ဖမ်းဆီးရမိ သစ်ကားများ ဗန်းမော်သို့ ပို့ဆောင်

မျိုးကြီး
အင်္ဂါနေ့၊ မေလ 05 2009။


ကချင်ပြည်နယ် မန်စီမြို့နယ်ရှိ သစ်တောများအတွင်းမှ ဖမ်းဆီးရမိသည့် တရားမဝင် သစ်ကယ်ရီ ကားများအား လွန်ခဲ့သည့် ၂ ရက်ခန့်မှ စတင်၍ ဗန်းမော်မြို့သို့ မောင်းနှင် ပို့ဆောင်နေပြီ ဖြစ်သည်။

မန်စီမြို့နယ်အတွင်းရှိ တောင်ပေါ်နှင့် တောတွင်းများမှ ဖမ်းဆီးရမိခဲ့သည့် သစ်ကယ်ရီယာဉ် အစီးရေ ၂ဝဝ ခန့်ကို မြို့အနီး ကိုက်ထိပ်ရွာသို့ ပို့ဆောင်ခဲ့ကာ၊ ထိုမှတဆင့် မန်စီ-ဗန်းမော် လမ်းကြောင်းအတိုင်း ဗန်းမော်မြို့အရောက် မောင်းနှင် သယ်ယူသွားကြောင်း သိရခြင်း ဖြစ်သည်။

”တနေ့ကစပြီး ပို့နေတာပေါ့။ မနေ့ကတော့ ကိုက်ထိပ်ဈေးနေ့လေ။ တောင်ပေါ်ကနေ ကိုက်ထိပ်ကို မောင်းထားတာ။ ကုန်အလွတ်ပေါ့။ အဲဒီကနေ ဗန်းမော်ကို ဆက်မောင်းသွားတယ်” ဟု မျက်မြင်တွေ့ရှိသူ ဗန်းမော်မှ သစ်ကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။

သစ်ခုတ်လှဲရာသီ ယခုနှစ် ဇန်နဝါရီလမှ မတ်အတွင်း နအဖ စစ်ကြောင်းများက ပိုက်စိတ်တိုက် လိုက်လံ၍ ဖမ်းဆီးရာမှ ရရှိခဲ့သည့် သစ်သယ်ယူသည့် ကယ်ရီကားများဖြစ်ပြီး၊ တုန်ဖုန်း (DongFeng) အမျိုးအစား ဘော်ဒီအရှည်များ ဖြစ်သည်။

ပို့ဆောင်နေသည့် ကားများသည် ကိုက်ထိပ်ရွာ ပတ်ဝန်းကျင်နှင့် ဒေသခံများအခေါ် အောက်ချောင်း (တုံပုလွေ စီသော် စီခမ်းကြီး) စသည့် နယ်တဝိုက်မှ ကားများဖြစ်ကြောင်း သစ်ကားကယ်ရီသမား တဦးက ပြောသည်။

ဗန်းမော်သို့ ရောက်နှင့်ပြီဖြစ်သည့် ကားများအား ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ် - စကခ ၂၁ ဝန်းအတွင်း စုပုံထားရှိသည်။

”စစ်တပ်က ဗန်းမော်မှာ သစ်ကားမောင်းမဲ့သူတွေကို တယောက် ကျပ် တသောင်းပေး ခေါ်သွားတယ်။ ချောင်းထဲဘက်မှာလည်း အဲလို လုပ်နေတယ်” ဟု သစ်ကားကယ်ရီသမားက ဆိုသည်။

”အဖမ်းခံထားရတဲ့ ကားတွေက အသစ်စက်စက်တွေ များတယ်။ အရင်တုန်းက တုန်ဖုန်းကားတွေ သုံးတယ်။ အခုသုံးတဲ့ ကားတွေက ဖေါက်ချဲ၊ အယ့်စီဝူး၊ အခု အဆင့်အမြင့်ဆုံးက ယမ်းဖေါင်၊ အဲဒီကားတွေ သုံးကြတယ်။ အဲဒီကားအသစ်တွေ အဖမ်းခံရတာ။ အခုက တုန်ဖုန်းကားအစုတ်တွေပဲ ပြန်ပို့နေတာ တွေ့ရတယ်” ဟု သူက ဆက်ပြောသည်။

တောတွင်း၌ သစ်တိုက်ကယ်ရီအဖြစ် အသုံးပြုသည့် (တရုတ်အခေါ်) ဖေါက်ချဲ၊ အယ့်စီဝူး၊ ယမ်းဖေါင် ဆိုသည့် ကားများသည် သစ်တင်ပစ္စည်းကိရိယာ အပြည့်အစုံ တပ်ဆင်ထားပြီး ကျပ်သိန်းပေါင်း ရာချီတန်ဖိုးရှိသည်။

ဖမ်းဆီးရမိသည့် အဆိုပါ ကားအသစ်များကို လဲလှယ်ယူမည့် သူများသည် တရုတ်ပြည် နောင်တောင်း (နမ့်ခမ်းနယ်စပ်) နှင့် ဗန်းမော်တွင် တုန်ဖုန်း ဘော်ဒီရှည် ကားအဟောင်းများ ဝယ်ယူကာ စစ်တပ်သို့ တစီးလျှင် ကျပ် သိန်း ၂ဝ မှ ၃ဝ အထိ လာဘ်ထိုးကာ ကားအကောင်းများကို လဲယူကြခြင်းဖြစ်ကြောင်း သိရသည်။ (ရွှေလီ မဇ္ဈိမ)

-----------------------------------------------------------------------------------------------------------------------

နာဂစ်ဒေသရှိ အခမဲ့ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ လျှော့ချ

Tuesday, 05 May 2009 18:11 ခိုင်ရီ

နာဂစ်ဒဏ်သင့် ဒေသများရှိ အခမဲ့ ကျန်းမာရေး ၀န်ဆောင်မှု ပေးနေသည့် NGO များ၏ လုပ်ငန်းစဉ် ၈၀ ရာခိုင်နှုန်းကို သက်ဆိုင်ရာက ဧပြီ နောက်ဆုံးအပတ်တွင် စတင်လျှော့ချ ခဲ့ကြောင်း လပွတ္တာ အခြေစိုက် NGO တခုမှ သတင်း ရရှိသည်။

လေဘေးသင့်ဒေသများ၌ ကျန်းမာရေးနှင့် ပညာပေးရေးဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရန် လိုအပ်နေသေးသော်လည်း ယခုအခါ သက်ဆိုင်ရာ၏ ညွှန်ကြားချက်ကြောင့် NGO များ၏ ဆရာဝန်များ လျော့နည်းခဲ့ပြီဖြစ်ကြောင်း လပွတ္တာအခြေစိုက် NGO အဖွဲ့မှ တာဝန်ခံ ဆရာဝန် တစ်ဦးက ပြောသည်။

“၂၀၀၉ မတ်အကုန်မှာ လုပ်ငန်းတွေလျှော့ပေး ခဲ့ရတယ်၊ နာဂစ်ဖြစ်ပြီးတဲ့အချိန်ကစပြီး ဒေသခံတွေရဲ့ ရောဂါ အမျိုးမျိုး ထိခိုက်ဒဏ်ရာ ရတာတွေ၊ အဟာရစောင့်ရှောက်မှု ပေးတာတွေကို ဆရာဝန် ၁၀ ဖွဲ့ ခွဲပြီးလုပ်ခဲ့တယ်။ အခုဆရာဝန်အဖွဲ့တွေ လျှော့ချလိုက်တော့ ၂ ဖွဲ့ပဲ ကျန်တော့တယ်” ဟုအထက်ပါဆရာဝန် ကပြောသည်။

ကျန်ရှိနေသည့် အဖွဲ့ ၂ ဖွဲ့မှာ အရေးပေါ်အခြေအနေများကို ကုသရန် ထားရှိ ပေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အစိုးရမဟုတ်သော တချို့ လူမှုအရေး အဖွဲ့အစည်းများသည် ကျေးလက် ကျန်းမာရေးဌာန များသို့ဆေးဝါးများ အခမဲ့ပံ့ပိုကူညီပေး ခဲ့ကြသော်လည်း အစိုးရ ကျန်းမာရေးဝန်ထမ်း တချို့က လေဘေးသင့်သူများထံမှ အခကြေးငွေ ယူကာ ဆေးဝါးကုသပေးလျက် ရှိကြောင်း ဒေးဒရဲမြို့နယ် ကျုံဒတ် ကျေးရွာအုပ်စုဝင် ကျေးရွာ တရွာမှ သိရသည်။

“ကျွန်တော်တို့ ရွာနီးချုပ်စပ်မှာ သူနာပြုဆရာမ တယောက်တည်း ရှိတယ်။ အရေးအကြောင်း ရှိလို့ သွားခေါ်ရင် သူနဲ့ အလျင်းသင့်တဲ့သူ ခေါ်မှလိုက်တယ်။ ကုန်းကြောင်းဆိုရင် မလိုက်ဘူး။ စက်လှေနဲ့မှ လိုက်မယ်လို့ ပြောလွှတ် တာ ကြုံရတယ်။ ဆရာမ တယောက်တည်းနဲ့ ဘယ်လိုမှ မလုံလောက်ဘူး” ဟု ကျုံဒတ်ကျေးရွာအုပ်စုမှ ဒေသခံ တဦးကပြောသည်။

ထို့အပြင် ဒေသခံအများစုမှာ ကျန်းမာရေးနှင့်ပတ်သက်လျှင် အရပ်တွင်းရှိ ရမ်းကုဆရာများကို အဓိက အားကိုးရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“သူနာပြုဆရာမ မလုံလောက်တော့ အပ်ပုန်းဆရာ (ရမ်းကု) ကို အားကိုးရတယ်။ ဒီကြားထဲမှာ သူနာပြု ဆရာမက တိုင်မယ်၊ တောမယ်လုပ်တော့ မကုရဲတော့ဘဲ ငြိမ်နေရတယ်” ဟု သူက ဆိုသည်။(ဧရာဝတီ)

Comments