ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု ရှေ့နေကြီးဦးကြည်ဝင်းနှင့် တွေ့ဆုံမေးမြန်းခန်း


NEJ / ၈ မေ ၂၀၀၉

အချိန်ကြာမြင့်စွာ လိပ်ခဲတည်းလည်း ရှိနေခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံအမှုကို နအဖစစ်အစိုးရက ဧပြီ (၃၀) ရက်တွင် ယတိပြတ် ပယ်ချလိုက်ပြီဖြစ်သည်။ ယင်းအခြေအနေ များနှင့်စပ်လျဉ်း၍ ခေတ်ပြိုင်က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းကို ဆက်သွယ်မေးမြန်းခဲ့သည်။


မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းထားတဲ့အပေါ် သတင်းတပ်ဖွဲ့က ဘယ်လိုတုံ့ပြန်ပါသလဲ ဆရာ။

ဖြေ။ ။ တောင်းတာက (၄) ရက်နေ့က တောင်းတာဗျ။ (၄) ရက်နေ့ တနင်္လာနေ့က ရုံးဖွင့်ရက်ဆိုတော့ ကျနော်က သွားပြီး စာတင်လိုက်တယ်။ ကျနော်ကလည်း မြန်မြန်ထက်ထက်သွားပြီး သတင်းပို့ချင်တာကိုး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ဦးဦးဖျားဖျားသိသင့်တဲ့ ပုဂ္ဂိုလ်ကိုး။ အဲဒါကြောင့် (၄) ရက်နေ့က (၅) ရက် (သို့မဟုတ်) (၆) ရက်နေ့မှာ တွေ့ခွင့်ပြုပါဆိုပြီး တင်လိုက်တာ။ အခုချိန်ထိတော့ ဘာမှအကြောင်းမပြန်သေးဘူးဗျ။ ဆိုတော့ ဒီနှစ်ရက်ကတော့ မရဘူးထင်ပါရဲ့။ ရန်ကုန်သတင်းတပ်ဖွဲ့ကလည်း နေပြည်တော်ကို ဆက်တင်ရဦးမယ် ထင်ပါတယ်။ ဒီကနေ ခွင့်ပြုနိုင်တဲ့ အနေအထားမဟုတ်ဘူးဗျ။ နေပြည်တော်တင်ရင် နေပြည်တော်မှာရှိတဲ့ သတင်းတပ်ဖွဲ့မှူးကလည်း ဆက်ပြီး ပြည်ထဲရေးကို တင်ရဦးမယ်ထင်တယ်။ ဆိုတော့ဗျာ…ကြာဦးမယ်ထင်ပါတယ်။

မေး။ ။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ (၃) ရက်တုန်းကလည်း အယူခံလွှာကို နေပြည်တော်တင်ထားပြီးဖြစ်ကြောင်းနဲ့ ပြင်ဆင်ဖြည့်စွက်လိုတာတွေ ပြင်ဆင်ဖြည့်စွက်နိုင်အောင်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်း တာတောင် မရခဲ့ဘူးဆိုတော့ ဒီကြားကာလမှာရော အမှုနဲ့စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့ပါ သေးလား။

ဖြေ။ ။ ကျနော်တို့ အယူခံလွှာကို ၂၀၀၈ ခုနှစ် အောက်တိုဘာ (၉) ရက်နေ့မှာ ရှေ့နေဦးလှမျိုးမြင့်က နေပြည်တော်ကို သွားတင်ပါတယ်။ တင်ပြီးတော့ အဲဒီအချိန်ကတည်းက ကျနော်လည်း ဒီလိုတင်ထားတဲ့အကြောင်း သတင်းပို့ဖို့တို့၊ နောက် ညွှန်ကြားလွှာယူဖို့တို့အတွက် တွေ့ခွင့်တောင်းတယ်။ တော်တော်များများ တောင်းပါတယ်။ တောင်းပေမယ့်လည်း ဘာမှမရခဲ့ဘူး။ ကြားကာလအတွင်းမှာ တွေ့ဆုံခွင့် လုံးဝ မရခဲ့ပါဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဖမ်းဆီးထိန်းသိမ်းထားတာဟာ ပြည်တွင်း အက်ဥပဒေအရ
(၅) နှစ်အထိပဲ ချုပ်နှောင်ပိုင်ခွင့် ရှိတယ်ဆိုပြီး ဆရာတို့ဘက်က တင်ပြတာကို အစိုးရဘက်ကလက်မခံဘူး။ အယူခံကို ကြားနာမှုတောင်မရှိဘဲ ပယ်ချခဲ့တယ်ဆိုတော့ ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်နိုင်စွမ်း ရှိပါဦးမလား။

ဖြေ။ ။ ကျနော်တို့ကတော့ ဥပဒေကြောင်းအရ ရှိရင်ရှိသလို လုပ်မှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါတာဝန်ကို ဖြစ်နေပြီဗျာ။ အခုအဆင့်ကျတော့ ဖြေသာဖြေလိုက်တာပေါ့။ အခုဟာက ဒေါ်အောင်ဆန်းစုကြည်ကို တားဆီးထားတဲ့အချိန်က (၂၁) ရက်ပဲ ကျန်တော့တယ်ဗျ။ အဲတော့ဒါက သူတို့ပြောတဲ့ (၆) နှစ်အရကိုပဲ (၂၇) ရက် မေလ ၂၀၀၉ ဆိုရင် ကုန်ပြီ။ ကုန်ပြီဆိုတော့ကား လွှတ်ရမယ်။ လွှတ်ပေးလည်း လွှတ်ပေးမှာပါ။ ဟိုတုန်းကလည်း ပထမအကြိမ်အရေးယူတုန်းကလည်း ဒီလိုပဲ လွှတ်ပေးတာပဲ။ လွှတ်ပေးမှာပါ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်ကာလအတွင်း ဆရာဝန်နဲ့တွေ့ဆုံခွင့်၊ ရှေ့နေနဲ့ တွေ့ဆုံခွင့်တွေဟာ အာဏာပိုင်တွေကို အဆင့်ဆင့်တင်ပြပြီးမှ တွေ့ဆုံနေရတယ်။ တွေ့ဆုံခွင့်ပြုခဲ့တာလည်း အင်မတန်မှ နည်းတယ်ဆိုတော့ ဒီ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ဥပဒေပုဒ်မ (၁၀/ခ) မှာ ဒီအခွင့် အရေးတွေနဲ့ စပ်လျဉ်းပြီး အသေးစိတ်ဖော်ပြထားတာမျိုး မရှိဘူးလား။

ဖြေ။ ။ (၁၀/ခ) နဲ့ လုပ်ထားတာက အချက်က (၄) ချက်ကိုးဗျ။ ဘယ်မှာသာ နေထိုင်ရမယ်။ ဘယ်မှာ မနေထိုင်ရဘူး။ ဘယ်သူတွေနဲ့မတွေ့ရဘူး။ ဘာတွေ မထားရဘူး စတဲ့ အချက်လေးချက်ကို ကန့်သတ်ထားပါတယ်။ စတာတွေက လွဲလို့ရှိရင် ကျန်တဲ့ဟာ အားလုံးခံစားခွင့်ရှိတယ်။ တားဆီးတဲ့အထဲ မပါသော နိုင်ငံသားအခွင့်အရေး မှန်သရွေ့ သူခံစားပိုင်ခွင့်ရှိတယ်။ အခုတော့ ဆရာဝန်နဲ့ တွေ့ဆုံခွင့်မှာတော့ ဘာမှအခက်အခဲ မရှိတော့ဘူးဗျ။ (၈.၈.၂၀၀၈) ရက်နေ့ကတည်းက လတိုင်းလိုလို ပုံမှန်တွေ့သွားပါပြီ။ ရှေ့နေနဲ့သာ။ ဥပဒေမှာ ဆိုထားတာက ပြည်တွင်းဥပဒေ ရော၊ ပြည်ပဥပဒေရောမှာပေါ့ဗျာ။ အမှုသည် တယောက်ဟာ သူရဲ့ရှေ့နေနဲ့ တွေ့ပိုင်ခွင့်ရှိတယ်ဆိုပြီးတော့ ဖော်ပြထားတော့ တင်ပြတော့ထားတာပဲ။ ဒါပေမယ့် ခွင့်မပြုဘူးဗျာ။

မေး။ ။ အယူခံပယ်ချခြင်းမပြုမီ အယူခံကို ကြားနာပေးဖို့ ၀န်ကြီးချုပ်ဆီကို မေတ္တာရပ်ခံစာ ပေးပို့မှု ဘယ်နှကြိမ်လောက်များ ပြုလုပ်ခဲ့ရပါသလဲဆရာ။

ဖြေ။ ။ လေးကြိမ်။ ပထမပိုင်းကတော့ ကျနော်တို့က သတင်းတပ်ဖွဲ့အဆင့်ကိုပဲ ဆက်သွယ်ပြီးတော့ လုပ်နေတာ။ နောက်တော့ ကဲမထူးဘူး။ သတင်းတပ်ဖွဲ့ကလည်း အထက်ကို ပြန်ပြန်တင်ပြနေရတာရှိတော့ ကျနော်တို့က အယူခံအဖွဲ့ရဲ့ အကြီးအကဲ ၀န်ကြီးချုပ်ဆီကို တိုက်ရိုက်တင်တယ်။ ကျနော်တို့ အယူခံတင်တာက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ (၉) ရက်မှာ တင်ပြီး နိုဝင်ဘာလ ဘာမှမထူးသေးဘူး။ ဒီဇင်ဘာလ ဘာမှ မဖြစ်သေးဘူးဆိုတော့ အယူခံတင်ပြီး နှစ်လတိုင်တိုင် ဘာမှဖြစ်မလာတော့ ဒီဇင်ဘာလကုန် (၃၀) ရက်နေ့ကျတော့ ၀န်ကြီးချုပ်ဆီ မေတ္တာရပ်ခံစာ စရေးပါတယ်။ နောက်တခါ နောက်နှစ် ၂၀၀၉ ဇန်န၀ါရီ (၂၀) ရက်မှာ နောက်တကြိမ် ထပ်ရေးပို့ပါတယ်။ နောက် ဖေဖော်ဝါရီကျတော့ မရေးဖြစ်ဘူးဗျ။ မရေးဖြစ်ရတဲ့ အကြောင်းက အဲဒီလထဲမှာ မစ္စတာဂမ်ဘာရီနဲ့ မစ္စတာ ကင်တားနားတို့လာတော့ ကျနော်တို့ဘက်က အချိန်ကိုက်ပြီး လုပ်တယ်လို့ ထင်မှာစိုးလို့ မရေးခဲ့တာ။ နောက် မတ်လရောက်တော့ (၁၃) ရက်နေ့မှာ ထပ်တင်တယ်။ အဲဒါလည်း ဘာမှအကြောင်းပြန်ကြားမှု မရှိတော့ ဧပြီ (၁၀) ရက်မှာ နောက်တစောင် ထပ်တင်တယ်။ အဲဒါလည်းမထူးတော့ (၂၈) ရက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို တိုက်ရိုက်တင်ပြလိုက်တာ။ တိုက်ဆိုင်လို့လားတော့ မသိဘူး။ သူတို့နဂိုကတည်းကပဲ လုပ်နေလား။ ကျနော်လည်း မသိဘူးပေါ့လေ။ အဲဒီမှာ ချက်ချင်း အရေးယူ ဆောင်ရွက်လာပြီးတော့ အယူခံကို ပယ်လိုက်တာပဲ။ ဧပြီ (၃၀) ရက်မှာ ပယ်လိုက်တယ်။

မေး။ ။ အဲဒီ ဧပြီ (၃၀) ရက်မှာ အယူခံပလပ်လိုက်ကြောင်း အကြောင်းကြားစာနဲ့အတူ ရှေ့နေဦးလှမျိုးမြင့်ဆီမှာ ချိပ်ပိတ်စာတစောင်ပါလာတယ်လို့ ကျနော်တို့ ကြားထားရပါတယ်။ အဲဒီစာထဲမှာ ဘာတွေ ဖော်ပြရေးသား ထားပါသလဲ။

ဖြေ။ ။ အော်..အဲဒီစာက စောစောကပြောသလိုပေါ့လေ။ (၃၀) ရက်နေ့မှာ ဟိုက ပလပ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချလိုက်ရော။ ဦးလှမျိုးမြင့် နေပြည်တော်လာခဲ့ပါလို့ ခေါ်လို့ သူ နေပြည်တော်သွားရတယ်ဗျ။ ဟိုရောက်တော့ ကျနော့်ဆီကို လိပ်မူထားတဲ့ ချိပ်ပိတ်စာကို ဦးလှမျိုးမြင့်ကိုပေးတယ်။ အဲဒီမှာ ဦးလှမျိုးမြင့်က ကျနော့်ဆီကို ဖုန်းလှမ်းဆက်တယ်။ စာတစောင်တော့ ရထားတယ် ဖွင့်ဖောက်ပြီး ကြည့်ရမလားလို့ မေးတယ်။ ကျနော်က ဒီရောက်မှ အတူဖောက်ကြတာပေါ့ဗျာလို့ ပြန်ပြောတော့ ရန်ကုန်ကို ယူလာပြီး အတူတူဖွင့်ဖောက်ကြည့်ကြတယ်။ စာထဲမှာ ဘာပါလာလဲဆိုတော့ အယူခံစိစစ်ရေးအဖွဲ့ ဖွဲ့လိုက်တယ်တဲ့။ အဲဒီအယူခံစိစစ်ရေးအဖွဲ့က ဌာနပေါင်းစုံမှာ ရှိတဲ့ စာတွေဓာတ်ပုံတွေကို ကြည့်တယ်တဲ့။ အဲလိုကြည့်ပြုပြီးတော့မှ အကြံပြုတာက ဥပဒေနဲ့အညီ ခိုင်လုံသော အထောက်အထားများ မတွေ့ရှိရတဲ့အတွက် ပလပ်တယ်တဲ့။ အဲဒါတွေပါပါတယ်။
-------------------------------------------------------------------------------------------
ဒေါ်စု၏ လုံခြုံရေး ပြည်တွင်းပြည်ပတွင် မေးခွန်းထုတ်

Friday, 08 May 2009 ဧရာဝတီ

ယမန်နေ့က မြန်မာနိုင်ငံ သတင်းစာများတွင် ဖော်ပြခဲ့သည့် အမေရိကန် နိုင်ငံသားတဦး ဒေါ်အောင်ဆန်း စုကြည်၏အိမ်မှ အပြန်တွင် ဖမ်းဆီးခံရသည် ဟူသော သတင်းမှာ အုတ်အော် သောင်းတင်း ဖြစ်နေသည်။

John William Yeattaw ဟု အမည်ရသော အဆိုပါ ပုဂ္ဂိုလ်သည် ဒေါ်စု၏ နေအိမ်မှ ထွက်လာပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်သည် ဟု အစိုးရက ကြေညာထားသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်နှင့် အင်းလျားကန် အပေါ်စီး မြင်ကွင်း။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အနီရောင် စက်ဝိုင်း၊ အမေရိကန်နိုင်ငံသား အဖမ်းခံခဲ့ရသည်ဟု ဆိုသော နေရာကို လေးထောင့်ကွက်ဖြင့် ဖော်ပြထားသည်။


စစ်အစိုးရက အဖြစ် အပျက် အပြည့်အစုံကို ထုတ်ဖော်ခြင်း မရှိသေးသဖြင့် ရန်ကုန်မြို့ခံ အများအပြားက သတင်းစာတွင် ပါရှိသော အချက်အလက်များကို မယုံတဝက် ယုံတဝက် ဖြစ်နေကြသည်။

နိုင်ငံခြားသားတဦး ဒေါ်စု၏ နေအိမ်သို့ ကျူးကျော် ဝင်ရောက်ခဲ့သည် ဟူသော ဖြစ်ရပ်မှာ ဒေါ်စုအား အကျယ်ချုပ် ချထားမှု ၆ နှစ်ပြည့်တော့မည့် အချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

“အင်းလျားကန် အတွင်း၌ မသင်္ကာဖွယ် နိုင်ငံခြားသား တစ်ဦးသည် ၅ လီတာဝင် ရေသန့်ဘူး အကူအညီဖြင့် ရေ ကူးခပ် နေကြောင်း သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများက ယနေ့နံနက် ၅ နာရီခွဲတွင် တွေ့ရှိ၍ လုံခြုံရေးအရ ခေါ်ယူ စစ်မေးမှု ပြုလုပ်ခဲ့သည်” ဟု စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။ သတင်းတွင် အဆိုပါ ပုဂ္ဂိုလ်၏ ဓာတ်ပုံ ပါဝင်ခြင်း မရှိပေ။

“ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အတွင်းသို့ တိတ်တဆိတ် လျှို့ဝှက် ဝင်ရောက် နေထိုင်ခဲ့ကြောင်း” ဟု သတင်းတွင် ရေးသားထားသည်။ တနင်္ဂနွေနေ့ညမှ အင်္ဂါနေ့ ညအထိ နေထိုင်ခဲ့သည်ဟု ဆိုသည်။

ရန်ကုန်မြို့ အမေရိကန်သံရုံးက အဆိုပါ ပုဂ္ဂိုလ်အား တွေ့ဆုံခွင့် ရရန် တောင်းဆိုခဲ့သော်လည်း အာဏာပိုင်တို့က လက်မခံဟု သိရသည်။

“သတင်း အချက် အလက်တွေကို ကျနော်တို့ ကိုယ်တိုင် အတည်ပြုချင်ပါတယ်၊ ကျနော်တို့က ဒီပုဂ္ဂိုလ်နဲ့ တိုက်ရိုက် စကား ပြောချင်ပါတယ်” ဟု သံရုံး ပြောခွင့်ရ အရာရှိ Richard Mei က ပြောသည်။

ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သည့် ရန်ကုန် ဒေသခံ ပြည်သူများ၊ စာနယ်ဇင်းသမားများက အဆိုပါ အဖြစ် အပျက်ကို သံသယ ဝင်နေကြသည်။

“ဒီမှာတော့ ဒေါ်စုခြံထဲ ရေကူးပြီး ဝင်သွားတယ် ဆိုတဲ့ သတင်းအကြောင်းကိုပဲ ပြောနေကြတယ်” ဟု အမည် မဖော်လိုသူ ရန်ကုန်မှ စာနယ်ဇင်းသမား တဦးက ပြောသည်။

ဤသတင်းမှာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာ ကျစေလိုသောကြောင့် လည်းကောင်း၊ ဆက်လက် ချုပ်နှောင် ထားလိုသောကြောင့် လည်းကောင်း ထုတ်ပြန်လိုက်သည့် သတင်းဖြစ်သည်ဟု အများက ယူဆကြကြောင်း အဆိုပါ စာနယ်ဇင်းသမားက ပြောပြသည်။

ရန်ကုန်မှ အကူအညီ ပေးရေး အဖွဲ့ တခုတွင် လုပ်ကိုင်နေသူ တဦးကလည်း ဤသတင်းမှာ အခြေအနေများကို ရှုပ်ထွေးစေသည့် သတင်းတပုဒ် ဖြစ်သည်ဟု ဆိုသည်။

“ဒီသတင်းကတော့ လူပြောအများဆုံး သတင်းပဲ၊ ဒါပေမယ့် ဒီသတင်း မှန် မမှန် ဆိုတာကို ဒေါ်စု တယောက်တည်းကပဲ ပြောနိုင်မယ်။ ဘယ်သူမှလည်း မသိဘူး၊ ဘယ်သူမှလည်း ဒေါ်စုကို သွားမမေးနိုင်ဘူး” ဟု သူက ပြောသည်။

ဤသတင်းကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် ပြည်တွင်း ပြည်ပ အတိုက်အခံများက ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို အထူး စိုးရိမ်နေကြသည်။

“ဒီသတင်း မှန်တယ် မမှန်ဘူး ဆိုတာကို ကျနော်တို့ အတည်ပြုလို့ မရသေးပါဘူး။ ဒါပေမယ့်လည်း ဒီဖြစ်ရပ်က အမှန် တကယ် ဖြစ်ပျက်ခဲ့တယ် ဆိုရင်တော့ အခြေ အနေတွေက ဒေါ်အောင်ဆန်းစုကြည်အတွက် အင်မတန် အန္တရာယ် ကြီးနေပါတယ်” ဟု အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဟံသာမြင့်က ဧရာဝတီကို ပြောသည်။

“သိတဲ့အတိုင်းပဲ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အင်းလျားကန်စပ်မှာ၊ သူ့ အိမ်ပတ်ဝန်းကျင်မှာ ရှိနေရမှာ ဖြစ်တယ်” ဟု သူက ထောက်ပြသည်။

ပြည်ပရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီကလည်း ယမန်နေ့က ကြေညာချက် ထုတ်ပြန်ရာ ဒေါ်စု၏ အသက် အန္တရာယ်အတွက် အထူးစိုးရိမ်သည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာပင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တင်ပြ တောင်းဆိုထားသော အယူခံလွှာအား ပယ်ချလိုက်သည်။ အယူခံတွင် ဥပဒေနှင့် အညီ ခိုင်လုံသော သက်သေ အထောက်အထား မရှိ၍ ပယ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သည့် ၁၉ နှစ်အတွင်း အာဏာပိုင်တို့က ဒေါ်စုအား အကျယ်ချုပ် ချထားသည့် အချိန်မှာ စုစုပေါင်း ၁၃ နှစ် ရှိသည်။ ပြီးခဲ့သည့်နှစ်တွင် အာဏာပိုင်တို့က ဒေါ်စုအား အကျယ်ချုပ် ချသည့် သက်တမ်းကို တနှစ် ထပ်တိုးလိုက်သည်။

အကျယ်ချုပ် သက်တမ်း ကုန်ဆုံးသည့် ရက်စွဲနှင့် ပတ်သက်ပြီး ဒေါ်စု၏ ရှေ့နေ နှင့် အာဏာပိုင်တို့ ဖော်ပြချက်မှာ ကွဲပြားနေသည်။ အကျယ်ချုပ် သက်တမ်းမှာ ယခုလကုန်တွင် ပြီးဆုံးပြီဟု ရှေ့နေက ပြောကြောင်း၊ သို့သော်လည်း အစိုးရကမူ နိုဝင်ဘာလမှသာ သက်တမ်း ကုန်မည်ဟု ပြောကြောင်း အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဟံသာမြင့်က ရှင်းပြသည်။

ရန်ကုန်မြို့ အင်းလျားကန်ဘေးမှ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီးတွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - AP)
အာဏာပိုင်တို့က ဒေါ်စု၏ အိမ်ကို မိတ်ဆွေများ ဝင်ရောက်ခွင့် မပြုဘဲ ဝေယျာဝစ္စ ဆောင်ရွက်ပေးသူ ၂ ဦး၊ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်း တို့ကိုသာ ဝင်ထွက်ခွင့် ပြုထားသည်။ ဆရာဝန်က လစဉ် လတိုင်း ပထမဦးဆုံး ကြာသပတေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကျန်းမာရေး စစ်ဆေးရန် သွားရောက် နိုင်ရေးအတွက် အာဏာပိုင်တို့ထံမှ သဘောတူညီချက် ရထားသည်။

ယမန်နေ့က ဒေါက်တာတင်မျိုးဝင်း ဒေါ်စုထံသို့ သွားရောက်ရမည့်နေ့ ဖြစ်သည်။ ဧရာဝတီက ဒေါက်တာတင်မျိုးဝင်းအား ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ် မရသေးပေ။

အစိုးရ၏ သတင်းထုတ်ပြန်ချက်များ မှန်ကန်သည် ဆိုပါက ဒေါ်စု၏ အိမ်အတွင်းသို့ ကျူးကျော် ဝင်ရောက်သည့် အဆိုပါ နိုင်ငံခြားသား၏ နောက်ကွယ်တွင် နိုင်ငံရေး အဖွဲ့အစည်း သို့မဟုတ် အစိုးရ တခုခု ရှိမရှိ၊ တကိုယ်တော် လှုပ်ရှားခြင်း ဟုတ်မဟုတ် စသဖြင့် အများက မေးခွန်း ထုတ်နေကြသည်။

ယခင်ကလည်း နိုင်ငံခြားသား တချို့ မြန်မာပြည် အတွင်းသို့ ဝင်ရောက်ပြီး နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်လေ့ ရှိသည်။ အများစုမှာ ပြည်နှင်ဒဏ် ပေးခံရသည်။

အမေရိကန် ပြည်ထောင်စု အခြေစိုက် မြန်မာ့ ဒီမိုကရေစီအရေး လုပ်ကိုင်နေသည့် အဖွဲ့ တခု ဖြစ်သော US Campaign for Burma က ၎င်းတို့အဖွဲ့အနေဖြင့် သတင်းတွင် ဖော်ပြထားသော အဆိုပါ နိုင်ငံခြားသားနှင့် ပတ်သက်မှု မရှိကြောင်း ကြေညာထားသည်။ အခြားသော ဒီမိုကရေစီအရေး ဆောင်ရွက်နေသည့် အဖွဲ့များကလည်း အလားတူ ငြင်းဆိုထားသည်။

ဤဖြစ်ရပ် နောက်ပိုင်းတွင် မြန်မာပြည်ရောက် အမေရိကန် နိုင်ငံသားတို့ကို စောင့်ကြည့်မှု ပိုမို များပြားလာသည် ဟု ရန်ကုန်မြို့ သတင်းရပ်ကွက်များက ပြောသည်။

ယမန်နေ့ကလည်း အမေရိကန် စာနယ်ဇင်းသမား ၂ ဦး မြန်မာပြည်မှ နှင်ထုတ်ခံရသည်ဟု သိရသည်။ မန္တလေးတွင် စာနယ်ဇင်း သင်တန်းများ ပြုလုပ်ခဲ့သောကြောင့် အာဏာပိုင်တို့က ၎င်းတို့ ၂ ဦးကို ပြည်နှင်ဒဏ် ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဤဖြစ်ရပ်ကြောင့် အာဏာပိုင်တို့က ဒေါ်စု၏ အိမ်ပတ်ဝန်းကျင်တွင် တာဝန်ကျသော ရဲတပ်ဖွဲ့ဝင်များကို နေရာ အပြောင်းအလဲ ပြုလုပ်လိုက်သည်ဟု ဒေါ်စု၏ အိမ်နီးချင်းများထံမှ သိရသည်။

မကြာသေးမီကလည်း အင်တာနက် ဘလော့စာမျက်နှာများတွင် ဒေါ်စုအား ပုဂ္ဂိုလ်ရေး တိုက်ခိုက် ပုတ်ခတ်မှုတချို့ ပေါ်ထွက်လာသည်။ ထိုတိုက်ခိုက်မှုများမှာ အစိုးရဘက်တော်သားများ၏လက်ချက် ဟု အကဲခတ်များက သုံးသပ်ကြသည်။

“ပြီးခဲ့တဲ့လက အဖွဲ့ချုပ် ဥက္ကဌကို ကျနော် ပြောလိုက်ပါသေးတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ လုပ်ကြံမှုတွေ၊ ပုံမှန်မဟုတ်တဲ့ သတင်းတွေ ထွက်လာနိုင်တယ် ဆိုပြီး ကျနော် ပြောလိုက်တယ်။ အကျယ်ချုပ် သက်တမ်းကလည်း ကုန်တော့မယ်လေ” ဟု အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သည့် ဦးသိန်းညွန့်က ဧရာဝတီကို ပြောပြသည်။(ဧရာဝတီ)
------------------------------------------------------------------------------------
ဒေါ်စုအိမ်သို့ ရေကူးသွားသူ အဖမ်းခံရ

Thursday, 07 May 2009 ။ ဇာနည်ဝင်း

အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက်ပြီး ၃ ရက်ကြာ နေထိုင်ခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို ဖမ်းဆီးထားသည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့ရှိ တက္ကသိုလ်ရိပ်သာလမ်းကို ပိတ်ဆို့ထားစဉ် (ဓာတ်ပုံ - Gradyo)
အဆိုပါ ပုဂ္ဂိုလ်သည် John William Yeattaw ဆိုသူ ဖြစ်ပြီး မေလ ၃ ရက်နေ့ ညမှ မေလ ၅ ရက်နေ့ ညအထိ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တွင် နေထိုင်ခဲ့ကြောင်း၊ မေလ ၆ ရက်နေ့ မနက်တွင် အင်းလျားကန် အတွင်း ၎င်းအား တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းစာက ဆိုသည်။

ကမ္ဘာလှည့် ခရီးသွား ဗီဇာဖြင့် ရန်ကုန်သို့ ရောက်ပြီး နောက်တနေ့တွင် ဒေါ်စု၏ အိမ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“၎င်းနှင့်အတူ နိုင်ငံကူး လက်မှတ် တခု၊ အနက်ရောင် ကျောပိုးအိတ် တလုံး၊ ဓာတ်မီးတလက်၊ ခေါက်ပလာယာတလက်၊ Cannon ကင်မရာတလုံး၊ အမေရိကန် ဒေါ်လာ ၁ဝဝ တန် နှစ်ရွက်၊ မြန်မာငွေ ကျပ် ၁ဝဝဝ တန် ၉၃ ရွက် တို့ကို သိမ်းဆည်းရမိခဲ့သည်” ဟု သတင်းစာတွင် ဖော်ပြထားသည်။ ဒေါ်စုအိမ်သို့ သွားရောက်ခဲ့သည့် ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်တို့နှင့် ပတ်သက်ပြီး စစ်ကြောနေသည်ဟု ဆိုသည်။

ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ် Richard Mei က အဆိုပါ အမေရိကန် နိုင်ငံသား ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး စုံစမ်းဆဲဖြစ်သည်ဟု အေပီသတင်းဌာနသို့ ပြောပြသည်။

“အာဏာပိုင်တွေက သံရုံးကိုတော့ အကြောင်း မကြားသေးပါဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာမှ မသိသေးပါဘူး” ဟု Richard Mei က ပြောသည်။

အဆိုပါ ပုဂ္ဂိုလ် ဖမ်းဆီးခံရပြီးနောက် ဒေါ်စုအိမ်ရှေ့ရှိ တက္ကသိုလ်ရိပ်သာလမ်းကို ပိတ်ထားသည်ဟု မျက်မြင် သက်သေများက ဧရာဝတီသို့ ပြောသည်။ ယခင်က ထိုလမ်းကို ခရီးသည်တင် ဘတ်စ်ကားများ ဝင်ရောက်ခွင့် မရှိသော်လည်း ကိုယ်ပိုင်ကားများကို ဖြတ်သန်းခွင့် ပြုခဲ့သည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကြာ နေအိမ် အကျယ်ချုပ် ကျခံနေရသူ ဖြစ်သည်။ လုံခြုံရေး တင်းကျပ်ထားသော ဒေါ်စု၏ အိမ်သို့ ရေကူး၍ သွားရောက်သူအား ဖမ်းဆီးမိခြင်းမှာ ဤတကြိမ်သည် ပထမဦးဆုံး အကြိမ် ဖြစ်သည်။

ဒေါ်စုသည် ၂ဝဝ၃ ခုနှစ် မေ ၃ဝ ရက်နေ့က ဒီပဲယင်းမြို့တွင် အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် အထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်။

ထိန်းသိမ်းမှု ၆ နှစ်ပြည့်မည့် ယခု လကုန်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာဖွယ် ရှိသည် ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။(ဧရာဝတီ)
------------------------------------------------------------------------

Comments