၂၁၊ဧပြီ၊၂၀၀၉
စင်ကာပူနိုင်ငံတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများလှူဒါန်းမှုနှင့်ပတ်သက်ပြီး ဒေသခံငွေကြေးကြွယ်ဝသူများက ဆင်းရဲသည့်နိုင်ငံခြားသားများအပေါ် စီးပွားရေးအရ အမြတ်ထုတ်မှုများ ရှိလာနိုင်သောကြောင့် ကာကွယ်တားဆီးရန်အတွက် လှူဒါန်းမှုများအပေါ် နစ်နာကြေးပေးအပ်မှုအား ယာယီကန့်သတ် ပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်ဟု ဧပြီလ ၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ခန္ဓာကိုယ်အစိတ်အပိုင်းများလှူဒါန်းမှုနှင့်ပတ်သက်ပြီး အလှူရှင်အား နစ်နာကြေးများပေးကာ လှူဒါန်းမှုအား ခွင့်ပြုသည့်ဥပဒေကို ပြီးခဲ့သည့်လအတွင်းက ထုတ်ပြန်ခဲ့သော်လည်း စည်းမျဉ်းရေးဆွဲရေး အဖွဲ့တွင် ပါဝင်သူများက အဆိုပါ ဥပဒေထုတ်ပြန်ခဲ့သည့်အတွက် စင်ကာပူနိုင်ငံသည် ခန္ဓာကိုယ်အစိတ်အပိုင်း များအား ကုန်သွယ်မှုပြုကာ အမြတ်ထုတ်သည့်နိုင်ငံဖြစ်လာမည်ကို စိုးရွံ့မှုများဖြစ်နေကြောင်း သိရှိရသည်။
စင်ကာပူကျန်းမာရေးဝန်ကြီး Khaw Boon Wan က''ဒီလိုမျိုးမရိုးဖြောင့်တဲ့လုပ်ရပ်တွေကို စင်ကာပူမှာ မရှိစေချင်ပါဘူး၊ ဒါကြောင့် ဒီကိစ္စကိုအလျင်စလိုမလုပ်စေခဲ့တာပါ၊ ဒီဥပဒေအသစ်မှာ အမေရိကန်နဲ့ဗြိတိန် တို့မှာ ကျင့်သုံးတဲ့ဥပဒေလိုပဲ အလှူရှင်ကိုနစ်နာကြေးအဖြစ် ငွေကြေးပေးတာတွေပါလာတယ်'' ဟု Straits Time သတင်းစာတွင် ပြောကြားခဲ့သည်။
အဆိုပါဥပဒေကိုအသုံးချ၍ အကြွေးပိနေသော နိုင်ငံခြားအောက်ခြေလုပ်သားများက ၎င်းတို့၏ အကြွေးပြဿနာကို ကိုယ်ခန္ဓာအစိတ်အပိုင်းလှူဒါန်းခြင်းဖြင့် ဖြေရှင်းလာမည်ကို စိုးရိမ်မှုများရှိနေသည်။(စင်ကာပူသတင်း)

Comments
Post a Comment