မြောက်ကိုရီးယား ဒုံးပျံ အရေး လုံခြုံရေးကောင်စီ မဆုံးဖြတ်နိုင်သေး

06 April 2009

မြောက်ကိုရီးယား နိုင်ငံ ဒုံးပျံ စမ်းသပ် ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွင်းမှာ မနေ့က အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ကြပေမယ့် ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခဲ့ခြင်း မရှိပါဘူး။


သုံးနာရီကြာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ မက်ခ်ဆီကို နိုင်ငံ သံအမတ်ကြီး Claude Heller က မြောက်ကိုရီးယားရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ ဘယ်လို တုန့်ပြန်မလဲဆိုတာ အဖွဲ့ဝင်နိုင်ငံတွေအကြား ပိုပြီး ဆွေးနွေးညှိ့နှိုင်းဖို့ သဘောတူခဲ့ကြတဲ့အကြောင်း သတင်းထောက်တွေကို ပြောပါတယ်။


ဂျပန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုကတော့ မြောက်ကိုရီးယားအပေါ် လုံခြုံရေးကောင်စီအနေနဲ့ ဆုံးဖြတ်ချက် အသစ်တရပ် ချမှတ်စေချင်ကြပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Yukio Takasu ကတော့ မြောက်ကိုရီးယားအပေါ် တုန့်ပြန်မှုဟာ တိကျပြီး၊ ခိုင်မာဖို့ လိုသလို အားလုံး တညီတညွတ်တည်း အရေးယူတာမျိုး ဖြစ်ရမယ်လို့ ပြောဆိုပါတယ်။ ဒီလို မဟုတ်ရင် ကိုယ့်ဘက်က အကြောင်းကြားချင်တဲ့ သဘောထားကို မြောက်ကိုရီးယားက တမျိုး နားလည်သွားနိုင်တယ်လို့လည်း သူက ပြောပါတယ်။


ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Susan Rice ကတော့ ဒီ ဒုံးပျံ ပစ်ခတ်လိုက်တာဟာ ဗြောင် အတိအလင်း ချိုးဖေါက်မှု တခုဖြစ်တယ်လို့ ပြောဆိုပါတယ်။


နိုင်ငံအားလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့နဲ့ တင်းမာမှုတွေ ပိုများစေမဲ့ အရေးယူမှုတွေကို ရှောင်ရှားဖို့ တရုတ် သံအမတ်ကြီး Zhang Yesui က တိုက်တွန်းထားပါတယ်။ (ဗွီအိုအေ)

Comments