မုဒုံမြို့နယ် ထုံမင်ရွာတွင် မီးလောင်မှုဖြစ်ပွါး

Tue 07 Apr 2009, လရီမွန်

ယနေ့ နေ့လည် ၁၁ နာရီခွဲအချိန်တွင် မုဒုံမြို့နယ် ထုံမင်ကျေးရွာ၌ မီးလောင်မှုတစ်ရပ် ဖြစ်ပွါးခဲ့ရာ နေအိမ် ၁၄ အိမ်ခန့် လောင်ကျွမ်းပျက်စီးခဲ့ကြောင်း ထုံမင်ရွာသားများမှ သိရှိရသည်။

ထိုမီးလောင်မှုသည် ပေါ့ဆမီးမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး နေ့လည် ၁၁ နာရီခွဲအချိန်မှ မွန်းလွဲ ၂ နာရီအထိလောင် ကျွမ်းခဲ့သည်ဟု နေအိမ်မီးလောင်ခဲ့သော အိမ်ရှင်တစ်ဦးမှ သိရှိရသည်။

"စလောင်တဲ့အိမ်ရှင်တွေ အခုသူတို့ တစ်နေရာရာကို ရှောင်ထွက်သွားကြပြီ၊ ဖြစ်ပုံက ထမင်းချက်ထားပြီးတော့ အပြင်ကို ဈေးထွက်ဝယ်နေတယ်၊ ၆ နှစ်လောက်ပဲရှိတဲ့ ကလေး က မီးဖိုကမီးကို ဆော့လို့ ဖက်နဲ့ကာထားတဲ့ထရံကို မီးဆွဲသွားတာ လေ၊ သူတို့အိမ်က သေးသေးလေးဆိုတော့ အကြောင်းမဟုတ်ဘူး၊ ကျွန်မတို့အိမ်တွေလဲ ဆုံးရှုးံကုန်တယ်" ဟု အိမ်မီး လောင်ခံခဲ့ရသော အိမ်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

မီးလောင်နေစဉ် နာရီဝက်ခန့်အကြာတွင် မီးသတ်ကားများ လာရောက်ငြိမ်းသတ်သော်လည်း နေ့လည်ခင်းနေပြင်းချိန်ဖြစ် ၍ လေတိုက်နှုန်းလည်း အနည်းငယ်ရှိနေသောကြောင့် တစ်ခဏအတွင်းပင် နေအိမ် ၁၄ အိမ်နှင့် ဆန်ကြိတ်စက်တစ်လုံးပါ လောင်ကျွမ်းသွားခဲ့ သည်။ လာရောက်ငြိမ်းသတ်သော မီးသတ်ကားများမှာ သံဖြူဇရပ်၊ မုဒုံ၊ ကမာဝက်၊ကလော့သော့မှ မီး သတ်ကားများနှင့် အနီးပတ်ဝန်းကျင်ရွာများဖြစ်သော ဒိုးမား၊ ကလော့သော့၊ တောင်ပ၊ ကွမ်ခဗွီးမှ ရွာသားများနှင့်သံဃာ တော်များ ဝိုင်းဝန်း၍ လာရောက်ငြိမ်းသတ်ပေးကြသည်။

ထုံမင်ရွာသားတစ်ဦး၏အပြောအရ "တခြားရွာကလူတွေ လာမကူရင်တော့ မီးအားက ကောင်းနဲ့ ကျွန်တော်တို့ရွာတော့ မတွေးရဲစရာပဲ၊ အခုလိုတစ်တပ်တစ်အားနဲ့ ဝိုင်းကူကြလို့သာ ဒီလောက်နဲ့ငြိမ်းသွားတာ" ဟု ဆိုသည်။

"မီးအရှိန်ကကောင်းတော့ အိမ် ၄ အိမ်လောက်ဆိုရင် ဘာမှကောက်သိမ်းချိန်မရလိုက်ကြဘူး၊ တစ်ချို့ဆိုရင် စိတ်မထိန်းနိုင် လို့ မီးထဲအတင်းဝင်ပြီး အရေးကြီးပစ္စည်းတွေ ဝင်ယူကြတယ်၊ အဲလို မီးထဲအတင်းဝင်လို့ မီးဟပ်ပြီး ဆေးရုံတင်လိုက်ရတယ်၊ ဒီကြားထဲ အိမ်ကနေ သယ်ထုတ်လာတဲ့ပစ္စည်းတွေကို အလစ်သုတ်ခံရလို့ ထပ်ပျောက်တာလည်းရှိတယ်" ဟု မီးလာ ရောက် ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့သော ရွာသားတစ်ဦးကပြောသည်။

မီးတွင် ပါဝင်လောင်ကျွမ်းသွားသော ဆန်စက်၏ ကာလပေါက်ဈေးမှာ သိန်း ၁၀၀ ဝန်း ကျင်ခန့် ရှိမည်ဖြစ်ပြီး မီးလောင် ပျက်ဆီး ဆုံးရှုံးမှုမှာ သိန်း ၅၀၀ ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။ ထုံမင်ရွာတွင် စုစုပေါင်းခန့်မှန်းခြေ အိမ်ခြေပေါင်း ၁၅၀ ခန့်ရှိသည်။

လွန်ခဲ့သော ဧပြီလ ၅ ရက်နေ့တွင် သံဖြူဇရပ်မြို့ပေါ်တွင် ဓါတ်ဆီဆိုင်မီးလောင်ကျွမ်းမှု ဖြစ်ပွါးခဲ့ပြီး ၆ ရက်နေ့တွင် လမိုင်း မြို့၌ လယ်ကွင်းမီးလောင်မှုများဖြစ်ပွါးခဲ့သေးသည်။ (မွန်သတင်း)

Comments