အိုဘားမား၏မဟာဗျူဟာကို ကုလနှင့် အာဖဂန်အစိုးရက ထောက်ခံ

အာဖဂန်တွင် စစ်သည်ဦးရေတိုးမြှင့်ချထားရန်နှင့် နိုင်ငံပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် အရပ်ဘက်ပညာရှင် ရာပေါင်းများစွာပို့လွှတ်ရန် တို့ပါရှိသည့် အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန် မဟာဗျူဟာသစ်ကို သမ္မတဘာရက်အိုဘားမားက မတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

မဟာဗျူဟာသစ်အရ အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်သည်ခြောက်သောင်းကျော်အထိ တပ်စွဲထားရှိမည်ဖြစ်ပြီး နေတိုးအဖွဲ့ဝင် အခြားနိုင်ငံများမှထားရှိသည့် စစ်သည်အရေအတွက် ၃၂၀၀၀ ကို ကျော်လွန်သွားမည် ဖြစ်သည်။

အာဖဂန်လယ်သမားများအတွက် စိုက်ပျိုးရေးပညာရှင်များ၊ သင်ကြားရေးပညာရှင်များ၊ အင်ဂျင်နီယာများ၊ ဥပဒေပညာရှင်များအပါအ၀င် နိုင်ငံရေးပြန်တည်ဆောက်ရေးအတွက် လိုအပ်သောပညာရှင် ရာပေါင်းများစွာကို ပို့လွှတ်သွားမည်ဖြစ်ကြောင်း အိုဘားမားက ထုတ်ပြန်ကြေညာခဲ့သည်။

အာဖဂန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလျံသုံးစွဲသွားမည် ဖြစ်သည်။ အိမ်နီးချင်းပါကစ္စတန်နယ်ခြားတွင် ခိုအောင်းနေသည့် အယ်လ်ကေးဒါးများကို တိုက်ခိုက်ရေးနှင့် ပါကစ္စတန်အထူးစီးပွားရေးဇုန်များ တည်ထောင်ပေးရန်တို့လည်း မဟာဗျူဟာသစ်တွင် ပါရှိခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် အခြားနိုင်ငံများနှင့် နိုင်ငံတကာအကူအညီ ပေးရေးအဖွဲ့အစည်းများအား အရပ်ဘက်ပညာရှင်များ စေလွှတ်ပေးရေး အကူအညီတောင်းခံမည် ဖြစ်သည်ဟုလည်း အိုဘားမားက ပြောကြားခဲ့သည်။

အိုဘားမား၏ ကြေညာချက် ထွက်ပေါ်အပြီးတွင် ဥရောပသမဂ္ဂက အာဖဂန်နစ္စတန်သို့ အရပ်ဘက်ပညာ ရှင်များ တိုးမြှင့်စေလွှတ်ရန်နှင့် ပါကစ္စတန်အား စီးပွားရေးအကူအ ညီများပေးအပ်ရန် အသင့်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်က မဟာဗျူဟာသစ်ကို ကြိုဆိုခဲ့ပြီး ကနေဒါနှင့်ဗြိတိန်တို့က လည်း ကြိုဆိုခဲ့ကြသည်။ အာဖဂန် စစ်ပွဲတစ်လျောက်မဟာမိတ်အဖြစ် ရပ်တည်ခဲ့သည့် ဗြိတိန်မှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းကလည်း နေတိုးအ ဖွဲ့ဝင်နိုင်ငံများသည် အမေရိကန်နှင့် အတူ ရင်ဆိုင်ရမည့်ဝန်ထုပ်ဝန်ပိုး များကို အတူတကွပခုံးထမ်းဆောင် ရွက်ကြရန် တိုက်တွန်းလိုက်သည်။

အာဖဂန်သမ္မတဟာမစ်ကာဇိုင်း ၏ပြောခွင့်ရပုဂ္ဂိုလ်ဟိုမာယန်ဟာမစ် ဇာဒါက သမ္မတအိုဘားမား၏ကြေ ညာချက်ကို ကြိုဆိုကြောင်း ပါကစ္စ တန်ဘက်မှ ၀င်ရောက်လာသော အယ်လ်ကေးဒါးအန္တရာယ်သည် အာဖဂန်နှင့် နိုင်ငံတကာမိတ်ဆွေများ ကို ခြိမ်းခြောက်နေခြင်းအား အသိ အမှတ်ပြုထည့်သွင်းခဲ့ခြင်းကို လက် ခံပါကြောင်း ထုတ်ပြန်ခဲ့သည်။(အင်တာနက်သတင်း)

Comments