ငါးပိမှာလည်း ဆိုးဆေးတွေ့

၎၊မေ၊၂၀၀၉။တနင်္လာ

မြန်မာလူမျိုးတို့ နှစ်ခြိုက်စွာ စားသုံးလေ့ရှိသည့် စိမ်းစားငါးပိနှင့် ငါးပိထောင်းများတွင် ဘေးအန္တရာယ် ဖြစ်စေနိုင်သော ဆိုးဆေး (Rhodamine B) များပါဝင်နေသဖြင့် ရောင်းဝယ် စားသုံးခြင်း မပြုရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် တားမြစ်ထားသော်လည်း ဆက်လက်၍ ရောင်းဝယ် စားသုံးနေဆဲဖြစ်ကြောင်း သိရသည်။


ပြည်တွင်း၌ ရောင်းချနေသော ငါးပိ လုပ်ငန်း ၃၇ မျိုးကို ဗဟို အစားအသောက်နှင့် ကျန်းမာရေး ၀န်ကြီးဌာနက ဓာတ်ခွဲခန်းများတွင် စစ်ဆေးခဲ့ရာ ငါးပိလုပ်ငန်း ၃၂ ခုမှ ငါးပိအမျိုးအစား ၇၉ မျိုးတွင် ၎င်းဆိုးဆေး ပါဝင်သည်ကို တွေ့ရှိရ၍ ကျန်းမာရေး ၀န်ကြီးဌာနက အစိုးရ သတင်းစာများ၌ မေလ ၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

ရန်ကုန်မြို့၏ အခြေခံ လူတန်းစားများ နေထိုင်ရာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ၀ါးတရာ အပါအ၀င် ဆင်ခြေဖုံး မြို့ နယ်များမှ ဆောက်လုပ်ရေး လုပ်သား၊ ဈေးသည်များနှင့် ကျပန်း အလုပ်သမား ၇၀ ကို ဧရာဝတီက တွေ့ဆုံမေး မြန်းခဲ့ရာ ၎င်းတို့အနေဖြင့် ဆိုးဆေးပါ ငါးပိများကို ဆက်လက် စားသုံးနေဆဲ ဖြစ်သည်ဟု ပြောဆိုသည်။

“မနက် အလုပ်သွားပြီ ဆိုတာနဲ့ ထမင်းချိုင့်ကို ငါးပိထောင်းလေးနဲ့ ထည့်သွား။ ဘာဟင်းမှ ထည့်စရာ မလိုဘူး။ စိမ်းစား ငါးပိမရှိရင် ထမင်းစားလို့ မ၀င်ဘူး။ ဆိုးဆေးပါတယ် ပြောလည်း ကိုယ့်ဝင်ငွေနဲ့ ဟင်းကောင်း စားနိုင်ဖို့ဆိုတာ မလွယ်ဘူး”ဟု လှိုင်သာယာ မြို့နယ်မှ အသက်၂၈ နှစ်အရွယ် ဆောက်လုပ်ရေး ပန်းရန် လုပ်သားတဦးက ပြောသည်။

ဈေးကွက်တွင်း အသင့်စားသုံးနိုင်သော ငွေကျပ်တရာတန် မျှင်ငါးပိထောင်း ဘူးများနှင့် မျှင်ငါးပိ အစိမ်းများသည် အခြေခံ ဆင်းရဲသား လူတန်းစားများ အဓိက စားသုံးနေကြသည့် ဟင်းလျာ တခုဖြစ်နေဆဲ ဖြစ်ပြီး ငွေအကုန်အကျ သက်သာသည့် ဟင်းတခွက် ဖြစ်သည်ဟုလည်း ဒဂုံမြို့သစ်မြောက် ပိုင်း ၅၀ ကွေ့ အနီး အခြေခံစားသောက်ကုန် လက်ကား အရောင်းဆိုင်ရှင် တဦးက ဆိုသည်။

“ဆင်းရဲသားက မျှင်ငါးပိထောင်းကို ဟင်းလိုလုပ်စားတာ။ ဆိုးဆေးပါတယ် ပြောလည်း သူတို့ဝင်ငွေနဲ့က မျှင်ငါးပိ မပါရင် ထမင်းမမြိန်နိုင်တဲ့ အခြေအနေ။ ကျနော့်ဆိုင်မှာ အရောင်းရဆုံးက မျှင်ငါးပိထောင်း ဘူးလေးတွေ”ဟု အဆို ပါဆိုင်ရှင်က ပြောသည်။

မျှင်ငါးပိတွင် အသုံးပြုသည့် အနီရောင်ဆိုးဆေး (Rhodamine B) သည် ချည်၊သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးသော ဓာတုပစ္စည်းဖြစ်ပြီး ရောဂါပိုး ရှာဖွေရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းသုံး ဆိုးဆေးလည်း ဖြစ်ကြောင်း၊မူလ အညိုရောင်ရှိသော ငါးပိများကို ပန်းရောင်အဖြစ် အမြင်လှစေရန် ယင်းဆိုးဆေးကို အသုံးပြုခြင်း ဖြစ်ပြီး ထိုဆိုးဆေးပါ ငါးပိ စားသုံးပါက အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက် အာရုံကြော ထိုင်းမှိုင်းခြင်း စသော လတ်တလော ဆိုးကျိုးများခံရပြီး ရေရှည်တွင် ကင်ဆာရောဂါ ဖြစ်ပွားစေသည်ဟု အစိုးရပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

Rhodamine B ဆိုးဆေးပါ ငါးပိနှင့် ငါးပိထောင်းများကို ရောင်းဝယ် ဖောက်ကားလျှင် အမျိုးသား အစားအစာ ဥပဒေ ပုဒ်မ ၂၈ (က) အရ ထောင်ဒဏ် သုံးနှစ် အထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၃၀၀၀၀ ဖြစ်စေ၊ ဒဏ်ငွေ နှစ်ရပ် စလုံးဖြစ်စေ ချမှတ် အရေးယူမည်ဟု ကြေညာထားသော်လည်း ရန်ကုန်မြို့၏အဓိက စားသောက်ကုန်စည် ဈေးကွက်ကြီးဖြစ်သည့် ဘုရင့်နောင်နှင့် သီရိမင်္ဂလာဈေးတွင် မျှင်ငါးပိများ ရောင်းဝယ် ဖောက်ကားလျက် ရှိဆဲဖြစ်သည်။

“မရောင်းတဲ့သူလည်း ရှိတယ်။ လက်သိပ်ထိုး ရောင်းနေတဲ့ လူလည်းရှိတယ်။ လုံးဝကြီး အရောင်းအ၀ယ် ရပ်တာမျိုးတော့ မရှိဘူး။ ရောင်းနေတဲ့ ငါးပိအများစုက ဆိုးဆေးပါတယ် ဆိုပေမယ့် ကုန်သည်တွေက သူ့မိတ်နဲ့သူ ရောင်းထုတ်ကြတယ်”ဟု သီရိမင်္ဂလာဈေး ငါးပိရောင်းဝယ်ရေးဒိုင် ပိုင်ရှင်တဦးက ပြောသည်။

ကျန်းမာရေး ၀န်ကြီးဌာနက အနီရောင်ဆိုးဆေး ပါဝင်သော မျှင်ငါးပိတံဆိပ်နှင့် ရောင်းချသည့် ပွဲရုံနာမည် စုစုပေါင်း ၃၂ မျိုးကို နာမည်များနှင့်တကွ ဖော်ပြရောင်းဝယ်ခွင့် ပိတ်ပင်ထားသော်လည်း ဈေးကွက်တွင် ပွဲရုံအမည်မပေါက်၊ တံဆိပ်မကပ်သည့် မျှင်ငါးပိအများအပြား ရောင်းဝယ်ဖောက်ကားလျက် ရှိသည်ဟုလည်း သိရှိရသည်။

“တချို့ မျှင်ငါးပိက ပွဲရုံကလည်း မလာဘူး။ တင်သွင်းတဲ့ တံဆိပ်လည်း မပါဘူး။ သူ့ အဆက်အသွယ်နဲ့သူ ငါးပိလုပ်တဲ့ တနသာင်္ရီနဲ့ ဘိတ် (မြိတ်) က တန်းယူ ရောင်းကြတာလည်း အများကြီးရှိတယ်”ဟု သီရိမင်္ဂလာ ဈေးမှ အသက် ၅၀ အရွယ် ငါးပိလုပ်ငန်းရှင် အမျိုးသမီးတဦးက ဆိုသည်။

ငါးပိများတွင် ဆိုးဆေးပါခြင်းသည် ကုန်ကြမ်းငါးပိ အဆင့်တွင်ပင် ဆိုးဆေးများ ထည့်သွင်းခြင်း ဖြစ်ပြီး မြစ်ဝကျွန်းပေါ်၊ တနသာင်္ရီတိုင်း အပါအ၀င် ငါးပိထုတ်လုပ်ရာ ဒေသများတွင် ဆိုးဆေးကို တွင်တွင် ကျယ်ကျယ် အသုံးပြု ကြကြောင်းလည်း သတင်းရရှိသည်။

မျှင်ငါးပိနှင့် လက်ဖက်တွင်သာ မဟုတ်ဘဲ မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့် မညီညွှတ်သော အစားအစာ အများအပြား ဆက်လက် ကျန်ရှိနေဆဲဖြစ်ပြီး စစ်အစိုးရအနေဖြင့် ယခုထက် ပိုမိုသော စစ်ဆေးအရေးယူမှုများ ပြုလုပ်သင့်သည်ဟု လှိုင်မြို့နယ် ဒေသန္တရ ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေး ၀န်ထမ်းတဦးနှင့် ပြည်တွင်း သတင်းဂျာနယ် တခုမှ သတင်းထောက် တဦးက သုံးသပ်ပြောဆိုသည်။ (ဧရာဝတီ)
-------------------------------------------------------------------
အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည်

၎၊မေ၊၂၀၀၉။တနင်္လာ

စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲထားသော တရုတ် - မြန်မာနယ်စပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် အသွင်ပြောင်း ရေးအတွက် အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီ( ၃ )ခု ဖွဲ့စည်းရန် စစ်အစိုးရမှ ကမ်းလှမ်းထားကြောင်း သိရသည်။

အဆိုပါ ဖွဲ့စည်းပုံတွင် အသွင်ကူးပြောင်းရေး မူဝါဒကော်မတီ၊ အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီ၊ အသွင်ကူးပြောင်းရေး တိုင်းအဆင့် လုပ်ငန်းကော်မတီတို့ ဖြစ်သည်ဟု တရုတ်နယ်စပ် သတင်းရပ်ကွက်က ပြောသည်။

အသွင်ကူးပြောင်းရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး စစ်အစိုးရဘက်မှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဥက္ကဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဥက္ကဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး ( ကြည်း/ရေ/လေ ) အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အတွင်းရေးမှူး (၁) ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင် အဖွဲ့ဝင်များ၊ တပ်မတော် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူး ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ရုံးတွဲဖက် အတွင်းရေးမှူးများ ပါဝင်ဖွဲ့စည်းမည်ဟု ဆိုသည်။

ယင်းဖွဲ့စည်းပုံတွင် နယ်ခြားစောင့်တပ် တစ်တပ်တွင် အရာရှိ အဆင့် ၁၈ ဦးနှင့် တခြားအဆင့် ၃၀၈ ဦးပါဝင်ကာ အင်အား စုစုပေါင်း (၃၂၆) ဦးတို့ဖြစ်ပြီး အုပ်ချုပ်မှု၊ တပ်ရေး၊ တပ်ထောက် စသည့် အရေးကြီးသည့် နေရာများနှင့် ရုံးတာဝန်များတွင် နအဖ စစ်တပ်မှ အရာရှိ ၃၀ ခန့် ပါဝင်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။

အဆိုပါ တပ်ဖွဲ့များအား တပ်နေရာချထားရေးနှင့် ပတ်သက်ပြီး နောက်ပိုင်းတွင် ညှိနှိုင်းရန်နှင့် နယ်ခြားစောင့် တပ်များအနေဖြင့် ကိုယ့်နယ်မြေ အတွင်း၌သာ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

ထိုအပြင် လွန်ခဲ့သည့်လ ၂၈ ရက်နေ့၌ နအဖ တာဝန်ရှိသူများက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K)၊ ကိုးကန့်တပ်ဖွဲ့၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) (SSA-N)၊ ဝပြည် သွေးစည်း ညီညွတ် ရေးပါတီ (UWSP) အစရှိသည့် လက်နက်ကိုင် တပ်ဖွဲ့များအား ယင်းကိစ္စရပ်အတွက် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

ယခုတွေ့ဆုံမှုမှာ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ပေါင်းစုံကို တစ်ရက်တည်းဖြင့် နအဖ တာဝန်ရှိသူများက လူများခွဲ၍ တွေ့ဆုံခဲ့ကြသည်။

၎င်း တွေ့ဆုံခဲ့သည့် နအဖ တာဝန်ရှိသူများမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်း ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ၊လောက်ကိုင် ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် ဒကစ မှူး ဗိုလ်မှူးချုပ်ဝင်းမောင်၊ စစ်ဖက်ဆိုင်ရာလုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ် ကြီးရဲမြင့်တို့ပါဝင်ကြောင်း သိရသည်။

ဝ နှင့် ကိုးကန့် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များက ဆိုသည်။ (ဧရာဝတီ)
---------------------------------------------------------------------

ပြောင်းလဲဖွဲ့စည်းရန် ကေအိုင်အိုနှင့် နအဖ မကြာမီ ဆွေးနွေးမည်

မေလ ၄ ရက်၊ ၂ဝဝ၉ ခုနှစ်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ တွေ့ဆုံပြီး ကေအိုင်အို လက်နက် ကိုင် တပ်ဖွဲ့အား ပြင်ဆင်ဖွဲ့စည်းရန်အတွက် မေလမကုန်မီ ဆွေးနွေးရန် နှစ်ဘက်သဘောတူညီမှု ယူထားသည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၏ လက်နက်ကိုင်တပ်ဖွဲ့အား (၂ဝ၁ဝ)မတိုင်မီ ပြန်လည် ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်ကြောင်း မြန်မာစစ်အစိုးရဘက်က ဧပြီလ(၂၈)နေ့ မြစ်ကြီးနား မြို့၊ မပခစစ်ဌာနချုပ်တွင် ကေအိုင်ဥက္ကဌ ဦးဆောင်အဖွဲ့နှင့် မပခတိုင်းမှူးတို့ တွေ့ဆုံစဉ် ပြောခဲ့သည်ဟု ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၊ ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂွမ်မော်က ပြောဆိုသည်။

“၂ဝ၁ဝ မတိုင်ခင်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဘယ်လိုဖွဲ့စည်းမလဲ၊ ဘယ်လိုထားမလဲ ဆိုတာ စဉ်းစားဖို့ လိုတယ်ဆိုပြီး ပြောထားတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တပ်မတော် အစိုးရက ပြောတဲ့ဟာကို ကျနော်တို့က လေးလေးနက်နက်ထားပြီး စဉ်းစားမယ်။ မေလ နောက်ဆုံးအပတ်ထဲမှာ နှစ်ဘက် တွေ့ဆုံပြီး ဆွေးနွေးမယ်၊ ကျနော်တို့ဆီက အဖွဲ့တဖွဲ့ သွားမယ်၊ ကျနော်တို့ သိချင်တာတွေ မေးမယ်၊ သူတို့ကလည်း ဆွေးနွေးချင်တာ ပြောမယ်၊ မေလအကုန် နှစ်ဦးနှစ်ဘက် တွေ့တဲ့အခါ စပြီးဆွေးနွေး ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ”

ကေအိုင်အို လက်နက်ကိုင်အဖွဲ့အား မည်သို့ဖွဲ့စည်းမည်၊ အသွင်ပြောင်းမည်စသည့် အသေးစိတ် အချက် အလက်များကို ပြောဆိုခြင်းမရှိပါ။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့သည် ၁၉၉၄ ခုနှစ်၊ ဖေဖေါ်ဝါရီ(၂၄)ရက်နေ့တွင် မြန်မာစစ် အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီး ကချင်ပြည်နယ်၊ အထူးဒေသ(၂) အဖြစ် သတ်မှတ်ပေးထားကာ ဒေသ အတွင်း လက်နက်ကိုင်ဆောင်သွားလာခွင့်၊ စီးပွားရေး လုပ်ခွင့်များ ရရှိထားသည့် အဖွဲ့ဖြစ်သည်။

ဧပြီလ(၂၈)ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်းမှ ကိုးကန့်၊ (ဝ)ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ အထူး ဒေသ(၄) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) စသည့် အဖွဲ့များနှင့် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်၊ ကချင်ပြည်လွတ်လပ်ရေး အဖွဲ့တို့ကို မြန်မာစစ်အစိုးရ စစ်ဘက်အရာရှိများက တနေ့တည်း၊ သီးခြားခေါ်ယူ တွေ့ဆုံခဲ့ကာ (၂ဝ၁ဝ)မတိုင်မီ လက်နက်ကိုင် တပ်ဖွဲ့များအား ပြင်ဆင်ဖွဲ့စည်းပြီး အဖွဲ့အသွင် ပြောင်းရန် ပြောဆိုခဲ့ သည်ဟု တရုတ်-မြန်မာနယ်စပ် သတင်းရပ်ကွက်က ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်တွင် တပ်မတော်တခုတည်းသာ ရှိရမည် ဆိုသည့် အချက် ထည့်သွင်းထား၍ ယခုလို ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့အစည်း များအား ပုံစံအသစ်ဖြင့် ပြောင်းလဲဖွဲ့စည်းဖို့ နအဖနှင့် အပစ်ခတ်ရပ်အဖွဲ့များအကြား ဆွေးနွေးပွဲများ ပေါ်ပေါက်လာသည်။ (သတင်းနှင့်မီဒီယာ ကွန်ယက်)

--------------------------------------------------------------------------

ထိုင်းမြန်မာနယ်စပ်ဂိတ်တွင် လက်နက်ခဲယမ်းများမိ

ဇော်ကြီး။
မေလ ၄ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းမြန်မာနယ်စပ်ဂိတ် တခုဖြစ်သော တာချီလိတ်မြို့အ၀င်ဂိတ်တွင် ထိုင်းနိုင်ငံဖက်မှ တင်ဆောင်လာသည့် လက်နက်ခဲယမ်းများ ဖမ်းမိခဲ့သည်။

ထိုင်းနှင့်မြန်မာ ဆက်သွယ်ထားသည့် တာချီလိတ်တံတား အကောက်အခွန်ဂိတ်တွင်ယနေ့ နေ့လည် ၂ နာရီ ကျော်အချိန်က ထိုင်းနိုင်ငံဖက်မှ ကျောင်းအကြိုအပို့လုပ်သည့် ကားဖြင့်တင်ဆောင်လာသည့် လက်နက်ခဲယမ်း များ ဖမ်းမိခဲ့သည်ဟု အကောက်ခွန်ဂိတ် နှင့် နီးစပ်သူတဦးက ယခုလိုပြောသည်။

“တာချီလိတ်တံတားအ၀င်မှာ ယိုးဒယားပေါင်မုန့်ကား အဖြူနဲ့ကျောင်းပို့ကြိုကားပေါ့နော်။ အဲဒီကားနဲ့ မောင်းဝင်လာတယ်။ မောင်းဝင်လာပြီးမှ အဲဒီကားကို ကာစတန်ကနေပြီး မသင်္ကာ လို့ဆိုပြီး၊ တားပြီး တော့ နောက်ကိုကြည့်လိုက်တာ။ အမှန်မှာက ကားကကျော်သွားပြီးပြီ။ကာစတန်ဂိတ်ကို နည်းနည်း လေးကျော်သွားပြီးပြီ။ ဒါပေမဲ့ သူက(ဂိတ်တာဝန်ကျ) မတ်တတ်ရပ်ပြီး ကြည့်တဲ့ခါကျတော့ ကားနောက်ထဲမှာ အ၀တ်တွေနဲ့ဖုန်းထားတဲ့ သေတ္တာအရှည်ကို တွေ့တဲ့ခါကျတော့ အဲ့မှာ တားပြီး စစ်လိုက်တော့ အဲဒီထဲမှာတွေ့တာပဲ။”

သေတ္တာထဲ၌ AK-47 မောင်းပြန်ရိုင်ဖယ်တစ်လက်နှင့် ၎င်းကျည်ဘောက် ၆၁ ဘောက်၊ ပွိုင့် 38 တစ်လက်နှင့် ၎င်းကျည် ၃၀၀ တောင့်၊ ဆွစ်ဇာလန်နိုင်ငံထုတ် ပွိုင့် 22 အတို တစ်လက်နှင့် ၎င်းကျည် ၅၀ တောင့်၊ ကျည်ကာအင်္ကျီ တစ်ထည်နှင့် စနိုက်ပါမှန်ပြောင်း တစ်လက်တို့ ကိုတာဝန်ရှိသူများက သိမ်းဆီးရမိခဲ့သည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ အာယမ်း အမှတ် ၃ ရပ်ကွက် တွင်နေထိုင်သူ အသက် ၃၅ နှစ်အရွယ် ထိုင်းအမျိုးသား က သယ်ဆောင်လာခြင်းဖြစ်ပြီး ယခုအခါ ၎င်းကို တာချီလိတ်ရဲစခန်း တွင်ချုပ်နှောင်ထားသည်ဟု သိရသည်။ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိချိန်တွင် ကျောင်းကားပေါ်၌ ကျောင်းဆရာမ ၁ ယောက်နှင့် ကျောင်းသား ၁၁ ယောက်တို့လိုက်ပါလာခဲ့သော်လည်း အဓိက ကားဒရိုင်ဘာကိုသာ ဖမ်းဆီးခဲ့သည်။

လွန်ခဲ့သည့်ဇန္န၀ါရီလ ကုန်ပိုင်းက တာချီလိတ်မှ ကျိုင်းတုန်အထွက် မယ့်ယန်းဂိတ်တွင် အလားတူ လက်နက်များ ဖမ်းမိခဲ့ပြီး မိုင်းကိုး၊ မိုင်းဖြတ် အခြေပြုလှူပ်ရှားနေသော မူးယစ်ဂိုဏ်းတစ်ခုမှ မူးယစ်ဆေးများနှင့် လှဲလှယ်ရန် ဖြစ်နိုင်သည်ဟု နှစ်နိုင်ငံ တာဝန်ရှိသူများက သံသယရှိကြသည်။

လက်နက်ခဲယမ်းဖမ်းမိသည့်ကိစ္စကြောင့် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှုမရှိသော်လည်း စစ်ဆေးမှုများ ပိုလာသည်ဟု ၎င်းကပြောသည်။ (သတင်းနှင့်မီဒီယာ ကွန်ယက်)
-------------------------------------------------------------------------------------

အရိုက်ခံခဲ့ရသော်လည်း အရိုက်မခံခဲ့ရဟု အတင်းအဓမ္မ လက်မှတ်ထိုးခိုင်း

Mon 04 May 2009

ခလရ ၂၉၉ တပ်ရင်းမှ အရာရှိတစ်ဦးသည် မိမိဇနီးကို မထီမဲ့မြင်သည်ဟုဆိုကာ ရွာသား နှစ်ဦးအား ခြိမ်းခြောက်ရိုက်နှက်ခဲ့သည့်သတင်း ပြန့်နှံ့သွားသောကြောင့် အဆိုပါကိစ္စသည် မဟုတ်မှန်ကြောင်းသက်သေပြရန် ထိုရွာသားနှစ်ဦးကို လက်မှတ်ထိုးစေခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဧပြီလ ၂၂ ရက်နေ့တွင် ရေးမြို့နယ်မှ ဗျူဟာမှူးသည် ခလရ ၂၉၉ ထံ သွားရောက်ပြီး ထိုရွာသားနှစ်ဦးအား ရိုက်နှက်ခြိမ်းခြောက်ခဲ့သည့် အရာရှိကို ယင်းအကြောင်းနှင့် ပတ် သက်၍ လာရောက်စစ်ဆေးခဲ့သောကြောင့် ထိုရွာသားနှစ်ဦးကို မိမိမရိုက်ခဲ့ရကြောင်း လက်မှတ်ထိုးစေခြင်း ဖြစ်သည်ဟု ရွာသားတစ်ဦးကပြောသည်။

“ဗျူဟာမှူးက ရွာသားကို ခြိမ်းခြောက်ခဲ့တဲ့ အရာရှိကို ဘာတွေပြောသွားလဲတော့ မသိဘူး၊ အဲဒီဗိုလ်ကြီးက သူရိုက်ခဲ့တဲ့ ရွာသားနှစ်ယောက်ကို ခေါ်ပြီး အရိုက်မခံခဲ့ရပါဘူးဆိုပြီး ခံဝန် ချက်လက်မှတ်ထိုးခိုင်းတယ်၊ တကယ်လို့ လက်မှတ်မထိုးရင် ဒီသတင်း အခုလိုပြန့်ရတာ မင်းတို့ နှစ်ယောက်ပဲ ဖြန့်တာလို့ စွပ်စွဲလို့ ရတယ်ဆိုပြီး ထပ်ခြိမ်းခြောက်သေးတယ်” ဟု ကိုးမိုင် ရွာသားတစ်ဦးက ပြောသည်။

ထိုခြိမ်းခြောက်မှုကြောင့် ရွာသားနှစ်ဦးသည် ကြောက်ရွံ့ကာ ၄င်းအရာရှိထံတွင် ကတိခံဝန် ချက် လက်မှတ်ထိုးခဲ့ကြရသည်ဟု သိရှိရသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် ဗျူဟာမှူးမှ လာရောက် စစ်ဆေးခဲ့သည်ကို ရွာသားများမှ သေသေချာချာ မသိရှိကြပေ။

လွန်ခဲ့သော ဧပြီလတွင် ခလရ ၂၉၉ တပ်ရင်းမှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးသည် ၄င်း ၏ဇနီးနှင့် လမ်းဘေးတွင်ရပ်နေစဉ် ကိုးမိုင်ရွာသားနှစ်ဦးက ဆိုင်ကယ်ဖြင့် မတော်တဆ နင်းမိသော ကတ္တရာလမ်းရှိ ရေအနည်းငယ် လွင့်စင် ထိမိသွားသဖြင့် ၄င်းရွာသားနှစ်ဦးကို ရိုက်နှက်ကာ နေအိမ်ကို မီးရှို့သည်အထိ ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်။ (မွန်သတင်း)

Comments