စွမ်းအားရှင်တယောက် ကျပ်နှစ်သောင်း

ကြာသပတေးနေ့၊ မေလ 21 2009 13:55 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်၏တရားခွင် နေ့စဉ်ရက်ဆက် ပြုလုပ်နေစဉ်အတွင်း လုံခြုံရေးအတွက် လိုအပ်နေသော ”စွမ်းအားရှင်” များ အာဏာပိုင်များက စုဆောင်းလျှက်ရှိရာ တဦးလျှင် တရက်ကို ငွေကျပ် နှစ်သောင်းအထိ ပေးမည်ဟု ဆိုသည်။

အင်းစိန်ထောင် အနီးတဝိုက်နှင့် ရန်ကုန်မြို့တွင် အချက်အချာ ကျသောနေရာများတွင် အသင့်စောင့်ဆိုင်းနေရမှာဖြစ်ပြီး ပုံမှန် အခြေအနေတွင် တရက်လျှင် ကျပ်ငွေ ၃ ထောင်ပေးမှာဖြစ်ပြီး ပဋိပက္ခ အခြေအနေနှင့် ကြုံတွေ့၍ စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများကို ရိုက်နှက် ဖမ်းဆီးရလျှင် ငွေကျပ်နှစ်သောင်း ပေးမည်ဟုဆိုကာ စုဆောင်းမှုများ ပြုနေရသည်ဟု စုံစမ်းသိရှိရသည်။

အချို့သော ရပ်ကွက်များတွင် လျာထားသော အရည်အတွက် ပြည့်မှီမှုမရှိသဖြင့် လောလောဆယ်အချိန်မှာပင် ဈေးပိုပေးနေရသည်။

အင်းစိန်ထောင်အနီးနှင့် အင်းစိန်မြို့နယ်တွင်း လက်နက်ကိုင် စစ်တပ်များ ရဲများ နေရာအနှံ့ မြင်တွေ့နေရသော်လည်း ရန်ကုန်မြို့တွင်း အခြားနေရာများတွင်မူ ယူနီဖောင်းဝတ် လုံခြုံရေးများ အနည်းငယ်သာ တွေ့ရသည်။

လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် အရပ်ဝတ်ရဲများ၊ စစ်ဖက်ရေးရာ လုံခြုံရေးများနှင့် စွမ်းအားရှင်များသာ ရှိနေသည်ကို တွေ့ရသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလ သံဃာတော်များဦးဆောင်သော ဆန္ဒပြမှုများတွင် စွမ်းအားရှင်အဖြစ် အရပ်သားများကို ခေါ်ယူကာ တဦးလျှင် အနည်းဆုံး ငွေသုံးထောင်ကျပ်၊ နေ့လည်စာ ဒန်ပေါက်တပွဲနှင့် စီးကရက် တဗူးစီ အခကြေးငွေ ပေးခဲ့သည်။(အာဇာနည်ဘလောက်)

Comments