အောက်ခြေအဆင့် ဝန်ထမ်းများအား ရှားပါးစရိတ်ပေးမည်

NEJ /၂၁ ဧပြီ ၂၀၀၉

၂၀၀၉ -၂၀၁၀ ခုနှစ် ဘဏ္ဍာရေးနှစ်အစမှ စ၍ အောက်ခြေအဆင့် ၀န်ထမ်းတဦးလျှင် (၂၀,၀၀၀) ကျပ် တိုးမြှင့်ပေးသွားတော့မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ မြန်မာ့စီးပွားရေးဘဏ် အရာရှိတဦးက ပြောသည်။

“ဘဏ်တွေကိုတော့ အကြောင်းကြားစာတွေ ၀င်လာပါပြီ။ ဒီလကုန်ရင် စပေးတော့မှာပါ ” ဟု အဆိုပါအရာရှိကပြော သည်။

ယင်းအစီအစဉ်ကို ယခုဧပြီလကုန် လစာထုတ်ရက်မှစ၍ ပေးသွားမည်ဟု သိရသည်။

“ရှားပါးစရိတ်လိုမျိုး ပေးမယ်လို့ ပြောပါတယ်။ ကျနော်တို့ကတော့ ကုန်ဈေးနှုန်းတွေ တက်လာမှာကိုသာ ကြောက်ပါတယ်။ ငွေနှစ်သောင်းဆိုတာတော့ အမှန်အတိုင်းပြောရရင် များတယ်လို့တော့ ပြောလို့ မရပါဘူးဗျာ။ ဒါပေမယ့် ၀န်ထမ်းတွေကို ငွေတိုးတယ်ဟေ့ ဆိုတာနဲ့  ကုန်ဈေးနှုန်းက သိတယ်မဟုတ်လား” ဟု ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိတဦးက ပြောသည်။

လစာအနေဖြင့် တိုးမြှင့်ပေးခြင်းမဟုတ်ဘဲ ၀န်ထမ်း ရှားပါးစရိတ်ပေးခြင်းမျိုးဖြင့် ပေးသည်ဟု အသုံးပြုထားခြင်းမှာ အစိုးရအနေဖြင့် အဆိုပါသတင်းကို အများပြည်သူသို့ ထုတ်ပြန်ကြေညာခြင်း ပြုလုပ်မည်မဟုတ်ကြောင်း အဆင့်မြင့်ပညာရေးဦးစီးဌာန အရာရှိတဦးက ပြောသည်။(ခေတ်ပြိုင်)

Comments