မစၥတာဂမ္ဘာရီ မြန်မာနိုင်ငံပြည်သို့ ထွက်ခွာ

NEJ / ၂၅ ဇွန် ၂၀၀၉


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂကို ကိုးကား၍ နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြသည်။

မစ္စတာဂမ်ဘာရီသည် ယမန်နေ့က အမေရိကန်နိုင်ငံ နယူးယောခ့်မြို့မှ မြန်မာနိုင်ငံ သို့ ထွက်ခွာသွားခြင်းဖြစ်ပြီး ၎င်း၏ ခရီးစဉ်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ခရီးစဉ်မတိုင်မီ အကြိုသွားရောက်ခြင်း ဖြစ်နိုင်သည်ဟုလည်း ကုလသမဂ္ဂသံတမန်များက ထင်မြင်ယူဆနေကြသည်။

မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံသို့သွားရောက်ရန် သင့်တော်သောအချိန်ကို စောင့်ဆိုင်းနေကြောင်း အေပီသတင်း ဌာနသို့ ပြောကြားခဲ့သည်။ ၎င်းသည် ဇွန်လ (၃၀) မှ ဇူလိုင် (၂) ရက်အထိ ဂျပန်နိုင်ငံသို့ သွားရောက်ရန်အစီအစဉ် ရှိပြီး ထို့နောက် မြန်မာနိုင်ငံသို့ သွားရောက်နိုင်သည်ဟုလည်း သတင်းတွင်ဖော်ပြသည်။

မစ္စတာဂမ်ဘာရီ ယခုမြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်နှင့်စပ်လျဉ်း၍ အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ဒီခရီးစဉ်အပေါ်မှာ ကျနော်တို့ သိပ်ပြီးတော့ အကောင်းမြင်ပြောလို့လည်း မသင့်ဘူးဗျာ။ အဆိုးမြင် ပြောလို့လည်း မသင့်ဘူးဗျာ။ ဒါပေမယ့် ကမ္ဘာ့အဖွဲ့အစည်းအနေနဲ့ မြန်မာ့နိုင်ငံရေးပြဿနာအပေါ်မှာ စိတ်ဝင်စားပြီး လာရောက်တာကိုတော့ ကျနော်တို့ ကြိုဆိုပါတယ်” ဟု ပြောသည်။

မစ္စတာဂမ်ဘာရီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မြန်မာနိုင်ငံသို့ နောက်ဆုံးလာရောက်ခဲ့ပြီး ယခုအကြိမ် သည် (၈) ကြိမ်မြောက်လာရောက်ခြင်းဖြစ်သည်။

ထိုစဉ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှု ဆောင်များနှင့် တွေ့ဆုံနိုင်ခဲ့သည်။ တွေ့ဆုံပွဲတွင် အန်အယ်လ်ဒီက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး စသည့် အချက် (၃) ရပ်ကို အဓိကထားတင်ပြခဲ့သည်။

ယင်းသို့ အန်အယ်လ်ဒီဘက်မှ အဓိကထား ဆွေးနွေးခဲ့သော အထက်ပါအချက်များမှာ ယခုအချိန်ထိ တခုမျှ ပေါ်ထွန်းအောင်မြင်လာခြင်း မရှိသေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီခရီးစဉ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း လာရောက်နိုင်ရေးအတွက် အကြိုညှိနှိုင်းမှုများ လာရောက်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း မစ္စတာဂမ်ဘာရီအနေဖြင့် အောင်မြင်မှုများ မရခဲ့သဖြင့် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ခြင်းမရှိပေ။

Comments