ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ရာနှင့်ချီ၍ သွေးလှူ

ဇော်ကြီး။
မေလ ၁ ရက်၊ ၂၀၀၉ ခုနှစ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက ရာနှင့်ချီသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ဘန်ကောက်မြို့ဗဟိုသွေးလှူဘဏ်တွင် စုပေါင်း၍ သွေးလှူခဲ့ကြသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနှင့်မြန်မာ အလုပ်သမားများအကြား အပြန်အလှန် နားလည်မှုရှိစေရန် ရည်ရွယ်ကာ လှူဒါန်းခြင်းဖြစ်ပြီး စုစုပေါင်းတစ်ရာကျော် ရှိသည်ဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ကိုအောင် မြင့်သိန်းကပြောသည်။

“အဲဒီနေ့မှာ ကျနော်တို့ ဒီ ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ရောက်လာပြီး အလုပ်လုပ်နေ ကြတဲ့ ဗမာပြည်သားတွေအနေနဲ့ ဒီအလုပ်သမားနေ့ကို အသိအမှတ်ပြုတယ်။ ပြီးလို့ရှိရင် ဒီ ထိုင်းနိုင်ငံထဲမှာ နေပေမဲ့လည်း ကိုယ်တတ်နိုင်သလောက် ဗမာပြည်သားတွေ သဒ္ဒါတရား ရက်ရောတဲ့ အကြောင်းရယ် အထူးသဖြင့် ဒီထိုင်းအလုပ်သမားနဲ့ ဗမာအလုပ်သမားတွေ ကြားမှာ အပြန်အလှန်နားလည်ဖို့ ရည်ရွယ် ချက်နဲ့ ကျနော်တို့ ဒီမေဒေးမှာ သွေးလှူရခြင်း ဖြစ်ပါတယ်။ သွေးလှူတဲ့သူက အယောက် တစ်ရာ ကျော်တယ်။ ကားနှစ်စီး ဆိုတော့ ပထမ တစီးမှာ အယောက် ၈၀ ကျော်လောက်ရှိတယ်။ နောက်တစီး မှာ အယောက် ၆၀ လောက် ရှိတယ်ခင်ဗျ။ အားလုံးတစ်ရာကျော်တယ်။”

ယနေ့သွေးလှူမှုအား ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အလှူဒါနများစွာရှိသည့်အနက် သွေးလှူခြင်းသည် မွန်မြတ်သည့်အလုပ်တခုဖြစ်ပြီး မိမိသွေးဖြင့် သူတပါး၏ အသက်ကို ကယ်ဆယ်နိုင်သည့်အတွက် ၀မ်းသာဂုဏ်ယူမိသည်ဟု သွေးလှူဒါန်းခဲ့သူ အမျိုးသမီးတဦးကလည်း ယခုလိုပြောသည်။

“သွေးလှူတယ်ဆိုတာ တခြားအလှူတွေထက်ကို မွန်မြတ်တာပေါ့နော်။ဒီလိုမျိုး သွေးလှူရတဲ့အတွက် အရမ်းကြည်နှူးမိတာပေါ့။ ပျော်လည်းပျော်တယ်လေကိုယ့်သွေးနဲ့ သူများ အသက်ကိုကယ်နိုင်တဲ့ အတွက် ပေါ့နော်။”

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် အခြားအခါကြီး ရက်ကြီးများတွင် သွေးလှုဒါန်းမှုရှိခဲ့သော်လည်း မေဒေးနေ့ အထိမ်းအမှတ် အဖြစ်သွေးလှုဒါန်းမှုသည် ယခုအကြိမ်သည် ပထမဆုံး အကြိမ်ဖြစ်သည်ဟု ကိုအောင်မြင့်သိန်း ကပြောသည်။ (သတင်းနှင့်မီဒီယာ)

Comments