ဘုရားဖူး ခရီးသည်တင်ကားမှောက် ၂၄ ဦးသေဆုံး

တနင်္လာနေ့၊ ဧပြီလ 06 2009

အမ်းမြို့အနီး မဲတောင်အရပ် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်တွင် ဘုရားဖူး ခရီးသည်တင် ကားတစီး လမ်းဘေး ချောက်တွင်းသို့ ထိုးကျခဲ့ရာ ကားပေါ်တွင် လိုက်ပါလာသူ ခရီးသည် ၂၄ ဦး သေဆုံးခဲ့သည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အတွင်းရှိ ရပ်ကွက်တခုမှ ဘုရားဖူး ခရီးသည်များကို တင်ဆောင်လာသည့် FUSO အမျိုးအစား ခရီးသည်တင် ကားသည် အမ်းမြို့အနီး မဲတောင်ဟု ခေါ်သည့် တောင်တက်လမ်း တနေရာတွင် ဧပြီလ (၁) ရက်နေ့ ညက လမ်းဘေး ချောက်ထဲသို့ ထိုးကျသွားခဲ့ခြင်း ဖြစ်ပြီး ကားပေါ်တွင် လိုက်ပါလာသော ခရီးသည် ၄၅ ဦးအနက် ၂၄ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။

ခရီးသည်တင်ကားသည် ကားလမ်းမ ပေါ်မှ အမြင့်ပေ (၅ဝဝ) ဝန်းကျင်ခန့်ရှိသော ချောက်အတွင်းသို့ ထိုးကျသွားခဲ့သည်။ ယာဉ်မောင်းဖြစ်သူမှာ ကားပေါ်မှ ကိုယ်လွတ်ရုန်း ခုန်ချခဲ့ကြောင်း ခရီးသည်များက အခိုင်အမာ ဆိုသည်။

အသက်ရှင် ကျန်ရစ်ခဲ့သူများအနက် ၁၆ ဦးကို ယမန်နေ့ နံနက်ပိုင်းက ဆက်လက် ဆေးကုသမှု ခံယူရန် စစ်တွေမြို့မှ ရန်ကုန် ဆေးရုံကြီးသို့ လေယာဉ်ဖြင့် ခေါ်ဆောင် သွားခဲ့သည်။

ကားသမားကို အမ်းမြို့တွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

"လမ်းက အတက်အဆင်းတွေလည်း အရမ်းမတ်တယ်..။ ကားက မတက်နိုင်တော့ဘူးလားတောင် ထင်ရတယ်.။ ကားက ချောက် ဘက်ကို ယိမ်းသွားတော့ ကားသမားက အရင်ဆုံး ခုန်ချသွားတယ်..။ တချို့တွေဆို
အိပ်ပြီး လိုက်လာတာ ဘာဖြစ်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး" ဟု သေကံမရောက် သက်မပျောက်ခဲ့သူ အမျိုးသမီးတဦးက ဆိုသည်။

"ရပ်ကွက်ကနေ စုပြီး ကားငှားပြီး ဘုရားဖူး ထွက်လာတာပါ..။ မိသားစုတစုဆို အဖေရယ်၊ အမေရယ်၊ အကိုရယ် သေသွားတယ်။ အငယ်ဆုံး လူမမယ်ကလေးပဲ အသက်ရှင် ကျန်ခဲ့တယ်။ သူ့ကံကြမ္မာကလည်း အံသြ စရာပဲ.။" ဟု ဆိုသည်။

အသက်ရှင် ကျန်ရစ်သူ ခရီးသည်များမှာလည်း ဒဏ်ရာ အများအပြား ရရှိပြီး အများစုမှာ မျက်နှာများ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်ကို တွေ့ရသည်။

လမ်းတွင် စစ်ဆေးရေး တာဝန်ယူနေသော စစ်သားအချို့က အဆိုပါ ခရီးသည်တင် ကားကို ညပိုင်းတွင် ဆက်လက် မမောင်းနှင်သင့်ကြောင်း အကြံပေးခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူမှ နာယူခဲ့ခြင်း မရှိကြောင်း ခရီးသည်တဦးက ဆိုသည်။

"ခင်ဗျားတို့ ကားအနေအထားနဲ့ မလွယ်ဘူး.။ မနက်မှ မောင်းရင် ကောင်းမယ်လို့ .. စစ်ဆေးရေးဂိတ် က တာဝန်ရှိသူတွေက ပြောတယ်။ တကူးတကကို ရပ်ခိုင်းပြီး ပြောတာ..။ ရတယ် ဖြစ်တယ်ဆိုပြီး ဆက်မောင်းခဲ့တာ" ဟု အသက်ရှင်ကျန်ရစ်သူ ခရီးသည်တဦးက ရန်ကုန်ဆေးရုံကြီးသို့ မထွက်ခွာမီ စစ်တွေ လေယာဉ်ကွင်းတွင် ပြောကြားသည်။(မဇ္ဈိမ)

Comments