အင်တာနက်ဆက်သွယ်မှုများ ဧပြီ ၃ ရက်အထိ ဆက်လက်နှေးကွေးမည်

ဝင်းမြတ်
မတ် ၃၁၊ ၂၀၀၉

ရန်ကုန်၊ မတ် ၃၁ - အင်တာဆက်သွယ်မှုများ ဧပြီ ၃ ရက်နေ့အထိ ဆက်လက်နှေးကွေးနေမည်ဖြစ်သည်ဟု မတ် ၃၁ ရက်နေ့တွင် မြန်မာတယ်လီပို့မှ ထပ်မံကြေငြာလိုက်သည်။ ပင်လယ်ရေအောက်မှ ဆက်သွယ်ထားသော အင်တာနက်ဆက်ကြောင်းအား မတ်၂၁ ရက်နေ့မှ စတင်ပြုပြင်ခဲ့ပြီး မတ်၂၅ နေ့အထိ အင်တာနက်လိုင်းများနှေးကွေးနေမည်ဟု ကနဦးသတင်းထုတ်ပြန်ခဲ့သည်။ ဧပြီ ၁ ရက်နေ့အထိ နှေးကွေးမည်ဟု ထပ်မံ ကြေငြာခဲ့ပြီးနောက် ယခုအခါ ဧပြီ ၃ရက်အထိ ကြာမြင့်မည်ဟု တိုးမြှင့်ကြေငြာ ခဲ့ရခြင်းဖြစ်သည်။

“ပထမက ၂၅ ရက်နေ့အထိ နှေးမယ်ဆိုပြီး ၁ ရက်နေ့ဖြစ်သွားတယ်။ အခုလည်း ၃ရက် နေ့လုပ်ပြန်ပြီ။ အဲဒီနေ့ကျရင်ရော တကယ် ရ မရ မသေချာပါဘူး” ဟု ပုဇွန်တောင်မြို့နယ်အတွင်းမှ အင်တာနက်ကဖေးဆိုင် ဖွင့်ထားသူတစ်ဦးကပြောသည်။

အင်တာနက်ဆက်သွယ်မှုလိုင်းများနှေးကွေးခြင်းနှင့် လျှပ်စစ်မီး ပုံမှန်မရရှိခြင်းတို့ကြောင့် အင်တာနက်ကဖေး ဖွင့်လှစ် လုပ်ကိုင်သူများနှင့် အင်တာနက်အသုံးပြုသူများ အဆင်မပြေဖြစ်ကြရသည်။

“မေးလ်ပွင့်လာဖို့ကို တော်တော်ကြာတယ်။ တစ်ချို့ဆိုင်တွေဆိုရင် မေးလ်တောင်ဖွင့်လို့မရဘူး။ ရပြန်တော့လည်း ဒေါင်းလုပ် လုပ်နေတုန်း မီးပျက်သွားလို့ အကုန်လုံးပျောက်ကုန်ရော” ဟု ဗိုလ်တထောင်မြို့နယ်မှ အင်တာနက်အသုံးပြုသူ
တစ်ဦးကပြောသည်။

ထိုသို့သော အခြေအနေမျိုးတွင် မိမိ၏မေးလ်ကို မိမိဘာသာ လော့ဂ်အောက် မလုပ်နိုင်ခြင်းကြောင့် ပတ်စ်ဝဒ် အခိုးခံရခြင်း၊ ပတ်စ်ဝဒ်ပြောင်းလဲ ခံရပြီး မေးလ်အကောင့် ဆုံးရှုံးခြင်းများလည်း ရှိနေသည်ဟု သုံးစွဲသူများက ပြောဆိုသည်။

မိမိ၏ မေးလ်လိပ်စာ လုံခြုံရေးမှာ အင်တာနက်ဆိုင်များမှ ၀န်ထမ်းများ၏ ယုံကြည်စိတ်ချရမှု အပေါ်တွင်မူတည် နေသည့်သဘောဖြစ်သည်ဟု သုံးစွဲသူ တဦးကကောက်ချက်ချ ပြောဆိုသည်။ ထိုသုံးစွဲသူကပင် ကွန်နက်ရှင် နှေးခြင်းကြောင့် ပုံမှန် လော့ဂ်အောက် မလုပ်နိုင်ခဲ့လျင် ကွန်ပျူတာ၏ ပါဝါကို ပိတ်ချလိုက်သည်လည်း မိမိပတ်စ်ဝဒ်ကို ကာကွယ်သည့် နည်းတခု
ဖြစ်သည်ဟုဆိုသည်။

မြန်မာစစ်အစိုးရသည် ဖရီးအီးမေးလ်များအပါအ၀င် ၄င်းတို့မကြည့်စေလိုသော ၀က်ဆိုက်များစွားပိတ်ထားခဲ့ပြီး အင်တာနက်ဆက်သွယ်မှု လိုင်းများပြုပြင်နေသည့် ယခုအချိန်တွင် အခြားဝက်ဆိုက်အချို့အား ထပ်မံ ပိတ်လိုက်သည်ဟု အင်တာနက် အသုံးပြုသူများကပြောသည်။

စစ်အစိုးရသည် အင်တာနက် အကောင့်များရောင်းချသည့် ငွေဖြင့် စစ်တပ်ကိုထောက်ပံ့နိုင်ခြင်း၊ စစ်ဗိုလ်ချုပ်များ၏ သားသမီးများကိုယ်တိုင် အိုင်တီနယ်ပယ်တွင် ကုမ္ပဏီထောင်ကာ စီးပွားရေးလုပ်ကိုင်နေကြခြင်းကြောင့် အင်တာနက်ဆက်သွယ်ရေးကို ခွင့်ပြုထားရသော်လည်း အခြားတဘက်တွင် အင်တာနက်သည် မြန်မာပြည်တွင်းမှ သတင်း အချက်အလက်များကို ကမ္ဘာတ၀ှမ်းသို့ ထွက်ရှိရာ လမ်းကြောင်း တခုဖြစ်နေခြင်းကြောင့် အစဉ်အမြဲ ဆက်သွယ်ရေးကို နှေးကွေးစေခြင်း၊ ယာယီဖြတ်တောက်ခြင်းတို့ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။



မတ် ၂၁ ရက်နေ့မှစတင်ကာ ပင်လယ်ရေအောက် အင်တာနက်ဆက်ကြောင်း SEA-ME-WE3 ကို စတင်ပြုပြင်သည်ဟု မြန်မာတယ်လီပို့မှ ကြေငြာခဲ့သည်။

မိုးမခစာဖတ်ဝိုင်းမှကူးယူဖော်ပြသည်။

Comments