နယ်စပ်သတင်းများ

KNU နှင့် တိုက်ပွဲတွင် ဗိုလ်မှူးချုပ်အဆင့်ရှိသူ တဦး ကျဆုံးဟု ဆို

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ မေလ 13 2009 13:54 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ကရင်အမျိုးသား အစည်းအရုံးနှင့် တိုက်ပွဲတွင် ကျဆုံးသွားသည်ဟု ဆိုသော မြန်မာစစ်တပ်မှ အဆင့်မြင့် အရာရှိတဦး၏ ရုပ်အလောင်းကို ယနေ့တွင် သင်္ဂြိုဟ်မည် ဖြစ်သည်။

ပဲခူးတိုင်း သံတောင်မြို့နယ် ဘောကလိကျေးရွာ အုပ်စုမှ အမှတ် ၅ စစ်ဆင်ရေးနှင့် ကွပ်ကဲရေး ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကောင်းမြတ်သည် မေလ ၁၁ ရက်နေ့က ကရင်လွတ်မြောက်ရေးတပ်နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု ကေအန်ယူက ထုတ်ဖော်ပြောဆိုထားသည်။

ကေအန်ယူမှ အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ဗိုလ်မှူးချုပ် ကောင်းမြတ်သည် ၎င်းတို့ တပ်နှင့် တိုက်ပွဲတွင် ကျဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာစစ်အစိုးရက တိုက်ပွဲသတင်းနှင့် ပတ်သက်၍ ထုတ်ပြန်သေးခြင်း မရှိသေးဘဲ ဗိုလ်မှူးချုပ် ကောင်းမြတ်၏ နာရေးကြော်ငြာကိုသာ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ သတင်းစာက မည်သည့် နေရာတွင် သဂြုင်္ိဟ်မည်ကို ဖော်ပြခြင်း မရှိသော်လည်း သင်္ဃန်းကျွန်းမြို့နယ် အိမ်တွင် ဆွမ်းကျွေးမည်ဟု သိရသည်။

ကြည်း-၂၆၈၀၁ စစ်တက္ကသိုလ် အမှတ်စဉ် ၂၃ ဆင်း အသက် ၄၉ နှစ် အရွယ် ဗိုလ်မှူးချုပ် ကောင်းမြတ်သည် မန္တလေးမြို့နေ ဗိုလ်ကြီးခင်လှ၏ တတိယမြောက် သားဖြစ်ပြီး၊ ကလေး ၂ ဦး၏ ဖခင်ဖြစ်သည်။

လက်ရှိတွင် သင်္ကန်းကျွန်းမြို့နယ် ကံ့ကော်ရိပ်သာလမ်း အမှတ် ၂၀၉ တွင် နေထိုင်သည့် ဇနီးသည် ဒေါ်ခင်ထွေးနှင့် သားဖြစ်သူ မောင်ကောင်းကျော်မြတ်၊ သမီး မလှမြတ်နိုးတို့ ကျန်ရစ်ခဲ့သည်။
------------------------------------------------------------------------------------

ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးတဦး KNU ထံ ပြန်လည်ရောက်ရှိ

Thursday, 07 May 2009 21:16 ဖြိုးကြီး

ဗိုလ်ချုပ်စောထင်မောင်ဦးဆောင်သည့်ကရင်ခွဲထွက်အဖွဲ့ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း (၇၀၄) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောလေးမူး မိသားစုဝင်များနှင့်အတူ KNU အဖွဲ့သို့ ပြန်လည်ရောက်ရှိလာသည်။

စစ်အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့များအပေါ် ထားရှိသည့် သဘောထားကို မယုံကြည့်ရတော့သည့်အပြင် ၂၀၁၀ နောက်ပိုင်း နယ်ခြားစောင့်တပ်ဖွဲ့ပြီးပါက မိမိလူမျိုးနှင့် ပြည်သူလူထုတရပ်လုံးအတွက် အာမခံချက်မရှိတော့သည့်အတွက် ယခုလ (၄) ရက်နေ့က ကေအန်အဲလ်အေ တပ်မဟာ (၇) သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးကောင်စီမှ KNU သို့ ပြန်လည်ရောက်ရှိလာသည့် ဗိုလ်မှူး စောလေးမူး
“ကျနော်တို့ရပ်တည်ဖို့ အာမခံချက်မရှိဘူး၊ သူတို့ခိုင်းတာပဲ အကုန်လုပ်ရမှာ၊ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာက ကိုယ့်အမျိုးသားတွေအတွက် ငြိမ်းချမ်းဖို့လုပ်တာဆိုပြီး အဖိုးထင်မောင်ပြောတာ၊ အခုတော့ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ် ခိုင်းတာလုပ်ရမယ်ဆိုတော့ ကျနော်တို့ရည်ရွယ်ချက်နဲ့ တခြားဖြစ်သွားမယ်၊ အဲဒါကြောင့်မို့ ကျနော်ထွက်လာခဲ့တာ” ဟု ဗိုလ်မှူး စောလေးမူးက ပြောသည်။

ပြီးခဲ့သည့်လ (၂၈) ရက်နေ့က ငြိမ်းချမ်းရေးကောင်စီအဖွဲ့များကို နအဖအာဏာပိုင်များက ဖားအံမြို့တွင် ခေါ်ယူကာ အသက်ကြီးသူများကို ပါတီဖွဲ့ ရွေးကောက်ပွဲဝင်ခိုင်းပြီး ကျန်တပ်ဖွဲ့ဝင်များကို အင်းအားလျော့ချကာ နယ်ခြားစောင့်တပ် ပြန်လည်ဖွဲ့စည်းပြီး ကာကွယ်ရေးဦးစီးချုပ်လက်အောက်တွင် ထားရှိမည်ဖြစ်ကြောင်း ပြောဆိုဖိအားပေးခဲ့သည်ဟု ၎င်းက ပြောသည်။

လက်ရှိ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်များ အခြေအနေနှင့်ပတ်သက်၍ “၂၀၁၀ ပြီးရင် တပ်တွေကိုပြန်ဖွဲ့စည်းပြီး နယ်ခြားစောင့်တပ်အဖြစ် ထားမယ်၊ နအဖတပ်လို နေရမယ်ဆိုရင်တော့ ကျနော့်လူတွေ တယောက်မှ ရှိတော့မှာမဟုတ်ဘူး၊ ပါတီဖွဲ့ဖို့ကလဲ ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ ပါတီဖွဲ့နိုင်လောက်တဲ့သူ တယောက်မှမမြင်ဘူး၊ အဖိုးထိန်မောင်ဆိုရင်လဲ အသက်ကကြီးလာပြီး သူ ပါတီထောင်ပြီး ဘယ်လို ရွေးကောက်ပွဲဝင်နိုင်မလဲ” ဟု ပြောသည်။

နအဖစစ်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးအဖွဲ့ဝင်များအပေါ်ထားရှိသည့် သဘောထားနှင့်ပတ်သက်၍လည်း “တစုံလုံအတိုင်းအတာပြောရရင် ကျနော်တို့ လူထုတွေနစ်နာတာပဲရှိတယ်၊ နအဖလုပ်ရပ်သာ အောင်မြင်ရင် တိုင်းသူပြည်သားတွေ ပိုပြီး နစ်နာမှာပါ၊ အားလုံးအခြေအနေက ပရုပ်လုံးလို လုံးပါးပါးသွားမှာပဲ၊ သူတို့ပြောတဲ့ ဒီမိုကရေစီဆိုတာလဲ တိုင်းသူပြည်သားတွေအတွက် ဖြစ်လာမှာမဟုတ်ပါဘူး၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အားလုံးဟာ ၂၀၁၀ ပြီးရင် အားလုံးပျက်သုဉ်းသွားမှာပါ” ဟု ပြောသည်။

နအဖမီဒီယာများက ငြိမ်းချမ်းရေးအဖွဲ့များမှ ပြန်လည်ရောက်ရှိလာသူများကို KNU မှ သတ်ဖြတ်ပစ်ကြောင်း ပြောဆိုနေခြင်းသည် လိမ်လည်မှုများသာဖြစ်ပြီး တကယ်တမ်းလက်တွေ့တွင် နွေးထွေးစွာ ကြိုဆိုဆက်ဆံကြောင်း ၎င်းက ဆက်လက်ပြောသည်။

“သူတို့ပြောတာ တခြားစီပါဗျာ၊ သူတို့သတင်းမှားတယ်ဆိုတာ ကျနော်ကိုယ်တိုင် ကြုံနေရပြီ၊ ကျနော် အေးအေးဆေးဆေးပဲ လက်ထိပ်ခတ်တာတောင် မရှိဘူး၊ နွေးထွေးစွာ ကြိုဆိုတယ်၊ စားဖို့သောက်ဖို့ကအစ သူတို့လုပ်ပေးတယ်၊ အခုလိုပြောတာကလဲ ဘယ်သူမှ ဖိအားပေးလို့မဟုတ်ဘူး၊ နအဖမီဒီယာတွေက သတင်းအမှားတွေပဲ ဖြစ်တယ်ဆိုတာ ကျနော် ပြောချင်ပါတယ်” ဟု ပြောသည်။

လက်ရှိ ဗိုလ်ချုပ်ထင်မောင်ဦးစီးသည့် ငြိမ်းချမ်းရေးကောင်စီတွင် တပ်ရင်း ၉ ရင်းနှင့် အထူးတပ်ရင်း ၁ ရင်း ထားရှိကာ လက်နက်ကိုင်အင်အား ၃၀၀ ဝန်းကျင်သာရှိကြောင်း ၎င်းက ပြောသည်။

လက်ရှိ ငြိမ်းချမ်းရေးကောင်စီတွင် ကျန်ရစ်ခဲ့သူများကို ၎င်းအနေဖြင့် “ကျနော့် လုပ်ဖော်ကိုင်ဖက်တွေကို မှာချင်တာက အခြေအနေအရပ်ရပ်ကို အားလုံးသိတဲ့အတွက် ခြေမကျွံခင် ပြန်လာခဲ့ကြပါလို့ မှာချင်တယ်၊ ရှေ့လှမ်းရမှာကလဲ ချောက်ကမ်းပါးပဲဆိုတာကို သိလျှက်နဲ့ ဆက်မမှားစေချင်တော့ဘူး၊ မိခင် KNU ရဲ့ရင်ခွင်ကို ပြန်လာဖို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူး စောလေးမူးက တိုက်တွန်းပြောဆိုသည်။

ဗိုလ်မှူးစောလေးမူး မိခင် KNU သို့ ၎င်း၏မိသားစုဝင် ၄ ဦးနှင့်အတူ ပြန်လည်ရောက်ရှိလာသည့်အပေါ် တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက “ဟိုမှာနေလို့ အခြေအနေမကောင်းတော့ဘူး၊ အများအတွက် အမျိုးသားအတွက် အကျိုးမရှိဘူးဆိုတာကို သိလို့ ပြန်လာတာ၊ သူ့မိသားစုတွေရော အရင်ကအတိုင်း အေးအေးဆေးဆေး ပြန်လာနေပါ နွေးထွေးစွာပဲ ကြိုဆိုပါတယ်” ဟု ပြောသည်။
(ရိုးမ ၃)
-------------------------------------------------------------------------------------

ဒီကေဘီအေစစ်သား၏ သတိမဲ့မှုကြောင့် အရပ်သားလေးဦး သေနတ်ထိမှန်ရာ တစ်ဦးသေဆုံး

Tue 12 May 2009,

ကွန်းဟဒေ့

မွန်ပြည်နယ် ပိုင်ကမာ ကျေးရွာတွင် ဒီကေဘီအေစစ်သားတစ်ဦး၏ သတိမဲ့မှုကြောင့် ၄င်းကိုင်ဆောင်ထားသော သေနတ်မှ အလိုအလျောက် မတော်တဆ မောင်းပြုတ် သွားသောကြောင့် အရပ်သား ၄ ဦးအား ထိမှန်ခဲ့သည်ဟု သိရသည်။

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ပိုင်ကမာကျေးရွာတွင် ကဆုန်လပြည့်နေ့ ပွဲတော်ကို အကြောင်းပြပြီး ဗိုလ်မိုးကြိုး ဦးဆောင်သော ဒီကေဘီအေ စစ်သား ၇ ဦးခန့် ကစားဝိုင်း လာရောက် ဖွင့်လှစ်ထားကြသည်။

လပြည့်နေ့ည ၉ နာရီနှင့် ၁၀ နာရီကြားတွင် ဒီကေဘီအေစစ်သားတစ်ဦး ကိုင်ဆောင်ထားသော သေနတ်မှ အလိုအလျောက် မောင်းပြုတ်သွားရာ ကျည်ကဒ်အတွင်းရှိ ကျည်ဆံအားလုံး ထွက်သွားပြီး အနီးအနားရှိ အရပ်သား ယောက်ျားလေးဦးကို ထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“သေနတ်မောင်းပြုတ်တော့ ကျည်ကအ်တစ်ကအ်လုံးကို ထွက်သွားတယ်၊ အနီးမှာရှိတဲ့ လူလေးယောက်ကို ထိသွားတယ်၊ တစ်ယောက်က မုဒုံမြို့က၊ သုံးယောက်ကတော့ ကော့ခလွယ်ရွာက” ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။

သေနတ်မောင်းပြုတ်သွားသော ဒီဒေဘီအေစစ်သားမှာ ၄င်းတို့အချင်းချင်း ရန်ဖြစ်ထား၍ သေနတ်မောင်းတင်ထားပြီး အော်တိုခလုတ်ကို ဖွင့်ထားသဖြင့် မတော်တဆ မောင်းဖြုတ်ခလုတ်ကို ထိမိရာမှ ယခုကဲ့သို့ ဖြစ်သွားရခြင်း ဖြစ်သည်ဟု ဒေသခံ ရွာသားလူကြီးတစ်ဦးက ပြောသည်။

ကျည်ဆံထိသွားသော အရပ်သားလေးဦးအား မော်လမြိုင်ပြည်သူ့ဆေးရုံသို့ တင်ခဲ့ရသည်။ မုဒုံမြို့နယ်မှ သူတစ်ဦးသည် နှစ်ရက်ကြာတွင် သေဆုံးခဲ့ပြီး ကျန်ရှိသောသုံးဦးမှာ ယခုအချိန်အထိပင် ဆေးရုံတွင်သာ ဆေးကုသမှု ခံယူနေရသေးသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းထိခိုက်မှုကြောင့် ဒီကေဘီအေမှ လျော်ကြေးအနည်းငယ်မျှ ပေးဆပ်ခြင်းမရှိဟု ရွာသားများက ပြောဆိုနေကြသည်။

မတော်မဆ သေနတ်မောင်းပြုတ်သွားသော ဒီကေဘီအေစစ်သားတစ်ဦးနှင့် အရာရှိတစ်ဦးကို အာဏာပိုင်များက မော်လမြိုင်သို့ ခေါ်ဆောင်သွားခဲ့ပြီး ယခုအချိန်ထိပင် မည်သည့်သတင်းအစအနမျှ မကြားသိရသေးကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

“ဘာလုပ်ဖို့ ခေါ်သွားတာလည်းတော့ မသိဘူး၊ သူတို့အချင်းချင်း ဒီအတိုင်းပဲ ညှိပြီးတော့ ပြေလည်သွားမှာပါ၊ ဘာမှအရေးယူမှာ မဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက ဒီကေဘီအေနှင့် အာဏာပိုင်များ ဆက်ဆံရေးအပေါ် ၄င်း၏အမြင်ကို ပြောသည်။

လွန်ခဲ့သော ဧပြီလတွင်လည်း ကျိုက်မရောမြို့နယ် ကျွန်းရွာ၌ ဒီကေဘီအေစစ်သားတစ်ဦး၏ သေနတ်မှ ကျည်ဆံမှာ မတော်မဆလွတ်ထွက်သွားမှုကြောင့် ရွာသားတစ်ဦးအား ထိခိုက်ဒဏ်ရာရရှိစေခဲ့သော်လည်း လျော်ကြေးအတွက် အနည်းငယ်မျှပင် ပြောဆိုသွားခြင်း မရှိဟု သိရသည်။ (မွန်သတင်း)

Comments