မြန်မာ့ ဒုက္ခသည် ဇနီးမောင်နှံနှစ်ဦး ကုလမဟာမင်းကြီးရုံကို ဆန္ဒပြ

၂၀၀၉၊ဧပြီ၊၇ရက်

မြန်မာ နိုင်ငံသား မူဆလင်ဘာသာဝင် ဒုက္ခသည် ဇနီးမောင်နှံ နှစ်ဦးသည် ယမန်နေ့ နေ့လည်က ကုလ မဟာမင်းကြီးရုံး လက်အောက်ခံ မြန်မာနိုင်ငံသား ဒုက္ခသည်များ အတွက် ဖွင့်လှစ်ထားသော ရုံးရှေ့သို့ သွားရောက်ပြီ ဆန္ဒပြခဲ့ကြသည်။

အမျိုးသားဖြစ်သူ ဇာဘိုင်ခေါ် ကိုဦးမောင်က “ကျနော်တို့ မိသားစု ဒီနိုင်ငံမှာ နေထိုင်ရတာ လုံခြုံမူ မရှိဘူး။ ကျနော့် မိန်းမကို ဒေသခံ လူဆိုးတွေက တိုက်ခိုက် အနိုင်ကျင့်တာတွေ ရှိတယ်။ ဒါကြောင့် တတိယနိုင်ငံ တခုခုမှာ နေရာချပေးရေးအတွက် ကျနော် တောင်းဆို ဆန္ဒပြတာဖြစ်ပါတယ်” ဟု ပြောသည်။

“ဒါ့အပြင် ယူအန်အိပ်ခ်ျစီအာရ်က ကျနော်တို့ကို ပေးနေကျ လစဉ် ထောက်ပံ့ပေးကြေးကို ရပ်တန့်လိုက်တယ်။ ကျနော် အိမ်လခ (၂) လ မပေးနိုင်တဲ့အတွက် ကျနော်နေတဲ့ အိမ်ခန်းကို အိမ်ရှင်က သော့ခလောက် ခတ်ထားတယ်။ ၀င်လို့ မရဘူး။ ဒါကြောင့် ကျနော်တို့ လင်မယား နှစ်ဦး စလုံး လမ်းပေါ်မှာ အိပ်ရတယ်။ ဒီအတွက်လည်း ကျနော်တို့ လာပြီး ကျနော်တို့ကို ပေးနေကျ ထောက်ပံ့ကြေးကို ပြန်ပေးဖို့ တောင်းဆို ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကိုဇာဘိုင်တို့ လင်မယားမှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ဖြစ်ပြီး သူတို့ကို သူတို့ ရခိုင်မူဆလင် (Arakanese Muslim) ပါဟု ပြောသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကုလသမဂ္ဂ မဟာမင်းကြီးရုံးမှ မြန်မာနိုင်ငံမှ ရောက်ရှိလာသော ဒုက္ခသည်များကို နှစ်မျိုး နှစ်စား ခွဲခြားထားပြီး “ရိုဟင်ဂျာ” ဆိုသူ ဒုက္ခသည်များကို စခန်းတွင် ထားပြီး တခြား မြန်မာနိုင်ငံသား ဒုက္ခသည်များကိုမူ မြို့ပေါ် ဒုက္ခသည် အဖြစ် သတ်မှတ်ပေးသည်။

အဆိုပါ မြို့ပေါ် ဒုက္ခသည်များကို ယခင်က ငွေကြေးများ ထောက်ပံ့ ကူညီပေးခဲ့သော်လည်း နောက်ပိုင်း အထောက်ပံ့ပေးမူကို လုံးဝ ရပ်ဆိုင်းလိုက်သဖြင့် အများစုမှာ စားဝတ်နေရေးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

ဆန္ဒပြပွဲကို မပြုလုပ်ပါရန် လာရောက် မေတ္တာရပ်ခံသူ Protection Officer ဂျေးလဗစ်က “မိမိတို့ အနေဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ၏ အခြေအနေကို သဘောပေါက်သော်လည်း သူတို့တောင်းဆိုနေသော တတိယ နိုင်ငံ တခုခုတွင် အခြေချ နေထိုင်ရေးကို ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း၊ သို့သော်လည်း သူတို့တောင်းဆိုနေသော အိမ်လခနှင့် စားစရိတ် ထောက်ပံ့ပေးရေးကို လာမည့် ကြာသပတေးနေ့မှ ဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း” ပြောကြားသည်။

အဆိုပါ ယူအန်အိပ်ခ်ျ စီအာရ် တာဝန်ရှိသူများမှ ထောက်ပံ့ကြေးကိစ္စကို ကြာသပတေးနေကတွင် ဖြေရှင်းပေးမည် ဆိုသဖြင့် ကိုဇာဘိုင်တို့မှ ဆန္ဒပြပွဲကို နေ့လည် ၃ နာရီတွင် ရပ်နားခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ရခိုင်နှင့် ချင်းအပါအ၀င် မြို့ပေါ် ဒုက္ခသည် ၃၀၀ နီးပါးခန့်ရှိပြီး ၂၀၀၉ ခုနှစ် ဇန္န၀ါရီလ ဆန်းကတည်းက ဒုက္ခသည်များကို ထောက်ပံ့ပေးနေကျ ငွေကြေးများနှင့် သားသမီးများ ပညာရေး ထောက်ပံ့ငွေများကို ရပ်ဆိုင်းပစ်ခဲ့သည်။ ထိုကဲ့သို့ ရပ်ဆိုင်းမူ အပေါ် တရားမျှတမူ မရှိသဖြင့် မြို့ပေါ် ဒုက္ခသည်များက အထူးမကျေမနပ် ဖြစ်နေကြသည် ဟု သိရသည်။(နိရဉ္စရာ)

Comments