မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်မှုသမိုင်းအကျဉ်း

N,Korea

AFP News
၂၀၀၉၊ဧပြီ၊၂ရက်

မြောက်ကိုရီးယားနိုင်ငံသည် တာဝေးပစ်ဒုံးပျံအား စမ်းသပ်ပစ်လွှတ်ရန်အတွက် ပစ်စင်ပေါ်တွင် အသင့်အနေအထားဖြင့် တပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ဒုံးပျံအမျိုးအစားမှာ တေပိုဒွန်း-၂ ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ အလာစကာပြည်နယ်သို့ပင် ရောက်ရှိနိုင်သည်။

မြောက်ကိုရီးယားနိုင်ငံသည် ၁၉၇၀ ခုနှစ်နှောင်းပိုင်းနှင့် ၁၉၈၀ ပြည့်နှစ်တွင် ဆိုဗီယက်စကာ့တ်-ဘီပုံစံ ဒုံးကျည်အား စတင်ပြုလုပ်ကာ ၁၉၈၄ ခုနှစ်တွင် စမ်းသပ်ပြီး ယင်းဆယ်စုနှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုခဲ့သည်။ ယင်းဒုံးကျည်သည် ကီလိုမီတာ ၃၀၀ အထိ ပစ်ခတ်နိုင်သည်။

၁၉၈၇ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်ကာလများတွင် ကီလိုမီတာ ၅၀၀ အထိပစ်ခတ်နိုင်သည့် စကာ့တ်စီဒုံးကျည်၊ ကီလိုမီတာ ၁၃၀၀ အထိ ပစ်ခတ်နိုင်သည့် ရိုဒွန်-၁ ဒုံးကျည်၊ ကီလိုမီတာ ၂၅၀၀ အထိ ပစ်ခတ်နိုင်သည့် တေပိုဒွန်း-၁ ဒုံးကျည်၊ ကီလိုမီတာ ၃၀၀၀ အထိ ပစ်ခတ်နိုင်သည့် မူဆူဒန်-၁ ဒုံးကျည်၊ ကီလိုမီတာ ၆၇၀၀ အထိ ပစ်ခတ်နိုင်သည့် တေပိုဒွန်း-၂ ဒုံးကျည်တို့အား အသီးသီးစမ်းသပ်ခဲ့သည်။

ထို့ပြင် လောင်စာခဲအသုံးပြုသည့် ကီလိုမီတာ ၁၂၀ ပစ်ခတ်နိုင်သော KN-02 ဒုံးကျည်အား စမ်းသပ်ခဲ့ပြီး ၎င်းဒုံးကျည်သည် ကုန်းလမ်းပေါ်တွင် ရွှေ့ပြောင်းနေရာချထားနိုင်ပြီး ပစ်မှတ်အား တိကျစွာပစ်ခတ်နိုင်သည်။

စကာ့တ်ဘီနှင့်စကာ့တ်စီဒုံးကျည်များအား အောင်မြင်စွာစမ်းသပ်နိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် တောင်ကိုရီးယားကာကွယ်ရေးဌာနမှ ထုတ်ပြန်သည့် ကြေညာချက်အရ မြောက်ကိုရီးယားနိုင်ငံသည် မူဆူဒန်-၁ ဒုံးကျည်အား ပစ်ခတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သော်လည်း အရေအတွက်အား ဖော်ပြခဲ့ခြင်းမရှိပေ။

၂၀၀၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် တာတိုပစ်ဒုံးပျံခြောက်စင်းနှင့်အတူ တေပိုဒွန်း-၂ ဒုံးပျံအား စမ်းသပ်ခဲ့သော်လည်း ပစ်လွှတ်ပြီး စက္ကန့် ၄၀ အကြာတွင် ပျက်ကျခဲ့သည်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလတွင် နျူလက်နက်တစ်မျိုးအား စမ်းသပ်ခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံသည် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း နိုင်ငံခြားဝင်ငွေရရှိရန်အတွက် အီရန်၊ အီရတ်၊ ဆီးရီးယား၊ ပါကစ္စတန်နှင့် အခြားနိုင်ငံအချို့အား ဒုံးကျည်များ ရောင်းချခဲ့ကြောင်း ၂၀၀၇ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်မှ ထုတ်ပြန်သည့် သုတေသနစာတမ်းတွင် ဖော်ပြခဲ့သည်။

၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလတွင် မြောက်ကိုရီးယားလုပ် စကာ့တ်ဒုံးကျည် ၁၅ စင်းအား ယီမင်နိုင်ငံသို့ ထွက်ခွာလာသည့် သင်္ဘောတစ်စင်းပေါ်တွင် ဖမ်းမိခဲ့သည်။ ယင်းဒုံးကျည်တစ်စင်းသည် ဒေါ်လာလေးသန်းတန်ဖိုးရှိကြောင်း သိရသည်။

Comments