ထိုင်း-မြန်မာစစ်ဖြစ်လျှင် မနီလာစာချုပ်အရ ထိုင်းဘက်က အမေရိကန် ဝင်တိုက်ပေးဖို့များ

NEJ / မတ်လ(၂၀) ရက်၊ ၂၀၀၉


အမေရိကန်အစိုးရသည် ထိုင်းနိုင်ငံ၏ စစ်ရေးမဟာမိတ်ဖြစ်သည့်အားလျော်စွာ မြန်မာနှင့်ဖြစ်နေသည့် ပြဿနာများ အပေါ် စိတ်ဝင်စားမှုအပြည့်ရှိသကဲ့သို့ ထိုင်း-မြန်မာနယ်စပ်တွင် စစ်ပွဲများဖြစ်လာပြီဆိုပါက ၁၉၅၄ ခုနှစ် မနီလာ စာချုပ်အရ အမေရိကန်အစိုးရ၏ တာဝန်ရှိမှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာနိုင်သည်ဟု အမေရိကန် ကွန်ဂရက်ကို တင်သွင်းသည့် အစီရင်ခံစာတစောင်တွင် ထောက်ပြထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် ၂၀၀၀ ပြည့်နှစ် ဇွန်လနေ့စွဲဖြင့် သမ္မတ ဘီလ်ကလင်တန်လက်ထက် အမေရိကန် ကွန်ဂရက်သို့တင်သွင်းသည့် အမေရိကန်-ထိုင်းဆက်ဆံရေး အစီရင်ခံစာတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

အမေရိကန်နှင့်ထိုင်းသည် အရှေ့တောင်အာရှ စုပေါင်းကာကွယ်ရေးစာချုပ် (၁၉၅၄ ခုနှစ် မနီလာသဘော တူညီချက်) အရ စစ်ရေးမဟာမိတ်နိုင်ငံများဖြစ်ပြီး တနှစ်ကို ပူးတွဲစစ်ရေး လေ့ကျင့်မှု (၃၀) ခန့် လုပ်ကိုင်သည်ဟု ဖော်ပြထားသည်။ ပင်လယ်ကွေ့စစ်ပွဲကာလ၌ အမေရိကန်တပ်များကို ထိုင်းစစ်ရေးအခြေစိုက်စခန်းများ သုံးခွင့် ပေးခဲ့သည့်ပြင် အခြားကိစ္စများ၌လည်း ထိုင်းက အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသေးစိတ် ဖော်ပြထားသည်။

ထိုအစီရင်ခံစာတွင် ထိုင်း-မြန်မာဆက်ဆံရေး အဖုအထစ်ဖြစ်ရခြင်းကို အသေးစိတ် သုံးသပ်ထားသည်။
မြန်မာသည် ရှေးနှစ်ပေါင်းများစွာကတည်းက ရန်သူဖြစ်နေသည့်အားလျော်စွာ မြန်မာနှင့်စစ်ဖြစ်မည်ကို ထိုင်းနိုင်ငံက သတိထားနေသည်။ သို့သော် မြန်မာနှင့်ဆက်ဆံရာတွင် ထိုင်းက အပြုသဘောဆောင်သည့် ဆက်ဆံရေးကို လက်ကိုင်ထားသည်။

ထိုင်းအရာရှိများသည် နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်ပြီး ၂၀၀၅ ခု သို့မဟုတ် ၂၀၁၀ ပြည့်နှစ်ထိ မည်သည့် အိမ်နီးချင်းနိုင်ငံနှင့်မျှ အဓိကစစ်ပွဲကြီးများဖြစ်ရန်မရှိဟု မှန်းထားသော်လည်း အင်အားမကြီးသည့်တိုင် မြန်မာနှင့် ဖြစ်မည့်ပြဿနာများကို စိုးရိမ်မကင်းဖြစ်နေသည်ဟု ဝေဖန်ထားသည်။

ထိုင်းနိုင်ငံ၏ ပြည်နယ် (၇၆) ခုအနက် ပြည်နယ် (၃၃) ခုသည် မြန်မာနယ်စပ်နှင့် နီးကပ်နေသည့်အတွက် မြန်မာနှင့်ဖြစ်သည့် ပြဿနာများသည် ထိုင်းလုံခြုံရေးကို ထိခိုက်နေသည်ဟု ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ်တွင် စစ်ပွဲများဖြစ်လာပြီဆိုပါက ၁၉၅၄ ခုနှစ် မနီလာစာချုပ်အရ အမေရိကန်အစိုးရ၏ တာဝန်ရှိမှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာနိုင်သည်ဟု ထောက်ပြထားသော်လည်း ထိုင်း-အမေရိကန် စစ်ရေးမဟာမိတ်စာချုပ်အရ အင်အားသုံးရလောက်အောင် ပြဿနာကြီးထွားမည့် အခြေအနေမျိုးဖြစ်ပေါ်ရန် ထိုအချိန်က အခွင့်အလမ်းနည်းပါးသည်ဟု အစီရင်ခံစာ၌ သုံးသပ်ထားသည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို သမ္မတကလင်တန်လက်ထက် ၁၉၉၇ ခုနှစ်၌ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံအပေါ် အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှုက ပြဿနာများကို မဖြေရှင်းနိုင်ကြောင်း ထိုင်းစီးပွားရေးခေါင်းဆောင်များနှင့် ထိုင်းအရာရှိများက ထောက်ပြခဲ့သည်။

အမေရိကန်က မြောက်ကိုရီးယား၊ တရုတ်နှင့် ဗီယက်နမ်တို့ကိုမူ ဆက်ဆံနိုင်သည့် ပေါ်လစီများသုံးပြီး မြန်မာစစ် အစိုးရအပေါ် မည်သည့်အတွက် မသုံးနိုင်ရသနည်းဟု အဆိုပါ ပုဂ္ဂိုလ်များက ထောက်ပြခဲ့ကြောင်းလည်း ဖော်ပြ ထားသည်။

သို့သော် မြန်မာစစ်အစိုးရဘက်က ဘာမှလုပ်ကိုင်မပြဘဲ အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းပေးမည် ဆိုလျှင် မြန်မာစစ်အစိုးရကို နားလည်မှုလွဲမှားအောင် လုပ်သည်နှင့်တူသည်ဟု စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်သည့် ထိုင်းအရာရှိများက ပြောသည်။

Comments

  1. ထိုင်း လို့ မခေါ် ခြင် ဘူး ယိုး ဒ ယား ပါ ကြိုက် တဲ့ စစ် ဖြစ် ရာ ဇ ၀င် ထဲ ကို လိုဘဲ တွယ် ပြစ် မယ်

    ReplyDelete

Post a Comment