NEJ /၂၂ ဧပြီ ၂၀၀၉
ကြံ့ဖွံ့က နွေရာသီအမျိုးသားယဉ်ကျေးမှုနှင့် စာရိတ္တပညာသင်တန်းဟု အမည်တပ်ကာ ကျောင်းသားကျောင်းသူများ ကို စည်းရုံးဆွဲဆောင်နေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
အဆိုပါသင်တန်းကို ပြီးခဲ့သည့် ၂၀၀၈ ခုက စတင်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ကြံ့ဖွံ့အသင်းသား တဦးက ပြောသည်။
“ကျနော်တို့ မြို့နယ်မှာတော့ ပြီးခဲ့တဲ့နှစ်ကပဲ သင်တန်းဖွင့်တာပါ။ ဒီအစီအစဉ်ကို ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်း ဗဟို အလုပ်အမှုဆောင်ဖြစ်တဲ့ မြို့တော်ဝန်က စီစဉ်တာပါခင်ဗျ” ဟု မြောက်ဥက္ကလာပမြို့နယ် ကြံ့ဖွံ့စည်းရုံးရေးအဖွဲ့ဝင် တဦးက ပြောသည်။
၎င်းတို့ပြောပြချက်အရ မြောက်ဥက္ကလာပမြို့နယ်တွင် ပြီးခဲ့သည့်နှစ်က သင်တန်း (၁၆) နေရာဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းသားဦးရေမှာ (၁၃,၄၀၀) ကျော်ရှိကြောင်း သိရသည်။
သင်တန်းတွင် အင်္ဂလိပ်စာ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးရေးပြိုင်ပွဲတို့ကို ပြုလုပ်ပေးကြောင်း မြောက်ဥက္ကလာပမြို့နယ်မှ အလယ်တန်းကျောင်းသူတဦးက ပြောသည်။
“ဒီလို နွေရာသီ ယဉ်ကျေးလိမ်မာ သင်တန်းမျိုးကို များသောအားဖြင့် ဘုန်းကြီးတွေကသာ ဖွင့်လေ့ဖွင့်ထ ရှိတတ်ကြ ပါတယ်။ အခုတော့ ကြံ့ဖွံ့ကနေပြီးတော့ ဘုန်းကြီးတွေကိုပါစည်းရုံးပြီး သင်တန်းမှာ ဘုန်းကြီးတွေကိုပါ သင်ခိုင်း တာမျိုးတွေ ပြုလုပ်လာတယ်” ဟု အငြိမ်းစားကျောင်းဆရာတဦးက ပြောသည်။
မြောက်ဥက္ကလာပတွင် ဖွင့်သောသင်တန်းမှာ (၂) ရပ်ကွက်မှ ဘုန်းတော်ကြီး သဒ္ဓမ္မဇောတိကဓဇအရှင်သြဘာသ က သင်တန်းသင်ကြားရေး တာဝန်ခံအဖြစ် ဆောင်ရွက်သည်။
“ကလေးတွေကို သင်တန်းမှာ ဆုပေးတာတွေ လုပ်ပေးတယ်ဗျ။ နှစ်စဉ်ဒီသင်တန်းကို ဆက်တက်ဖို့လည်း ပြောထား တယ်။ ဒါကတော့ အဖြေက ရှင်းနေတာပဲ။ စည်းရုံးရေးဆင်းတယ်၊ ကလေးတွေကို သူတို့ရဲ့ဝါဒတွေကို သွတ်သွင်း နေတာပဲ” ဟု ရန်ကုန်မြို့မှ အထက်တန်းရှေ့နေတဦးက သုံးသပ်သည်။
ယခုနွေရာသီတွင် မြောက်ဥက္ကလာပမြို့နယ် ကြံ့ဖွံ့က သင်တန်းကို စံပြအဖြစ် ဆောင်ရွက်နေကြောင်း၊ အခြား မြို့နယ်များတွင် ဖွင့်လှစ်ရန် စီစဉ်နေပြီး သင်တန်းဖွင့်ရန် လိုအပ်သောငွေကြေးများကို ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက မတည်ပေးကြောင်း သိရသည်။
“မြို့တော်ဝန်က မတည်ပေးတဲ့ငွေက မြို့နယ်တခုကို အနည်းဆုံး (၂) သိန်း မတည်ပေးတယ်။ ကျန်တဲ့ငွေတွေကို မြို့နယ်မှာရှိတဲ့ အသင်းဝင်တွေဆီက ကောက်ခံတာပေါ့။ တချို့လည်း ထည့်ကြတယ်၊ တချို့ကလည်း မထည့်ချင်သူတွေ ရှိတယ်ဗျ” ဟု သင်တန်း ငွေကောက်ခံရာတွင် ပါဝင်သူတဦးက ပြောသည်။(ခေတ်ပြိုင်)

Comments
Post a Comment