မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်မည့်နေ့ရက် နီးကပ်လာချိန်၌ ရပ်ဆိုင်းရန် ရုရှားအပါအ၀င် နိုင်ငံတကာကတိုက်တွန်း

AFP News
၂ရက်၊ဧပြီလ၊၂၀၀၉

မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်ဒုံးကျည်ပစ်လွှတ်မည်ဟု ပြောကြားထားသော်လည်း တာဝေး ပစ်ဒုံးကျည်များပါ ပစ်လွှတ်ဖွယ်ရှိသောကြောင့် လွှတ်တင်မည့်ရက်နီးကပ်လာသည်နှင့်အမျှ လွှတ်တင်မှု မပြုလုပ်ရေး ဟန့်တားနိုင်ရန် ကမ္ဘာ့နိုင်ငံကြီးများက သံတမန်နည်းလမ်းဖြင့် ကြိုးပမ်းမှုများအရှိန်မြှင့် လာခဲ့ကြကာ ရုရှားနိုင်ငံကပင် ဒုံးကျည်စမ်းသပ် ပစ်လွှတ်ရန်အစီအစဉ်အားရုပ်သိမ်းရန် မြောက်ကိုရီးယားအား တိုက်တွန်းသွားခဲ့သည်။

Photobucket

မြောက်ကိုရီးယားကသာ ဒုံးကျည်ပစ်လွှတ်ပါက ပစ်ချရန် ဂျပန်အစိုးရက တရားဝင်အမိန့်ပေးပြီး နောက် ဂျပန်ဒုံးဖျက်စစ်သင်္ဘောနှစ်စင်း၊ အမေရိကန်ဒုံးဖျက်စစ်သင်္ဘောနှစ်စင်း၊ တောင်ကိုရီးယားဒုံးဖျက် စစ်သင်္ဘောတစ်စင်းတို့သည် ဂျပန်ပင်လယ်ပြင်အတွင်း အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေကြသည်။ မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုကို ဧပြီလ ၄ ရက်နေ့မှ ၈ ရက်နေ့ကြားတွင် ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


အမေရိကန်၊ ဂျပန်နှင့်တောင်ကိုရီးယားတို့မှ မြောက်ကိုရီးယားနျူဖျက်သိမ်းရေး ခြောက်နိုင်ငံ ဆွေးနွေးပွဲ ကိုယ်စားလှယ်များဆိုးလ်မြို့တွင် ရောက်ရှိနေပြီး မြောက်ကိုရီးယားအား သံတမန်နည်းလမ်း အရ ဟန့်တားနိုင်ရန် ကြိုးပမ်းနေသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးချန်ဘင်ဒဲသည်လည်း တောင်ကိုရီးယားသို့ လာရောက်၍ ဆွေးနွေးခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ရုရှားနိုင်ငံကပါ ဒုံးကျည်လွှတ်တင်မည့် မြောက်ကိုရီးယား၏ အစီအစဉ်ကို ရုပ်သိမ်းပါရန် တရားဝင်ထုတ်ဖော် ပြောကြားခဲ့သည်။

အမေရိကန်၊ ဂျပန်နှင့်တောင်ကိုရီးယားတို့က ဂျပန်ပင်လယ်ပြင်အတွင်း စစ်သင်္ဘောများချထားပြီး ဒုံးကျည်ပစ်လွှတ်ပါကပစ်ချရန် တရားဝင်အမိန့်ပေး

မြောက်ကိုရီးယားသည် တာဝေးပစ်ဒုံးကျည်ပစ်လွှတ်ရန် ဒုံးပစ်စင်တွင် နေရာချထားပြီးဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူတစ်ဦးက မတ် ၂၅ တွင်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည်ကို ပစ်လွှတ်ပါက ကုလသမဂ္ဂက အရေးယူဆောင်ရွက် သွားမည်ဟု အမေရိကန်က သတိပေးခဲ့သည်။

တာဝေးပစ်ဒုံးကျည်ကို ဒုံးပစ်စင်တွင် နေရာချထားသည်ဟုဆိုသော ဂျပန်သတင်းဌာနများ၏ အစီရင်ခံစာသည် မှန်ကန်မှုရှိကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ပြင်ဆင်ထားသောဒုံးကျည်သည် တေပိုဒေါင်း-၂ ဒုံးကျည်ဖြစ်နိုင်ဖွယ်ရှိပြီး တွက်ချက်ထားမှုအရ အဆိုပါဒုံးကျည်သည် အမေရိကန်ပြည်ထောင်စု၊ အလာစကာပြည်နယ်အထိ ရောက်ရှိအောင်ပစ်ခတ် နိုင်သည်ဟု သိရသည်။

ဒုံးကျည်တွင် အဆင့်နှစ်ဆင့်ပါဝင်ပြီး ဒုံးကျည်ထိပ်ပိုင်းကို ကရိန်းဖြင့် ထောက်ထားပြီး ဖိုင်ဘာပစ္စည်းဖြင့် ဖုံးအုပ်ထားသည်ဟု အမေရိကန်တာဝန်ရှိသူများ၏ ပြောကြားချက်ကို အင်န်ဘီစီရုပ်သံလွှင့်ဌာနက ပြသခဲ့သည်။

ဧပြီလ ၄ ရက်နှင့် ၈ ရက်အတွင်း မြောက်ကိုရီးယားက ဂြိုဟ်တုကို ဂျပန်နိုင်ငံအပေါ်ကိုဖြတ်၍ ဂြိုဟ်ပတ်လမ်းကြောင်းသို့ လွှတ်တင်ရန် စီစဉ်ထားသည်။

ဒုံးကျည်ကို မည်သည့်ရည်ရွယ်ချက်ဖြင့် ပစ်လွှတ်သည်ဖြစ်စေ အဆိုပါလုပ်ဆောင်ချက်သည် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်သည်ဟု ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို ချိုးဖောက်သော မြောက်ကိုရီးယား၏ ရန်လိုသောလုပ်ရပ်နှင့် ပတ်သက်၍ ကြိုတင်သတိပေးချက်ထုတ်ပြန်နေမည်မဟုတ်ဘဲ နောက်ဆက်တွဲဆိုးကျိုးကို ခံစားသွားရမည်ဟု မက္ကဆီကိုစီးတီးသို့ ရောက်ရှိနေသော ကလင်တန်က ပြောကြားခဲ့သည်။

ဂြိုဟ်တုလွှတ်တင်မှုနှင့်ပတ်သက်၍ အမေရိကန်က မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ပါက နျူလက်နက်ဖျက်သိမ်းရေး ခြောက်နိုင်ငံဆွေးနွေးပွဲ ပျက်ပြားသွားနိုင်သည်ဟု မြောက်ကိုရီးယားက သတိပေးခဲ့သည်။

ဂျပန်ပိုင်နက်သို့ ချိန်ရွယ်ထားသည်ဟု ယူဆရသော မြောက်ကိုရီးယား၏ ဒုံးကျည်များကိုပစ်ချရန် ဂျပန်လုံခြုံရေးကောင်စီက ယခုသီတင်းပတ်အတွင်း ဆွေးနွေးပွဲကျင်းပသွားမည်ဟု ၀န်ကြီးချုပ်အာဆိုက မတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ဂြိုဟ်တုပစ်ချခံရပါက စစ်ပွဲစတင်ရန် အချက်ပေးသည်ဟုမှတ်ယူမည်ဖြစ်ကြောင်း မြောက်ကိုရီးယားက သတိပေးခဲ့သည်။

Comments