ဖုန်ကျားရှင်၊ ညီတော်စပ်သူ ဖုန်ကျားဖု၊ သားများဖြစ်သည့် ဖုန်တာရွှင်၊ ဖုန်တာဖေ့တို့အား ဝရမ်းပြေးများအဖြစ် သတ်မှတ်လိုက်သည်ဟု လောက်ကိုင်မြို့မှ လာသည့်သတင်းများအရ သိရသည်။

လောက်ကိုင်မြို့အား လောက်ကိုင်ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံတပ်ရင်းများအပြင် သိန်းနီအခြေစိုက် အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) မှ တပ်ရင်းအချို့ ဝင်ရောက်နေရာယူ ထိန်းချုပ်ထားပြီး ယခုအသစ် ပြန်ဖွဲ့စည်းမည့်အဖွဲ့ကို အကာအကွယ်ပေးထားသည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “ပိုင်စုံချိန်တို့အဖွဲ့က ဖုန်ကျားရှင်တို့နောက်ပါသွားတဲ့ တပ်ကို ပြန်လာဖို့ ပြောနေတယ်။ ဒီနေ့နောက်ဆုံးထားပြီး ဝင်လာခိုင်းတယ်။ မဝင်လာရင်တော့ ချမယ်ဆိုတဲ့သဘောပေါ့ဗျာ။ ဖုန်ကျားရှင်တို့နောက်မှာလည်း ကိုးကန့်တပ်တွေက ရှိနေတော့ အဲဒီတပ်တွေကို ပြန်အပ်ခိုင်းနေတယ်” ဟု ပြောသည်။

၁၉၉ဝ ဝန်းကျင် ကာလများက ကိုးကန့်တပ်ဖွဲ့အတွင်း ဖုန်ညီအစ်ကိုနှင့်ရန်ညီအစ်ကို အာဏာလုတိုက်ပွဲ အစောပိုင်းတွင် ရန်အဖွဲ့မှ အသားစီးရသော်လည်း ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် ဖုန်ကျားရှင်၏ သမက်တော်စပ်သူ ဦးစိုင်းလင်း၏ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (မိုင်းလား) အဖွဲ့က ဝင်ရောက်ကူညီတိုက်ခိုက်ခဲ့သဖြင့် ဖုန်ညီအစ်ကိုများ ပြန်လည်အာဏာရရှိခဲ့ပြီး ရန်ညီအစ်ကိုမှာ အရေးနိမ့်ကာ နဝတ၏ အကာအကွယ်ကို ယူခဲ့ရသည်။

ရန်ညီအစ်ကိုအဖွဲ့က ကွမ်းလုံခရိုင် အထူးတိုက်ခိုက်ရေးရဲတပ်ဖွဲ့အဖြစ် အမည်ပြောင်းပြီး ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် နေရသကဲ့သို့ Peace Myanmar Group (PMG) ကုမ္ပဏီအမည်ဖြင့် အရက်နှင့် သောက်ရေသန့် ထုတ်လုပ်နေသည်။

ယခုလ (၂၃) ရက်ညပိုင်းက ဖုန်ကျားရှင်၏ နေအိမ်ကို ဝင်ရောက်စီးနင်းရာတွင် အဆိုပါ ရန်အုပ်စုမှ ကွမ်းလုံအထူးရဲများ ပါဝင်လာသည်ကိုကြည့်လျှင် ဖုန်အမျိုးအနွယ် မိသားစုတို့ ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့အားဖြိုခွဲရန် ရန်အမျိုးအနွယ်အုပ်စုနှင့် ပိုင်စုံချိန်၊ မင်ရွှေချန်၊ လျူကော်ရှီတို့ကို နအဖက အသုံးချလိုက်ခြင်းဖြစ်သည်ဟု ကိုးကန့်တပ်ဖွဲ့များနှင့် နီးစပ်သူဒေသခံတဦးက ပြောသည်။

၎င်းက “သူတို့တွေက အမျိုးသားရေးထက် ကိုယ့်ဆွေမျိုးမိသားစု ကောင်းစားရေးဘက် ပိုပြီး အလေးသာတယ်။ ရန်ကို ဝိုင်းချလို့ အရေးနိမ်တော့ နအဖက ကောက်မွေးစားထားတယ်။ အခု အသုံးတည့်မယ်ထင်တော့ ကောက်ထုတ်သုံးလာတယ်။ ပြီးတော့ သူတို့တွေက မူးယစ်ဆေးဝါးတွေ၊ လက်နက်ကိစ္စတွေနဲ့ ပတ်သက်နေတယ်။ အဲဒီအတွက် အချင်းချင်းစားခွက်လုပြီး ချနေကြတာ။ အခု ရန်အုပ်စုလည်း မူးယစ်ဆေးနဲ့မကင်းဘူး။ ရန်ထဲက အငယ်ဆုံးညီ ရန်မိုရှင်းဆိုတာ တရုတ်က ၁၉၉၃ မှာ သူ့ပြည်ထဲမှာ ဘိန်းဖြူတွေမိလို့ သေဒဏ်ပေးလိုက်သေးတယ်” ဟု ပြောသည်။

ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်၊ မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး စစ်အစိုးရနှင့် ပထမဆုံး ငြိမ်းချမ်းရေးလုပ်ကာ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၁) အဖြစ် သတ်မှတ်ခံထားရသည့်အဖွဲ့ဖြစ်သည်။

Comments