မြန်မာ အပါအဝင် ၄၂ နိုင်ငံကို ထိုင်းက အလည်အပတ် ဗီဇာခ ကင်းလွတ်ခွင့်ပြု

ဆလိုင်းပီပီ
ကြာသပတေးနေ့၊ မတ်လ 05 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် မြန်မာ အပါအဝင် အခြားနိုင်ငံအချို့ကို ဗီဇာခ ပေးဆောင်ရခြင်းမှ မတ်လမှ ဇွန်လအထိ ၃ လကြာ ကင်းလွတ်ခွင့်ပြုမည်ဟု ထိုင်းနိုင်ငံက ဆိုသည်။

ပြီးခဲ့သည့်နှစ် ကတည်းကစ၍ ပြည်တွင်းနိုင်ငံရေး မငြိမ်မသက်မှုများနှင့် ကြုံတွေ့နေရသော ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန်အတွက် မြန်မာ အပါအဝင် ၄၂ နိုင်ငံမှ ခရီးသွားဗီဇာ လျှောက်ထားမှုများကို ဗီဇာခ ပေးဆောင်ရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် ထိုင်းက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်းနဲ့ ကြုံနေရချိန်မှာ ထိုင်းခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ လုပ်တာပါ” ဟု ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာန - လဝက မှ အရာရှိတဦးက ယမန်နေ့က မဇ္ဈိမကို ပြောသည်။

ယမန်နှစ် နိုဝင်ဘာလက နိုင်ငံတကာလေဆိပ်ကို ဆန္ဒပြသူများက ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့မှု အပါအဝင် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဆိုးရွားစွာ ထိခိုက်သွားခဲ့ရသော ထိုင်းခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်နိုင်ရေး အစီအစဉ်၏ အစိတ်အပိုင်းတရပ်အနေဖြင့် ဗီဇာခများ လွတ်ငြိမ်းခွင့်ပေးခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ လဝက ဗျူရိုဌာနချုပ်မှ အရာရှိတဦးက ပြောသည်။

လောလောဆယ်တွင် နိုင်ငံ ၂ဝ မှ နိုင်ငံသားများကို နေထိုင်ခွင့် ၁၅ ရက်ပေးသည့် ဆိုက်ရောက်ဗီဇာများ ထုတ်ပေးလျက်ရှိပြီး၊ အခြား ၄၂ နိုင်ငံမှ နိုင်ငံသားများကို ဗီဇာမလိုဘဲ ရက်ပေါင်း ၃ဝ အထိ နေထိုင်ခွင့် ပေးထားသည်။

သို့သော် ဤသတ်မှတ်ရက်ထက် ကျော်လွန် နေထိုင်လိုသူများမှာ ဗီဇာ လျှောက်ထားရန် လိုအပ်ပြီး၊ ဗီဇာရရှိပါက စံသတ်မှတ်ချက် အနေဖြင့် ရက်ပေါင်း ၆ဝ နေထိုင်ခွင့် ပေးသည်။ ဗီဇာများကို ထိုင်းနိုင်ငံသို့ မလာခင် သက်ဆိုင်ရာ နိုင်ငံများရှိ ထိုင်းသံရုံးများ၊ ကောင်စစ်ဝန်ရုံးများတွင် လျှောက်ထားရသည်ဟု အဆိုပါအရာရှိက ပြောသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်အရ ခရီးသွားဗီဇာများ ဗီဇာခ လွတ်ငြိမ်းခွင့် ပေးခြင်းကို ထိုင်းဝန်ကြီးအဖွဲ့က ဇန်နဝါရီလအတွင်းက ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ ဤသို့ ကင်းလွတ်ခွင့် ပေးခြင်းသည် မတ်လ ၅ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ အသက်ဝင်နေမည်ဟု ဆိုသည်။

ဤအတောအတွင်း မြန်မာနိုင်ငံသား ကမ္ဘာလှည့်ခရီးသွား တဦးကလည်း ဤထိုင်းအစိုးရ၏ အစီအစဉ်သစ်ကို ကြိုဆိုပြောကြားလိုက်သည်။ သို့သော် စစ်အစိုးရ အုပ်စိုးနေသော သူတို့နိုင်ငံမှာလည်း ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကို ရင်ဆိုင်နေရသဖြင့် ဤအစီအစဉ်သစ်သည် မြန်မာခရီးသွားများကိုမူ ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ကြောင်း ပြောသည်။

“ဒီလို (ခရီးသွားဗီဇာခ လွတ်ငြိမ်းခွင့်) ပေးတာကို ကျနော်တို့ လက်ခံကြိုဆိုပါတယ်။ ဒါပေမဲ့ ဘယ်လိုနေမလဲ ဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်” ဟု အဆိုပါ မြန်မာ ကမ္ဘာလှည့်ခရီးသွားက ပြောသည်။

မြန်မာနိုင်ငံသား အနည်းငယ်သာ ဤသို့ ဗီဇာဖြင့် ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်ခြင်းဖြစ်ပြီး၊ အများစုကြီးမှာမူ အလုပ်အကိုင် ရှာဖွေရန်အတွက် နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်သည်ဟု သူက ဆက်ပြောသည်။

ယခင်ကမူ မြန်မာနိုင်ငံသား ခရီးသွားများသည် ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးတွင် ဗီဇာလျှောက်ထားရပြီး ကမ္ဘာလှည့် ခရီးသွားဗီဇာခအဖြစ် အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာပေးရန် လိုအပ်သည်။

Comments