ပြည်နယ်နှင့်တိုင်းCity FM လှိုင်းသစ် လုပ်ပိုင်ခွင့်များ စစ်အစိုးရနှင့်နီးစပ်သူများရရှိ

ဝီရ / ၁၂ ဇွန် ၂၀၀၉


ပြည်နယ်နှင့်တိုင်းအလိုက် မြို့ကြီးများတွင် ထုတ်လွှင့်ရန် နောက်ထပ် စီစဉ်နေသည့် စီးတီး FM ရေဒီယို လုပ်ပိုင်ခွင့်များအား စစ်အစိုးရက ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေးသမားများကိုသာ ရွေးချယ်ပေးအပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

FM ရေဒီယို လိုင်းသစ် လုပ်ပိုင်ခွင့်များအား စစ်အစိုးရနှင့်နီးစပ်သူများ ဖြစ်သည့် ဇေကမ္ဘာ၊ ရွှေတောင်၊ ရွှေသံလွင်နှင့် Forever ကုမ္ပဏီတို့ ရရှိခဲ့ကြသောကြောင့် မီဒီယာလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသော အခြားကုမ္ပဏီတို့က မကျေမနပ် ဖြစ်နေကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင်ထုတ်လုပ်ရေးနယ်ပယ်မှ အထင်ကရ မန်နေဂျာတဦးက “အခု FM လုပ်ခွင့်ရသွားတဲ့ကုမ္ပဏီတွေက နအဖထိပ်ပိုင်းအရာရှိတွေနဲ့ နီးစပ်သူတွေ၊ ဆွေမျိုးတွေချည်းပဲ။ တချို့ကုမ္ပဏီတွေက နအဖနဲ့ အကျိုးတူပူးပေါင်း လုပ်နေကြလို့ သူတို့ကို ပေးတာတဲ့။ ပြီးတော့ တချို့ကုမ္ပဏီတွေဆို မီဒီယာလုပ်ငန်းနဲ့ အကျွမ်းတဝင် ရှိတာလည်း မဟုတ်ဘူး။ အခြားကုမ္ပဏီတွေက ဒါကို မကျေမချမ်း ဖြစ်နေကြတယ်။ ဒါပေမယ့် နအဖက သူတို့လူတွေကိုပဲ ဒီလိုပေးထားရင် သူတို့သုံးချင်သလို၊ ပုံစံသွင်းချင်သလို သွင်းလို့ရလို့ ရွေးပေးတာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ယခု FM လုပ်ပိုင်ခွင့် ရရှိကြသည့်ကုမ္ပဏီများသည် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ၊ သစ်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းအပါအဝင် နအဖစစ်အစိုးရနှင့် အကျိုးတူပူးပေါင်းသည့်လုပ်ငန်းများ လုပ်ကိုင်နေကြသည့် ကုမ္ပဏီများဖြစ်ကြောင်း အဆိုပါ မန်နေဂျာက ရှင်းပြသည်။

ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၏ သမီးဖြစ်သူ ဇေဇင်လတ်သည် နအဖ ထိပ်ပိုင်းအရာရှိ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ချွေးမတော်စပ်သူ ဖြစ်ပြီး ရွှေတောင်ကုမ္ပဏီသည် ငွေမည်းခဝါချမှုဖြင့် ၂၀၀၃ ခုနှစ်က အပိတ်ခံလိုက်ရသည့် အာရှဓနဘဏ် ပိုင်ရှင် ဦးအိုက်ထွန်း၏ ကုမ္ပဏီ ဖြစ်သည်။

မြန်မာစစ်အစိုးရအပေါ် အနောက်နိုင်ငံတို့က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားသည့်စာရင်းတွင် ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေ၊ ရွှေသံလွင် ကုမ္ပဏီ ပိုင်ရှင် ဦးကျော်ဝင်းတို့လည်း ပါဝင်ပြီး မြန်မာစစ်အစိုးရနှင့် ပတ်သက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် နအဖအရာရှိများ၏ ကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်ပေးနေသူများအဖြစ် သတ်မှတ်ခံရသူများ ဖြစ်သည်။

FM လိုင်းသစ်များကို ၂၀၀၉ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် အားလုံး စတင်အသံလွှင့်နိုင်ရန် စီစဉ်နေပြီး ပြည်နယ်နှင့် တိုင်းအလိုက် မြို့ကြီး (၂၀) ကျော်ကို (၄) ပိုင်းခွဲ၍ ထိုကုမ္ပဏီ (၄) ခုအား လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရုပ်ရှင်ထုတ်လုပ်ရေး မန်နေဂျာက ပြောသည်။

ပါဝင်သည့်မြို့များမှာ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ လွိုင်ကော်၊ စစ်ကိုင်း၊ မုံရွာ၊ မကွေး၊ မြစ်ကြီးနား၊ ဟားခါး၊ ပဲခူး၊ ပြည်၊ မော်လမြိုင်၊ ဘားအံ၊ ထားဝယ်၊ မြိတ်၊ ပုသိမ်၊ ကျောင်းကုန်း၊ စစ်တွေ၊ သံတွဲ၊ အမ်းမြို့တို့ဖြစ်သည်။

တိုင်းရင်းသားတို့နေထိုင်ရာ မြို့ရွာများတွင် ယခုကဲ့သို့ စီးတီး FM အသံလွှင့်သည့်အစီအစဉ်သည် နအဖ စစ်အစိုးရတို့ ကြီးမှူးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် အသုံးပြုဖွယ် ရှိသည်ဟု ပြည်တွင်းပြည်ပမှ နိုင်ငံရေး လေ့လာအကဲခတ်သူများက ပြောသည်။

ရခိုင်ပြည်နယ်တွင် စတင်အသံလွှင့်နေပြီး ဖြစ်သည့် ပဉ္စဝတီ စီးတီး FM တွင် စစ်အစိုးရပိုင် သတင်းစာ အာဘော်များနှင့် ဆောင်းပါးများကို အလေးပေး ထုတ်လွှင့်နေပြီး တိုင်းရင်းသားသီချင်းအချို့ကိုလည်း ထုတ်လွှင့်ပေးနေသည်။

မြန်မာနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှစ၍ ရန်ကုန် FM ကို စတင်ထုတ်လွှင့်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့သည့် မန္တလေး FM ကို ရန်ကုန်-မန္တလေး ကားလမ်းတလျှောက်တွင် နားဆင်နိုင်ပြီ ဖြစ်သည်။ ထိုစီးတီး FM နှစ်ခုကို မြို့တော်စည်ပင်သာယာရေး ကော်မတီက ပိုင်ဆိုင်သည်။(ခေတ်ပြိုင်)

Comments