ကေအိုင်အို နိုင်ငံရေးပါတီဖွဲ့စည်းမည်မဟုတ်၊နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး နအဖနှင့်ထပ်မံဆွေးနွေးမည်။


NEJ / ၈ မေ ၂၀၀၉

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အဖွဲ့ပြီးလျှင် ဒုတိယအင်အားအကြီးဆုံးဖြစ်သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို) အနေဖြင့် နိုင်ငံရေးပါတီ ထူထောင်မှု မရှိကြောင်း ယင်းအဖွဲ့က ပြောသည်။

ကချင်အတိုင်ပင်ခံကောင်စီကဲ့သို့ ကချင်ပြည်နယ် ပြည်သူလူထုအကြီးအကဲများနှင့် ညှိနှိုင်းဆွေးနွေးသည့် လုပ်ငန်းကော်မတီသာရှိပြီး ထိုကော်မတီတွင် ကိုယ်စားလှယ်အနေဖြင့်ပါရှိကာ နိုင်ငံရေးပါတီမဖွဲ့ကြောင်း ကေအိုင်အို ဗဟိုကော်မတီဝင် ဒေါက်တာ လဂျာက ပြောသည်။

“နိုင်ငံရေးပါတီ မထောင်ပါဘူး။ ကေအိုင်အိုအနေနဲ့ မပါပါဘူး။ ကြားလုပ်ငန်းကော်မတီဆိုပြီး ပါတာတော့ရှိတယ်။ ဒါနိုင်ငံရေးပါတီမဟုတ်ဘူးဗျ။ သူတို့က Process ကို ဘယ်လို သွားကြမယ်ဆိုတာ ညှိနှိုင်းတဲ့သဘောပေါ့ဗျာ။ ကျနော်တို့လူကြီးပိုင်း၊ ပြည်သူလူထုလူကြီးပိုင်းတွေရဲ့ သဘောထားတွေ ရှင်းလင်းညှိနှိုင်းကြတဲ့အဖွဲ့ပါ။ အတိုင်ပင်ခံ ကောင်စီလိုမျိုးပါ” ဟု ၎င်းက ပြောသည်။

အဆိုပါလုပ်ငန်းကော်မတီကို ယမန်နှစ်က လိုင်ဇာမြို့တွင် ဖွဲ့စည်းခဲ့ပြီး ကချင်ပြည်ဒီမိုကရေစီတပ်မတော်မှ ကိုယ်စားလှယ်များ၊ ကချင်လူမျိုးရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များဖြင့် ဖွဲ့စည်းခဲ့သည်။

အခြားသော အပစ်ခတ်ရပ်အဖွဲ့များကဲ့သို့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို နအဖဘက်က ပြောဆိုထားသော်လည်း ကေအိုင်အိုအနေဖြင့် အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း၊ ထို့ပြင် လူအင်အားသတ်မှတ်ပေးခြင်း၊ စာရင်း တောင်းခြင်းလည်း မရှိသေးဘဲ ယခုလအတွင်း ၎င်းတို့ဘက်မှ အဆင်သင့်ဖြစ်ပါက နအဖနှင့် ထပ်မံဆွေးနွေးရန် ရှိကြောင်း ဒေါက်တာလဂျာက ပြောသည်။

ယခင်လ (၂၈) ရက်က ကချင်ပြည်လွတ်လပ်ရေးအဖွဲ့အပါအ၀င် တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ အပစ်ရပ်အဖွဲ့အစည်းများကို စစ်ဘက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့်တိုင်းမှူးများက သီးခြားစီ ခေါ်ယူတွေ့ဆုံကာ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး၊ နိုင်ငံရေးပါတီထူထောင်ကာ ရွေးကောက်ပွဲဝင်ရေးတို့ကို ပြောဆိုခဲ့သည်။

အင်အား (၃) သောင်းဝန်းကျင်ရှိသည့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ကို အင်အား (၃) ထောင်အထိ လျှော့ခိုင်းနေသော်လည်း အင်အား (၅) ထောင်ဝန်းကျင်ရှိသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၏ တပ်ဖွဲ့ကိုမူ အင်အားလျှော့ခိုင်းခြင်း မရှိသေးဟု သိရသည်။

ယခုနှစ်ဖေဖော်ဝါရီ (၅) ရက်တွင် ကျရောက်ခဲ့သည့် (၄၈) နှစ်မြောက် ကေအိုင်အိုတော်လှန်ရေးနေ့တွင် ကေအိုင်အို ဒု-ဥက္ကဋ္ဌနှင့် စစ်ဦးချုပ်ဖြစ်သူ ဗိုလ်ချုပ်အင်ဘန်လက ကေအိုင်အိုအနေဖြင့် နိုင်ငံရေးပါတီထောင်ကာ ရွေးကောက်ပွဲ ၀င်မည်မဟုတ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအား မကြိုက်သော်လည်း နောင်တက်လာမည့်အစိုးရနှင့် ဆက်လက် ဆွေးနွေးတောင်းဆိုမည်ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

ကေအိုင်အိုအဖွဲ့သည် ၁၉၆၂ ခုမှစ၍ လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့ပြီး ၁၉၉၄ ခု၊ ဖေဖော်ဝါရီ (၂၄) ရက်တွင် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

အပစ်ရပ်အဖွဲ့များအနေဖြင့် နအဖဘက်မှတောင်းဆိုထားသကဲ့သို့ နိုင်ငံရေးပါတီထူထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်မည်ဆိုပါက ရွေးကောက်ပွဲခိုင်မာမှုရှိသွားပြီး နအဖအတွက် နိုင်ငံရေးအမြတ်ရသွားနိုင်သည်ဟု တရုတ်-မြန်မာ နယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆိုသည်။
-------------------------------------------------------------------------------------------
ကရင်ခွဲထွက်များ ပျောက်ကွယ်စေရန် နအဖလုပ်ဆောင်ဟု ငြိမ်းချမ်းရေးကောင်စီ ကပြောကြား

NEJ / ၇ မေ ၂၀၀၉

မြန်မာစစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် ကရင်ခွဲထွက်များအားလုံး အလိုအလျောက် ပျောက်ကွယ် သွားမည့်အစီအစဉ်ကို နအဖမှ စနစ်တကျလုပ်ဆောင်နေသည်ဟု ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူတဦးက ပြောသည်။

စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီကို တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့က ခေါ်ယူကာ အနုနည်းဖြင့် အကြပ်ကိုင်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဆက်စပ်ပြောကြားခြင်းဖြစ်သည်။

ယခုလ (၄) ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်စခန်းသို့ လာရောက်ပူးပေါင်းသည့် ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ တပ်ရင်း (၇၀၄) မှ ဗိုလ်မှူးစောလေးမူးက “အရင်လ (၂၈) ရက်နေ့က ဘားအံမှာ ငြိမ်းချမ်းရေးကောင်စီအဖွဲ့က လူကြီးတွေကို နအဖ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) က ခေါ်တွေ့ပြီး ဖူးဌေးမောင်ကို အဖွဲ့တွင်းမှာရှိတဲ့ အသက်ကြီးတဲ့လူတွေကို အဖွဲ့ကထွက်ခိုင်းပြီး ကျန်တဲ့လူတွေနဲ့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ပြောတယ်။ ၂၀၁၀ ကျရင် နယ်ခြားစောင့်အဖြစ် အကန့်အသတ်နဲ့ အသွင်ပြောင်းပေးမယ်။ အဲဒီကိစ္စကို စဉ်းစားခိုင်းတယ်” ဟု ပြောသည်။

၎င်းဆွေးနွေးပွဲတွင် မြန်မာစရဖအရာရှိများနှင့်အတူ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ စောဌေးမောင် (ဥက္ကဋ္ဌ)၊ ဗိုလ်ချုပ်ကြီး ထော့လေး (ဒုတိယစစ်ဦးစီးချုပ်)၊ နော်ကပေါ်ထူး (အတွင်းရေးမှူး) နှင့် ဗိုလ်မှူးချုပ်ယဉ်နု (စစ်ထောက်ချုပ်) တို့ ပါရှိသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စောဌေးမောင်က အဖွဲ့ဝင်များအား ယနေ့ထိ ပြန်လည်ရှင်းလင်း ပြောဆိုခြင်း မရှိသည့် အပေါ် အဖွဲ့ဝင်များက စိုးရိမ်နေပြီး ၎င်းတို့အားလုံးကို နအဖလက်ထဲ ဝကွက်အပ်မည်ကို စိုးရိမ်နေကြသည်။

ကရင်ခွဲထွက်များ၏ အခြေအနေနှင့်ပတ်သက်၍ ရွေးကောက်ပွဲပြီးလျှင် ခွဲထွက်အဖွဲ့အားလုံးကို နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းပြီး ကာကွယ်ရေးဦးစီးချုပ်၏ အကန့်အသတ်အောက်တွင် ရပ်တည်ရမည်ဖြစ်သောကြောင့် ကရင်ခွဲထွက်အဖွဲ့များအားလုံး အလိုအလျောက် လုံးပါးပါးပြီး ပျောက်ကွယ်သွားမည် ဖြစ်သည်ဟုလည်း စောလေးမူးက ပြောသည်။

၎င်းက “စစ်မှန်တဲ့ငြိမ်းချမ်းရေး ရမယ်ထင်ပြီးလုပ်ခဲ့တာ လက်တွေ့မှာ တခြားစီပဲ။ နအဖလက်အောက်မှာ ဘာနိုင်ငံရေး၊ ဘာငြိမ်းချမ်းရေးမှ လုပ်လို့မရဘူး။ ဒါကြောင့် မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကေအန်ယူဆီ ပြန်လာတာပါ” ဟု ပြောသည်။

ကေအန်ယူခွဲထွက်အဖွဲ့အစည်းများမှာ ဒီကေဘီအေ၊ ကေအန်ယူငြိမ်းချမ်းရေးကောင်စီအဖွဲ့၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့၊ စောသမူဟဲ ဟောင်သရောအဖွဲ့၊ သံတောင်အထူးဒေသ တောင်နှင့်မြောက် (၂) ဖွဲ့ နှင့် (၁၀၁) အဖွဲ့တို့ဖြစ်သည်။

ငြိမ်းချမ်းရေးကောင်စီတွင် တပ်ရင်း (၁၀) ရင်းရှိပြီး (၁) ရင်းလျှင် (၃၀) ဦးခန့်ရှိကာ ၎င်းတို့လက်ရှိ လက်နက်ကိုင် အင်အားမှာ (၃၀၀) ခန့် ရှိသည်ဟု သိရသည်။

လက်နက်ကိုင်အင်အားနည်းပါးရခြင်းမှာ နအဖက လက်နက်ဝယ်ယူစုဆောင်းခွင့်နှင့် တပ်အင်အားတိုးချဲ့ခွင့် မပြုသဖြင့် ဒီကေဘီအေအဖွဲ့ကဲ့သို့ အင်အားတောင့်တင်းမှု မရှိကြောင်း၊ ဒီကေဘီအေအဖွဲ့ လက်နက်လူသူ စုဆောင်းမှုကို နအဖက မသိချင်ယောင်ဆောင်ထားပြီး ဒီကေဘီအေနှင့် ကေအန်ယူ ဖြစ်သည့်တိုက်ပွဲများတွင် လိုအပ်သည့် လက်နက်ခဲယမ်းမီးကျောက်နှင့် ရိက္ခာများကို လိုသလောက်ထုတ်ပေးသည်ဟုလည်း မိသားစုဝင် (၄) ဦးနှင့်အတူ ပြန်ဝင်လာသည့် စောလေးမူးက ပြောသည်။

ငြိမ်းချမ်းရေးအဖွဲ့များထံမှ ရရှိသောအချက်အလက်များအရ နအဖ ဖွဲ့စည်းပေးမည့် နယ်ခြားစောင့်တပ်တတပ်တွင် ငြိမ်းချမ်းရေးအဖွဲ့ဘက်မှ အရာရှိ (၁၅) ယောက်အပါအဝင် အင်အား (၂၉၆) ယောက်နှင့် နအဖဘက်မှ အရာရှိ (၃) ဦး အပါအဝင် အင်အား (၃၀)၊ စုစုပေါင်းအင်အား (၃၂၆) ယောက်ပါဝင်မည်ဖြစ်ကာ လစာနှင့် အခြားခံစားခွင့်များကို နအဖမှ ထုတ်ပေးမည်ဖြစ်ပြီး စစ်သင်တန်းကိုလည်း နအဖက ပေးမည်ဟုသိရသည်။
---------------------------------------------------------------------------------
ချဲအမှုဖြင့် စွပ်စွဲကာ တွံတေးမြို့နယ် အန်အယ်ဒီ လူငယ်ခေါင်းဆောင် အဖမ်းခံရ

ကိုဝိုင်း
ကြာသပတေးနေ့၊ မေလ 07 2009 18:30 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ချဲစာရွက် လက်ဝယ်တွေ့သည်ဟု စွပ်စွဲကာ တွံတေးမြို့နယ် အန်အယ်ဒီ လူငယ်တာဝန်ခံ (၁) ကိုရဲထွဋ်ခေါင်အား တွံတေးမြို့နယ် ရဲများက ယနေ့၌ နေအိမ်တွင် လာရောက် ဖမ်းဆီးသွားကြောင်း တွံတေးမြို့နယ် အန်အယ်ဒီ တာဝန်ခံများက ပြောသည်။

နံနက် ၁၁ နာရီခန့်တွင် ရဲနယ်ထိန်း ဝင်းထွဋ်ထွဋ်ဦး ဦးဆောင်သည့် အဖွဲ့က ကိုရဲထွဋ်ခေါင်ကို ချဲစာရွက်များ တွေ့သည်ဟု အကြောင်းပြ၍ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း မြို့နယ် အန်အယ်ဒီ ပါတီ တာဝန်ရှိသူများက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒီနေ့ ၁၁ နာရီ ၁၅ မိနစ်လောက်က ကိုရဲထွဋ်ခေါင် အိမ်ကို နယ်ထိန်းခေါင်းဆောင်တဲ့ အဖွဲ့ကနေ သွားတယ်။ အရှေ့ကလည်း ပိတ်တယ်။ အနောက်ကလည်း ပိတ်တယ်။ ပြီးတော့ အိမ်ပေါ်တက်သွားပြီး လက်ထိပ်ခတ်ပြီးတော့ ချဲစာရွက်တွေ တွေ့လို့တဲ့ လက်မှတ်ထိုးရမယ်ဆိုပြီး အဓမ္မ လက်မှတ်ထိုးခိုင်းတယ်” ဟု တွံတေးမြို့နယ် အန်အယ်ဒီ စည်းရုံးရေးကော်မတီ တွဲဘက် အတွင်းရေးမှူး ကိုဇော်မင်းထွန်းက မဇ္ဈိမကို ပြောသည်။

ကိုရဲထွဋ်ခေါင်က သူသည် ချဲနှင့် မပတ်သက်သည့်အပြင် ချဲစာရွက်များလည်း လက်ဝယ်မရှိခြင်းကြောင့် လက်မှတ်ထိုးရန် ငြင်းဆိုခဲ့ကြောင်းနှင့် သူ့အား ခေါ်ဆောင်သွားသည့် ရဲစခန်းသို့ ထမင်းပို့ဆောင်ခြင်း၊ သွားရောက်တွေ့ဆုံခြင်းတို့ကို စခန်းမှူးဦးမြင့်ကျော်က ပိတ်ပင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့်လ ၂၈ ရက်နေ့၌ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ ပြုလုပ်သဖြင့် အဖမ်းခံထားရသော မြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးအောင်စိုးဝေနှင့် တွံတေးမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေတို့အား ရုံးထုတ်စဉ်က ရဲနယ်ထိန်း ဝင်းထွဋ်ထွဋ်ဦးနှင့် ကိုရဲထွဋ်ခေါင်တို့ တရားရုံး၌ စကားများခဲ့ရာမှ ခြိမ်းခြောက်ခံခဲ့ရသေးသူ ကိုရဲထွဋ်ခေါင်သည် ချဲကိစ္စနှင့် ကင်းရှင်းကြောင်း ကိုဇော်မင်းထွန်းက ပြောသည်။

“အာဏာပိုင် အဖွဲ့အစည်းတွေက မမှန်ကန်တာတွေ ဆောင်ရွက်တာတွေကို သူက လိုက်ပြီး ကူညီသူဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လက်မှတ်လိုက်ထိုးပြီးတော့ တင်ပြတာတွေ ရှိတယ်။ ဝတ်ပြုဆုတောင်းတာတို့ ဘာတို့ရှိတယ်။ တွံတေးမြို့မှာ တက်တက်ကြွကြွ လှုပ်ရှားနေတဲ့ နိုင်ငံရေးပါတီက လူငယ် တာဝန်ခံ ခေါင်းဆောင်လည်းဖြစ်တယ်။ ဒါကြောင့် အညှိုးအတေးထားပြီး ဖမ်းတာလို့ ကျနော်တို့ထင်တယ်” ဟု သူက ပြောသည်။

ကိုရဲထွဋ်ခေါင် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ သူ၏ ဇနီးဖြစ်သူ မမေမျိုးစုမှာမူ ရန်ကုန် အန်အယ်ဒီ ရုံးချုပ်သို့ သွားနေသဖြင့် မသိရှိသေးကြောင်းလည်း သူက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အကျိုးအကြောင်း သိနိုင်ရန် တွံတေးမြို့နယ်ရဲစခန်းသို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍မရပါ။

ကိုရဲထွဋ်အမှုနှင့်ပတ်သက်၍ ဥပဒေအကျိုးဆောင်ပေးမည်ဖြစ်ကြောင်းနှင့် ယခုလို ဖမ်းဆီးခြင်းသည် တွံတွေးမြို့နယ်အတွင်း၌ နိုင်ငံရေးနှင့် လူမှုရေးလှုပ်ရှားသူများကို တဖဲ့ချင်းဖဲ့နေခြင်း ဖြစ်ကြောင်း တွံတွေးမြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌ ဖြစ်သူ ရှေ့နေ ဦးကျင်တိုးက မဇ္ဈိမကို ပြောသည်။

“ဒီမြို့နယ်မှာ အန်အယ်ဒီ လူကြီးနဲ့ လူငယ်တွေက စုပေါင်းပြီး ဆောင်ရွက်ကြတယ်လေ။ နှိပ်စက်တာ၊ မတရားပြုခံရသူတွေကို ကျနော်တို့က ဝိုင်းကူညီကြတယ်။ ဥပဒေအတွင်းကနေ ဆောင်ရွက်ပေးတယ်။ အဲဒါကြောင့် သက်ဆိုင်ရာတွေကို စစ်ဆေးတာ ရှိတယ်။ စုံစမ်းအရေးယူတာ ရှိတယ်။ အဲဒီတော့ အာဏာပိုင်တွေ ရပေါက်ရလမ်းတွေ ပိတ်တယ်။ အဲဒါအပြင် နိုင်ငံရေးလှုပ်ရှားမှုက ဒီမှာ အရှိန်အဟုန်လေး ရှိလာတော့ အပေါ်ကနေပြီးတော့ သူတို့ကို ကြိမ်းမောင်းတယ်လို့ ကြားရတယ်ဗျ။ အဲဒီတော့ ကျနော်တို့ မြို့နယ်မှာရှိတဲ့ လှုပ်ရှားမှုရှိတဲ့လူတွေကို နိုင်ငံရေးအရ တဖဲ့ချင်းဖဲ့နေတဲ့ သဘောပေါ့ဗျာ” ဟု ဦးကျင်တိုးက ဆိုသည်။

ရှေ့နေ ဦးကျင်တိုးသည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တွံတေးမြို့နယ် ဇီးဖြူကုန်းရွာရှိ ဖက်တရာ သမိုင်းဝင် စေတီတော်ကြီးတွင် ပြီးခဲ့သည့်လက ဆုတောင်းပွဲပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးခံထားရသော တွံတေးမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေ၊ စည်းရုံးရေးအဖွဲ့ဝင် ဦးအောင်စိုးဝေတို့ အမှုအတွက်လည်း အကျိုးဆောင်ပေးနေသူလည်း ဖြစ်သည်။

သူတို့နှစ်ဦးအား သာသနာတော် ညှိုးနွမ်းစေရန် ပြုလုပ်မှုဖြင့် တရားစွဲဆိုခဲ့ပြီး ယခုလ ၅ ရက်နေ့က ဒုတိယအကြိမ် ရုံးထုတ်ရာ သံလျင်ခရိုင် သာသနာရေး ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ကိုယ်တိုင် တရားလိုအဖြစ် အစစ်ဆေးခံခဲ့သည်။
-------------------------------------------------------------------------
ကိုရီးယား လွှတ်တော်အမတ် ၂ ဦး မြန်မာပြည် သွားမည်

မေကျော်
ဗုဒ္ဓဟူးနေ့၊ မေလ 06 2009 17:26 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ တောင်ကိုရီးယား သမတ၏ သဝဏ်လွှာ ပေးပို့ရန်နှင့် အာဆီယံ အထူး ထိပ်သီးဆွေးနွေးပွဲ ဖိတ်ကြားရန် ကိုရီးယား လွှတ်တော်အမတ် ၂ ဦးသည် ယခုလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်။

Mr. Huh Tae Yeol နှင့် Mr. Cho Hae Jin တို့သည် ယခုလ ၈ ရက်မှ စတင်ကာ နှစ်ရက်ကြာ နေထိုင်သွားမည်ဖြစ်ပြီး၊ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံမည့်အကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံရုံးက ပြောဆိုခြင်းဖြစ်သည်။

“ဇွန်လမှာ ကိုရီးယားမှာ လုပ်မယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် အဓိက လာတာပါ။ သမ္မတရဲ့ သဝဏ်လွှာ ပေးဖို့ရယ်၊ နောက် ကိုရီးယား- အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဖိတ်ဖို့ရယ်အတွက် အဓိက လာတာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုးရီးယားသံရုံး ပထမအတွင်းဝန် Mr. Kwomg Jae Hwan က မဇ္ဈိမကို ပြောသည်။

၈ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်ကာ၊ ၉ ရက်နေ့တွင် ရန်ကုန်သို့ ပြန်ရောက်မည် ဖြစ်သည်။

“နေပြည်တော် သွားမယ်။ ဝန်ကြီးချုပ်နဲ့ တွေ့မယ်။ မေ ၉ ရက်နေ့မှာ ရန်ကုန်ရောက်မယ်။ ကိုရီးယား ကုမ္ပဏီတွေ သဘာဝဓာတ်ငွေ့ ထုတ်တဲ့ ဒေသတွေကို သွားဖို့တော့ အချိန်မလောက်နိုင်ဘူးလို့ ကျနော် ထင်တယ်။ မသွားပါဘူး” ဟု သူက ဆက်ပြောသည်။

ကိုရီးယား-အာဆီယံ အထူး ထိပ်သီးဆွေးနွေးပွဲသည် ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့တွင် ဂျဲဂျူကျွန်း၌ ကျင်းပမည်ဖြစ်ရာ ယင်းအတွက် တောင်ကိုရီးယား သမ္မတက အာဆီယံနိုင်ငံများသို့ အထူးကိုယ်စားလှယ် ၁ဝ ဦး စေလွှတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
-----------------------------------------------------------------------
အမေရိကန်နိုင်ငံသား ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ လျှို့ဝှက်ဝင်ရောက်
NEJ / ၇ မေ ၂၀၀၉

အမေရိကန်ပတ်စ်ပို့ (PP.NO-4397677222/28.4.2008) ကိုင်ဆောင်ထားသော Mr.John Willian Yeattaw ဆိုသူသည် မေလ (၆) ရက် နံနက် (၅) နာရီခွဲတွင် (၅) လီတာဝင် ရေသန့်ဘူးအကူအညီဖြင့် အင်းလျားကန်အတွင်း ကူးခတ်နေစဉ် စစ်ဆေးမေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှ ပြန်ထွက်လာခြင်းဖြစ်သည်ဟု နအဖသတင်းစာများတွင် ယနေ့ဖော်ပြထားသည်။

အဆိုပါ အမေရိကန်နိုင်ငံသားသည် ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် မေ (၂) ရက်တွင် ၀င်ရောက်လာခြင်းဖြစ်ပြီး ဗျူးတီးလဲန်း (၂) ဟိုတယ်တွင် တည်းခိုခဲ့ကာ မေ (၃) ရက်ညပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံသို့ အင်းလျားကန်မှတဆင့် ရေကူးသွားရောက်ခဲ့ကာ နေအိမ်အတွင်း လျှို့ဝှက်နေထိုင်ခဲ့ကြောင်း သတင်းစာများက ဖော်ပြသည်။

ထို့နောက် မေ (၅) ရက် ညပိုင်းအချိန်တွင် အင်းလျားကန်အတွင်းမှ ရေကူး၍ ပြန်ထွက်လာစဉ် လုံခြုံရေးများက ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးစဉ် ၎င်းနှင့်အတူ နိုင်ငံကူးလက်မှတ်တခု၊ အနက်ရောင်ကျောပိုးအိတ်တလုံး၊ ဓာတ်မီး တလက်၊ ခေါက်ပလာယာတလက်၊ ကင်နွန်ကင်မရာတလုံး၊ အမေရိကန်ဒေါ်လာ (၁၀၀) တန် နှစ်ရွက်နှင့် မြန်မာငွေ (၁,၀၀၀) တန် (၉၃) ရွက်တို့ကိုပါ သိမ်းဆည်းရမိကြောင်း ဖော်ပြထားပြီး ဆက်လက်စစ်ဆေးဖော်ထုတ်သွားမည် ဟုလည်း ရေးသားထားသည်။

ထိုသို့ နအဖသတင်းစာများ၏ ဖော်ပြချက်တွင် အဆိုပါ အမေရိကန် နိုင်ငံသားအား တွေ့ရှိချိန်ကို မေ (၆) ရက် နံနက်ပိုင်း (၅) နာရီခွဲ နှင့် မေ (၅) ရက် ညပိုင်း ဟူ၍ ကွဲလွဲစွာဖော်ပြထားသည်။

ယနေ့နံနက်ပိုင်းတွင် အင်းလျားကန်ဘောင်တ၀ိုက်၊ တက္ကသိုလ်ရိပ်သာလမ်းတလျှောက်နှင့် ကမ္ဘာအေးဘုရားလမ်း တလျှောက်တွင် လုံခြုံရေး ထူထပ်များပြားစွာ ချထားသည်ကို တွေ့ရှိရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

Comments