ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေတဦး တင်သွင်းခွင့်ရ

NEJ / ၉ ဇွန် ၂၀၀၉

ယနေ့တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေတဦးကို ရန်ကုန်တိုင်းတရားရုံးက ထပ်မံတင်သွင်းခွင့် ပြုလိုက်သည်။

အဆိုပါသက်သေခံခွင့် ပြင်ဆင်မှုတွင်ပါဝင်သော သက်သေ (၃) ဦးအနက် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းတင်တို့ကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချလိုက်ကာ ဒေါ်ခင်မိုးမိုးကို သက်သေထွက်ဆိုခွင့်ပြုလိုက်ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းတရားရုံးက ဦးတင်ဦး၊ ဦးဝင်းတင်တို့ကို ဘာကြောင့် လက်မခံရသလဲဆိုတာကို သီးခြားပြောတာ မရှိဘူး။ ဒီနှစ်ဦးနဲ့ ပတ်သက်ပြီးတော့ အောက်ရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြင်ရန်အကြောင်းမရှိဘူးလို့ပဲ ပြောတယ်” ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် မေလ (၁၈) ရက်တွင် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး နောက် တရားလိုဘက်မှ သက်သေ (၁၄) ဦး တင်သွင်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့သော်လည်း (၁) ဦးသာ သက်သေထွက်ဆိုခွင့်ရသဖြင့် ရန်ကုန်တိုင်းတရားရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထား ခဲ့ရာ ယနေ့ရန်ကုန်တိုင်းတရားရုံးက နောက်ထပ် သက်သေ (၁) ဦး ထွက်ဆိုခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အန်အယ်လ်ဒီပါတီပြောခွင့်ရ ရှေ့နေကြီး ဦးဉာဏ်ဝင်းက “အခုလို ဦးဝင်းတင်တို့ကို ပယ်ချလိုက်တဲ့အတွက် ကျနော်
တို့ ထပ်မံ အယူခံတင်သွင်းသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အတွက် ဥပဒေရေးရာအရ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ ခွင့်ပြုချက်ရထားပြီးသားပါ” ဟု ပြောသည်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်က ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အမှုတွင် သက်သေလိုက်ခွင့်မရသည့်အကြောင်းမှာ လုံခြုံရေးအကြောင်းပြချက်များနှင့် ပြင်ပတွင် လှုပ်ရှားနေသည့် လှုပ်ရှားမှု များအရ ဖြစ်နိုင်ကြောင်း ခေတ်ပြိုင်သို့ ပြောသည်။

“ကျနော်ကျတော့ အန်အယ်လ်ဒီမှာ အကြောင်းအခြေအနေအရ တတ်နိုင်သလောက် ပြောဆိုနေရတာရှိတယ်။ ကျနော်လှုပ်ရှားနေတယ်။ လူတွေကြားထဲမှာ ထွက်နေတယ်ဆိုတော့ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်က ရှိခဲ့တဲ့ အာဏာဖီဆန်ရေးဆိုတဲ့ လိုင်းတွေအတိုင်းပဲ ကျနော်က အဲဒါတွေရဲ့ ပဲ့တင်သံလိုဖြစ်နေတယ်လို့ သူတို့က စွပ်စွဲတယ်ပေါ့ဗျာ။ ဦးဝင်းတင်ဟာ အာဏာဖီဆန်ရေးလိုင်းတို့၊ မတရားတဲ့အမိန့်အာဏာဟူသမျှ ဖီဆန်ကြလိုင်းတို့၊ နောက်တခါ ရှစ်လေးလုံးကာလတုန်းက ဆန္ဒတွေဖော်ထုတ်ကြဆိုတဲ့ ဆန္ဒဖော်သံဆိုတဲ့စာစောင် ကျနော်က ထုတ်ဖူးတာကိုး။ ဆိုတော့ ဒီအသံတွေအတိုင်း ဒီနေ့ပြောနေတဲ့စကားဟာ ဆန္ဒပြတာမဟုတ်ဘူး၊ ဆန္ဒဖော်ထုတ်တယ် ဆိုတဲ့ဟာတွေ ကျနော်သုံးတယ် ဘာညာ ဆိုပြီးတော့ ဖြစ်နေတဲ့အခါကျ ကျနော်က အဲလို ငြိနေတယ်” ဟု ၎င်းက ပြောသည်။

အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးမှာလည်း ထိန်းသိမ်းခံနေရသည့်အတွက် လုံခြုံရေးအကြောင်းပြချက်ဖြင့် ပယ်ခြင်းဖြစ်နိုင်သည်ဟု ဦးဝင်းတင်က ပြောသည်။

၎င်းက “သူတို့ရဲ့အကြောင်းပြချက်က ဖမ်းဆီးထားတဲ့ပုဂ္ဂိုလ်တွေကို အစိုးရက လုံခြုံရေးအကြောင်းပြချက်နဲ့ ပယ်တယ်ပေါ့ဗျာ။ တရားဥပဒေအရတော့ တရားခံပြသက်သေကို ဘယ်သူ့ဖြစ်ဖြစ် ခေါ်ပေးရမယ့်ဝတ္တရားရှိတယ်။
အခုကျတော့ တရားမျှတစွာစီရင်ရေးကို ပျက်ပြားစေနိုင်တယ်ဆိုပြီးတော့ တရားမျှတမှုကို ပျက်ပြားစေနိုင်တယ် ဆိုတဲ့ အကြောင်းပြချက်ကို တင်နေတယ် ကျနော်ထင်တယ်ဗျ” ဟု ပြောသည်။

“အန်အယ်လ်ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်စုနဲ့ ကျနော်တို့ ချိတ်မိမှာစိုးတယ်ပေါ့ဗျာ ဆိုတဲ့အသံတွေ ထွက်နေတာဟာ အစိုးရအသံမဟုတ်တောင် အစိုးရတပိုင်းအသံတွေ ထွက်နေတဲ့အခါကျတော့ ဒါလည်း ဂယက်ရိုက်မှု ဖြစ်လာလိမ့်မယ် ထင်ပါတယ်” ဟု ဦးဝင်းတင်က ရှင်းပြသည်။
---------------------------------------------------------------------
စစ်တွေလေဆိပ် လေယာဉ်ပြေးလမ်းမကောင်း

NEJ / ၉ ဇွန် ၂၀၀၉

ယခုလ ဇွန် (၆) ရက်တွင် စစ်တွေ လေဆိပ်၌ မြန်မာလေကြောင်းပိုင် လေယာဉ်တစင်း ပြေးလမ်းချော်ခဲ့ရခြင်းသည် လေယာဉ်ပြေးလမ်း စံချိန်စံညွှန်းမမီခြင်းကြောင့် အဓိကဖြစ်ကြောင်း မင်္ဂလာဒုံ လေကြောင်းထိန်းသိမ်းရေးဌာနမှ အရာရှိတဦးက ပြောသည်။

စစ်တွေလေယာဉ်ကွင်းသည် အပေါက်အပြဲများဖြင့် မကောင်းတော့သည့်အတွက် ပြုပြင်နေသည်မှာ အတော်ကြာနေ ပြီး ပြီးခဲ့သည့်လများအတွင်း ကွင်းကိုပိတ်ထားခဲ့ရာမှ ယခုပြန်ဖွင့်ကာ လေယာဉ်များ ပြန်ဆင်းသည်မှာ တလမပြည့် သေးကြောင်း အဆိုပါအရာရှိက ပြောသည်။

“အခု လေယာဉ်က အဆင်းမှာ လမ်းချော်ပြီး လေယာဉ်တောင်ပံကျိုးတဲ့အထိတောင် ဖြစ်သွားတယ်။ အဓိကကတော့ လေယာဉ်ပြေးလမ်းတွေ ပြန်ပြင်ထားတာ စံချိန်မမီဘူး၊ မိုးမကျခင် အပြီးဆိုတာနဲ့ အချိန်လုပြီး လုပ်ထားတာ၊ လမ်းတွေမညီဘူး၊ ရေတင်တယ်။ နောက်ပြဿနာတခုက လေယာဉ်ကလည်း အရမ်းအိုနေပြီ။ အဲဒါ လမ်းမညီတာနဲ့ လည်းတွေ့ရော ဘီးပြုတ်ထွက်တာပဲ။ အဖြစ်အပျက်က အတော့်ကို ကြောက်စရာကောင်းတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ မြန်မာ့လေကြောင်းပိုင် XY-ADW F-၂၈ လေယာဉ်သည် ဇွန် (၆) ရက် နံနက် (၇) နာရီ (၁၀) မိနစ်တွင် ရန်ကုန်မှ ထွက်ခွာပြီး (၈) နာရီ (၂၀) မိနစ်တွင် စစ်တွေလေဆိပ်၌ ဆင်းသက်စဉ် လေယာဉ်ဘီးပြုတ်ထွက်ပြီး လမ်းချော်ကာ တောင်ပံကျိုးသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မတော်တဆမှုတွင် တွဲဖက်လေယာဉ်မှူးတဦးသာ ထိခိုက်ဒဏ်ရာရကြောင်း အစိုးရက ကြေညာသည်။

စစ်တွေ လေယာဉ်ကွင်း မကောင်းသောကြောင့် ရန်ကုန်-စစ်တွေ လေကြောင်းခရီးစဉ်များကို မေလဆန်းမတိုင်မီက ရပ်နားထားပြီး မေလ (၈) ရက်နေ့ကမှ ပုံမှန်ပျံသန်းခြင်းဖြစ်သည်။ အပတ်စဉ် တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ စနေ (၅) ရက်ပျံသန်းသည်။

ရန်ကုန်- စစ်တွေ ပြေးဆွဲသည့် ပုဂ္ဂလိကလေကြောင်းလိုင်းများ ရှိသော်လည်း မြန်မာလေကြောင်းလိုင်းက ဈေးနှုန်းပိုမိုသက်သာသောကြောင့် စီနင်းသူများပြီး လက်မှတ်လည်း ၀ယ်ရခက်ခဲကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပုဂ္ဂလိက လေကြောင်းလိုင်းများ၏ ရန်ကုန်-စစ်တွေ လေယာဉ်ခသည် လူတဦး ကျပ် (၈) သောင်းရှိပြီး မြန်မာလေကြောင်းလိုင်းမှာ ကျပ် (၅) သောင်းသာ ရှိသည်။

မြန်မာလေကြောင်းလိုင်းတွင် ဂျက်လေယာဉ် F ၂၈၊ F ၂၇ နှင့် ATR အမျိုးအစား လေယာဉ်များဖြင့် ပြည်တွင်းခရီးစဉ် များ ပျံသန်းလျက်ရှိပြီး လေယာဉ်များသည် လွန်ခဲ့သည့် နှစ်ပေါင်း (၄၀) ကျော်ကတည်းက စတင်ပျံသန်းခဲ့ခြင်း ကြောင့် ယခုအချိန်တွင် ပိုမိုခေတ်မီသည့် လေယာဉ်အသစ်များနှင့် ပျံသန်းသွားရန်ရှိကြောင်း မြန်မာလေကြောင်းမှ အဆင့်မြင့်အရာရှိကြီးတဦးက ပြည်တွင်းပုဂ္ဂလိက ဂျာနယ်တစောင်ကို ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် လေယာဉ်ကွင်းများ စံချိန်စံညွှန်းမမီခြင်း၊ လေယာဉ်များ အိုမင်းဟောင်းနွမ်းခြင်း၊ အနားရချိန်မရှိဘဲ ဆက်တိုက်ဆိုသလို နေ့စဉ်ပြေးဆွဲပျံသန်းနေရခြင်းတို့ကြောင့် ယခုကဲ့သို့ မိုးကာလတွင် လေယာဉ်မတော်တဆမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်ရကြောင်း လေကြောင်းထိန်းသိမ်းရေး အရာရှိက ပြောသည်။
------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံ ထားရှိသွားမည်

အင်္ဂါနေ့၊ ဇွန်လ 09 2009 11:52 - မြန်မာစံတော်ချိန်

နယူးဒေလီ ။ ။ ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း တရားစွဲဆိုခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ပြင်ရှိ တပ်မစခန်းတခု အခြေစိုက်သည့် ဒေသတွင် နေအိမ်အကျယ်ချုပ် ထပ်မံချထားရန်အတွက် မြန်မာစစ်အစိုးရက ပြင်ဆင်နေကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

တပ်မ ၁၁ အခြေစိုက်ရာ ရန်ကုန်မြို့အထွက် ရဲမွန်မြို့တွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို ထားရှိသွားမည်ဖြစ်ကာ ဘန်ဂလိုတခုကို ပြန်လည်ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းရပ်ကွက်က ဆိုသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အား အင်းစိန်ထောင်အတွင်း မြောက်ပိုင်းခရိုင် တရားရုံးတွင် ကြားနာစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း မြန်မာစစ်အစိုးရသည် သူမကို နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံ၍ ထားရှိသွားရန် ဆုံးဖြတ်ပြီးဖြစ်နေကြောင်း သတင်းရပ်ကွက်က ဆက်လက်ပြောဆိုသည်။(မဇ္ဈိမ)

Comments