မင်းနိုင်သူ / ၂၀ မေ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့်အမှု တတိယနေ့ရုံးချိန်း မွန်းလွဲပိုင်းတရားစစ်မေးမှုတွင် နိုင်ငံတကာ သံတမန်များနှင့် ပြည်တွင်း၊ ပြည်ပသတင်းထောက်အချို့ကို တက်ရောက်နားထောင်ခွင့်ပြုခဲ့ကြောင်း အန်အယ်လ်ဒီ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။
“တရားလိုပြသက်သေနှစ်ယောက်စစ်တယ်။ တယောက်ပဲပြီးတယ်။ ကျန်တယောက်ကမပြီးဘူး။ မနက်ဖြန် မနက် (၁၀) နာရီ ဆက်ချိန်းတယ်” ဟု ဦးအုံးကြိုင်က ပြောသည်။
ယနေ့မွန်းလွဲပိုင်း တရားစစ်မေးမှုတွင် နိုင်ငံတကာသံအမတ်ကြီး (၃၀) နီးပါး၊ ပြည်ပသတင်းထောက် (၅) ဦးနှင့် ပြည်တွင်းဂျာနယ်သတင်းထောက် (၅) ဦးတို့ တက်ရောက်နားထောင်ခွင့်ရရှိခဲ့ကြသည်။
ညနေပိုင်းတရားခွင်ပြီးဆုံးချိန်တွင် မြန်မာနိုင်ငံရှိ သံတမန်များအဖွဲ့နာယက စင်ကာပူသံအမတ်၊ အာဆီယံဥက္ကဋ္ဌ ဖြစ်နေသော ထိုင်းနိုင်ငံမှ သံအမတ်၊ လုံခြုံရေးကောင်စီဥက္ကဋ္ဌဖြစ်နေသော ရုရှနိုင်ငံမှ သံအမတ်များနှင့် တွေ့ဆုံခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နောက်ရက်တရားခွင်တွင် သံတမန်များနှင့် သတင်းထောက်များ တက်ရောက်နားထောင့်ခွင့်ရှိမရှိ မသိရသေးကြောင်း အန်အယ်လ်ဒီပါတီက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့်ထားစဉ် နေအိမ်အတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့သည်ဟုဆိုကာ နအဖစစ်အစိုးရက နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားထပ်မံစွဲဆိုခဲ့ရာ နိုင်ငံတကာရှိ မြန်မာသံရုံးများရှေ့တွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။
အာဆီယံကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုထားပြီး အမေရိကန်အပါအ၀င် အနောက်နိုင်ငံများကလည်း အနီးကပ်စောင့်ကြည့်မှုများ ပြုလုပ်နေကြကြောင်း ထုတ်ဖော်ပြောကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင်ကို အများပြည်သူကြားနာခွင့်ရရန် အမေရိကန်အစိုးရ၏ တောင်းဆိုချက် ယမန်နေ့က ပေါ်ထွက်လာပြီးနောက် ယနေ့ သံတမန်များနှင့် သတင်းထောက်အချို့ တရားခွင် ၀င်ရောက် ကြားနာခွင့်ရခဲ့သည်။
“ပြည်တွင်းသတင်းထောက်တွေကလည်း ဒီကိစ္စအပေါ် စိတ်ဝင်စားမှုရှိကြတယ်။ ရုံးချုပ်ကိုမလာဖူးကြတဲ့ သတင်းထောက်တွေပါ ပါလာပြီး တရက်ကို လူလေးငါးဆယ်လောက်လာမေးကြတယ်။ ဦးဉာဏ်ဝင်းက တရားရုံးက ပြန်လာရင် သူတို့ကိုပြန်ရှင်းပြရတယ်။ ပြန်ရေးလို့ရတယ် မရတယ်တော့ မသိဘူး။ သူတို့ကတော့ အမှုကို စွဲတင်တဲ့နေ့ကတည်းက လာမေးနေကြတာပဲ” ဟု ဦးအုံးကြိုင်က ပြောသည်။
အန်အယ်လ်ဒီပါတီကလည်း အများပြည်သူတက်ရောက်ကြားနာနိုင်သည့် တရားခွင်ဖြင့် စစ်မေးရန် တင်ပြ တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ကြောင်းနှင့် ယနေ့ထပ်မံတောင်းဆိုကြောင်း ကြေညာချက်တစောင် ထပ်မံထုတ်ပြန်သည်။(ခေတ်ပြိုင်)
-------------------------------------------------------------------------------------------
လုံခြုံရေးရဲအရာရှိကြီးများ အင်းစိန်မီးရထားဆေးရုံအတွင်းမှ အနီးကပ်စီစဉ်ညွန်ကြားနေ
အောင်ထက် / ၂၀ မေ ၂၀၀၉
အင်းစိန် မီးရထားဆေးရုံရှိ မျက်စိအထူးကု ဆရာဝန်ကြီးရုံးခန်းနှင့် မျက်စိစစ်ဆေးသည့် အမှောင်ခန်းအား ရန်ကုန်တိုင်း ရဲမှူးကြီး အဆင့်အပါအ၀င် ရဲအရာရှိကြီးများက သိမ်းယူကာ အင်းစိန်ထောင်ဝန်းကျင်အခြေအနေကို စောင့်ကြည့်ညွှန်ကြားနေသည့်အတွက် ဆေးရုံဝန်ထမ်းများ စိတ်အနှောင့်အယှက်ဖြစ်နေရကြောင်း သိရသည်။
အင်းစိန်မီးရထားဆေးရုံသည် ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေသည့် အင်းစိန်အကျဉ်းဦးစီးနှင့် ကိုက် (၅၀) ခန့်သာကွာဝေးသည်။ ထို့အတွက် အင်းစိန်ထောင် လုံခြုံရေး လိုအပ်ပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် နှင့် အဓိကရုဏ်းများဖြစ်ပေါ်လာပါက အင်အားသုံးဖြေရှင်းရန် အနီးကပ်စောင့်ကြည့်နေခြင်းဖြစ်သည်ဟု ဆေးရုံလာ သူ မီးရထားဝန်ထမ်းများက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အမှုအား စတင်ကြားနာသည့် မေ (၁၈) ရက်ကတည်းက အဆိုပါ ရဲအရာရှိကြီးများသည် သိမ်းယူထားသည့် ရုံးခန်းအား လေအေးပေးစက်တပ်ဆင်လိုက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်မပြီး မချင်း ဆေးရုံမှ စွန့်ခွာမည်မဟုတ်ကြောင်း၊ အင်းစိန်ထောင်ဘူး၀၀န်းကျင်ရှိ ထောင်ချီသော အန်အယ်လ်ဒီလိုလား သူများနှင့် စောင့်ကြည့်အကဲခတ်နေသော ပြည်သူများအတွက် လွန်စွာအန္တရာယ်ရှိသောအခြေအနေဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။
(အေ) အဆင့် မျက်စိစမ်းသပ်စစ်ဆေးရန် ရောက်ရှိလာသော မီးရထားစက်ခေါင်းမောင်း ၀န်ထမ်းများကိုလည်း မျက်စိစစ်ဆေးမှု ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ထားရကြောင်း ဆေးရုံဝန်ထမ်းများက အတည်ပြု ပြောကြားသည်။(ခေတ်ပြိုင်)
------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံအဖွဲ့ ဥက္ကဌ တောင်းဆို
Wednesday, 20 May 2009 17:44 သန်းထိုက်ဦး
ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်အတွင်း တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး လွှတ်ပေးရန် နအဖစစ်အစိုးရကို အာဆီယံအဖွဲ့ ဥက္ကဌ တာဝန်ကို ယူထားသော ထိုင်းနိုင်ငံက ယမန်နေ့တွင် တောင်းဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး ရန်ကုန်အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ကြားနာစစ်ဆေးသည့် ဒုတိယနေ့တွင် ယခုကဲ့သို့ အာဆီယံ ဥက္ကဌ တာဝန်ယူထားသော ထိုင်းနိုင်ငံက ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ယင်းကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေး ရန်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူသားချင်းစာနာပြီး ဂုဏ်သိက္ခာနှင့်အညီ ပြုမူဆက်ဆံရန်၊ ဒေါ်အောင်ဆန်း စုကြည်၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်သောကြောင့် ၎င်းအား ကျန်းမာရေး စောင့်ရှောက်ခွင့်ပေးရန် တို့ကို တောင်းဆိုထားသည်။
ထို့အပြင် နိုင်ငံတကာ အသိုင်းအ၀န်းက မြန်မာအစိုးရ၏ ဂုဏ်သိက္ခာနှင့် မြန်မာနိုင်ငံအပေါ် အများယုံကြည်မှုကို ထိခိုက်နိုင်သည့် အခြေအနေကို ရောက်နေပြီဟု ကြည့်မြင်နေကြကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိ သည်။
သို့သော်လည်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် ရပ်တည်ချက်ကို ဆက်လက်ကျင့်သုံးသွားမည်ဟု ယမန်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရသည့် အရေးနှင့်ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန် နိုင်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ အလွတ်သဘောဆွေးနွေးနေကြောင်း၊ အမေရိကန် ပြည်ထောင်စု၊ ပြင်သစ် နှင့် ဗြိတိန်နိုင်ငံတို့၏ အစီအစဉ်ဖြင့် ထိုသို့ ဆွေးနွေးနေခြင်းဖြစ်ကြောင်းသိရှိရသည်။
ယခုလဆန်းပိုင်းက ၎င်း၏ အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန် ၀ီ လျံ ယက်ထော ဆိုသူ နှင့် ပတ်သက်ပြီး မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန် အကျဉ်းထောင် သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆိုခဲ့သည်။ ယင်းအမှုကို စစ်ဆေးနေသည်မှာ ယနေ့ဆိုလျင် ၃ ရက် မြောက် နေ့ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက“သူတို့ကအမှုကို အမြန်ဆုံး ပြီးပြတ်အောင်ကြိုး စားနေတယ်လို့ ယူဆပါတယ်”ဟု AP သတင်းဌာနကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်းရှေ့နေများပြောပြချက်အရ သိရှိရသည်။
အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr.John William Yettaw)သည်အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ နေထိုင်ခဲ့ကြောင်း စစ်အစိုးရသတင်းစာ များတွင် ဖော်ပြထားသည်။
ယမန်နေ့ထုတ် သတင်းစာများတွင် ၎င်း ဂျွန် ၀ီလျံ ယက်ထော သည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က လည်း ခြံအနောက်ဘက် အင်းလျားကန် အတွင်းမှ ရေကူးပြီးသွားရောက်ကာ ခြံဝ၌ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ တို့နှင့်တွေ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဖတ်ရှု ရန် Book of Mormon အမည်ရှိစာအုပ်ကို ခြံဝင်းအတွင်း ချထား ပေးခဲ့ကြောင်း ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ဂျွန် ၀ီလျံ ယက်ထော ပထမ အကြိမ် သွားရောက်ခဲ့စဉ်က လုံခြုံရေး တပ်ဖွဲ့ ဝင်များကို လာဘ် ငွေပေးပြီး ဝင်ရောက်ရန်ကြိုးစားခဲ့သဖြင့် မိသားစုဆရာဝန်ဒေါက်တာတင်မျိုးဝင်းက အာဏာပိုင်များထံ တိုင်ကြားခဲ့ဖူးကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာအာဏာပိုင်များက မည်သို့မျှအရေးမယူခဲ့ကြောင်း သိရှိရသည်။ (ဧရာဝတီ)
--------------------------------------------------------------------------------------
အဖွဲ့ချုပ်ရုံးတဝိုက် လုံခြုံရေးတိုးမြှင့်
Wednesday, 20 May 2009 17:45 ကြည်ဝေ
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့နှင့် အနီးတ၀ိုက်၌ ယနေ့တွင် ရဲကားများ၊ ယူနီဖောင်းဝတ်ရဲများ၊ အချုပ်ကားများ၊ ဆိုင်ကယ်များ၊ အရပ်ဝတ်ရဲများနှင့် လုံခြုံရေးတင်းကျပ်စွာ ချထားသည်။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်အမှု ကြားနာနေချိန် လုံခြုံရေးယူထားသော ရဲကားများကို တွေ့ရစဉ် (ဓာတ်ပုံ - Getty Images)
NLD ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အမှုဖြင့်ရန်ကုန်မြို့ရှိ အင်းစိန်ထောင်အတွင်း၌ စစ်ဆေးကြားနာနေစဉ်အတွင်း NLD ရုံးကို လုံခြုံရေးထူထပ်စွာ ချထားပြီး စောင့်ကြည့်နေခြင်းဖြစ်သည်။
“၁၅ ရက်နေ့ကတည်းက ခုလိုပဲ ရဲကား ၂ စီး ၃ စီး က ရုံးရှေ့နားမှာ ရှိနေတာပဲ၊ ဒီနေ့ကတော့ အရင်ရက်တွေ ကထက် ပိုများတယ်၊ ရုံးရှေ့ လက်ဖက်ရည် ဆိုင်ထဲမှာလည်း အပြည့်ပဲ၊ ဗီဒီယို ကင်မရာတွေနဲ့ လာသမျှလူတိုင်း ကို ရိုက်နေတာ”ဟု NLD ရန်ကုန်တိုင်း စည်းရုံးရေးမှူး တဦးက ပြောပြသည်။
NLD သို့ လာရောက်သော အဖွဲ့ဝင်များကိုလည်း ရုံးရှေ့လက်ဖက်ရည်ဆိုင်တွင် ထိုင်ပြီးအရပ်ဝတ်နှင့် အမျိုး သားများက ဗီဒီယိုကင်မရာအသေး ၂ လုံးနှင့် ရိုက်လျက်ရှိသည်ကို တွေ့မြင်ရသည်။
NLD ရုံးချုပ်တွင်လည်း ယခုရက်ပိုင်း လူစည်ကားလျက်ရှိသည်။ အများစုမှာ ဒေါ်အောင်ဆန်းစုကြည်၏ သတင်း ကို သိလိုသောကြောင့် လာရောက်နေကြခြင်းဖြစ်ပြီး NLD အဖွဲ့ဝင်များမှာ တရားရုံးမှ ပြန်လာသည့် ရှေ့နေများ ထံမှ သတင်းစကားကြားရသည့်အချိန်ထိ စောင့်နားထောင်လေ့ရှိကြောင်း အထက်ပါ NLD တိုင်းစည်းရုံးရေးမှူးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သတင်းကို NLD မှ တဆင့် လူအများက နားထောင်ကြလေ့ရှိကြပြီး နယ်မှလည်း ဖုန်းများဖြင့် ဆက်သွယ်မေးမြန်းကြကြောင်း သိရှိရသည်။
NLD အဖွဲ့ဝင်များ၏ အိမ်ဖုန်း တချို့သည် မေ ၁၅ ရက်နေ့ နံနက် ခင်းကတည်းကပင် ပြတ်တောက်လျှက်ရှိသည် မှာ ယနေ့ထိ ဖြစ်ပြီး NLD ရုံးချုပ်မှ တယ်လီဖုန်းလိုင်းကိုမူ အာဏာပိုင်များက၂၀၀၇ ခုနှစ် သြဂုတ်လကတည်းက ဖြတ်ထားခဲ့သည်မှာ ယနေ့အထိ ဖြစ်ကြောင်း သိရှိရသည်။
“လက်ကိုင် ဖုန်းတွေ ပြောလို့ရပေမယ့် စိတ်မချရဘူး၊ ခိုးနားထောင်တာပဲ၊ အထူးသဖြင့် ခုလို ရက်တွေဆိုရင် ဖုန်းနဲ့ ပြောလို့မရဲအောင် ဖြစ်ရတယ်”ဟု NLD အဖွဲ့ဝင်တဦးက ပြောပြသည်။
မေလ ၁၅ ရက်နေ့မှ စတင်ပြီး အင်းစိန်ထောင် ပတ်ဝန်းကျင်၌ လုံခြုံရေးအများအပြား ချထားခဲ့သော်လည်း မေလ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မူလုံခြုံရေး တ၀က်နီးပါးခန့် လျော့နည်းသွားကြောင်း အင်းစိန်ရွာမတွင် နေထိုင်သူ တဦးက ပြောသည်။
“ဒီမနက် မိုးလင်းတော့ အိမ်နဲ့တည့်တည့်မှာ ရှိတဲ့ ရဲကားမရှိတော့ဘူး၊ ပြီးတော့ အရင် ကိုက်၂၀ လောက်မှာ ရဲကားတစီး ရှိနေတာ အခု ကိုက် ၁၀၀ ၀န်းကျင် အတွင်းမှ၂ စီးလောက်ပဲ ရှိတော့တယ်”ဟု သူက ပြောသည်။
ထို့အပြင် ယခင်ပိတ်ထားသော အင်းစိန် ခုံးကျော်တံတားထိပ်ကိုလည်း ဖွင့်ပေးလိုက်ပြီး အင်းစိန်ဈေးရှေ့တည့် တည့်မှ အောက်ခုံးကျော်အထိသာ ပြောင်းလဲ ပိတ်လိုက်ကြောင်း သူက ဆိုသည်။
“အင်းစိန်ဈေးကတော့ ပိတ်တုန်းပဲ၊ လမ်းကတော့ ရှေ့ကို နည်းနည်း တိုးဖွင့်ပေးလိုက်တယ်၊ ယာဉ်တွေကိုတော့ ဖြတ်ခွင့်မပေးသေးဘူး”ဟု အဆိုပါ အောင်ဇေယျ တံတားထိပ်တွင် နေထိုင်သူတဦးက ပြောသည်။
အင်းစိန်ထောင်ဘူးဝ ရှေ့တွင်လည်း လူ ၃၀ ခန့် ထောင်ဝင်စာတွေ့ခွင့်ရရန် စောင့်ဆိုင်းနေကြသည်။အင်းစိန် ထောင်ရှေ့ရှိမျက်နှာချင်းဆိုင်မှ ကျော် လက်ဖက်ရည်ဆိုင်တွင်လည်း ဆိုင်လုံးပြည့် လူပြည့်လျှက်ရှိသည်။
ယမန်နေ့က ဘုရင့်နောင်လမ်းမကြီး တလျှောက်တွင် ချထားသော လုံခြုံရေးများကို ယနေ့တွင် မတွေ့ရတော့ဘဲ၊ လမ်းမကြီးတလျှောက် ရှင်းလင်းနေသည်ကိုလည်း တွေ့မြင်ရသည်။
“ဒီနားမှာ အရင်နေ့က ချထားတဲ့ လုံထိန်းတွေ NLD ရုံးရှေ့ ရောက်ခဲ့ပြီထင်တယ်၊ အင်းစိန်ထောင်နားမှာ နည်း သွားပြီး NLD ရုံးရှေ့မှာတော့ ပိုများလာတယ်” ဟု NLD အဖွဲ့ဝင် လူငယ်တဦးက ပြောပြသည်။ (ဧရာဝတီ)
----------------------------------------------------------------------------------

Comments
Post a Comment