ဂျရတ်ဟက်ထရစ် ဂိုး အပါအ၀င် ၅ဂိုးပြတ် အနိုင်ရခဲ့သည့် လီဗာပူးလ် - ဗီလာတို့ ချန်ပီယံလိဂ် ၀င်ခွင့် မေးမှိန်လာ

Monday, 23 March 2009 08:18
soccermyanmar

ယမန်နေ့ ညက ယှဉ်ပြိုင် ကစားခဲ့ကြသည့် ယခုတစ်ပတ် အကောင်းဆုံး ပွဲစဉ်အဖြစ် အများက မျှော်လင့် ထားကြသော လီဗာပူးလ် ဗီလာ ပွဲစဉ်တွင် အိမ်ရှင် လီဗာပူးလ်တို့ ခြေစွမ်းပြကာ ၅ဂိုး ဂိုးမရှိ အနိုင်ရရှိခဲ့သည်။


လီဗာပူးလ် အသင်းခေါင်းဆောင် ဂျရတ်၏ ဟက်ထရစ်ဂိုး (ပင်နယ်တီ နှစ်လုံး) အပါအ၀င် ဒါ့ကောက်၊ ရီးယားရား တို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သောကြောင့် လီဗာပူးလ် အသင်းသည် အမှတ်ပေးဇယား ဒုတိယ နေရာသို့ တက်လှမ်း လာခဲ့သည်။

လီဗာပူးလ် အသင်းသည် ယခုပွဲတွင် ဒဏ်ရာမှ ပြန်လည် သက်သာလာသည့် အလွန်ဆို၊ အာဘီလိုဝါ တို့အား ထည့်သွင်း ကစားခဲ့ပြီး တောရက်စ်အား အထောင်တိုက်စစ်မှူး အဖြစ်ထား ကစားကာ ပွဲထွက်လာခဲ့သည်။ ဧည့်သည် ဗီလာတို့ကလည်း ဟက်စကီးနှင့် ကာရူးတို့အား တိုက်စစ်တွင် တွဲကစားစေ၍ လီဗာပူးလ် အသင်းအား အမြင့်ဘောများဖြင့် ဖိအားပေး ကစားရန် ဦးတည် ခဲ့ကြသည်။

ပထမပိုင်း ၇ မိနစ်တွင်ပင် ဒါ့ကောက်က လီဗာပူးလ် အသင်းအတွက် ဦးဆောင် အနိုင်ဂိုးအား အနီးကပ် အပြင်း ကန်သွင်း ယူခဲ့ပြီး လီဗာပူးလ်တို့ ဦးဆောင် နိုင်ခဲ့သည်။ သို့သော် တစ်ဂိုး ရပြီး နောက်ပိုင်းတွင် လီဗာပူးလ် ဂိုးပေါက်အား ဗီလာတို့ ခြိမ်းခြောက် နိုင်ခဲ့ပြီး ဂိုးသမား ရေးနား လက်စွမ်းပြ ကာကွယ် ခဲ့၍သာ လီဗာပူးလ်တို့ သက်သာရာ ရခဲ့ခြင်း ဖြစ်သည်။

လီဗာပူးလ် တို့ အတွက် ဒုတိယ အနိုင်ဂိုးအား ပွဲကစားချိန် ၃၂မိနစ်တွင် ဂိုးသမား ရေးနား ကန်တင်ပေးသည့် အလုံးအား ရီးယားရားက မြေမကျ လှလှ ပပ ကန်သွင်းယူခဲ့သဖြင့် လီဗာပူးလ် တို့ နှစ်ဂိုး အသာဖြင့် ဦးဆောင် နိုင်ခဲ့သည်။ ပွဲကစားချိန် ၃၉ မိနစ်တွင် ရီးယားရား အား ဖျက်ထုတ်တာ ကြမ်း၍ လီဗာပူးလ်တို့ ပင်နယ်တီ ရရှိခဲ့ပြီး ၎င်းပင်နယ်တီအား အသင်းခေါင်းဆောင် ဂျရတ်က သွင်းယူပေးခဲ့ကာ ပထမပိုင်းတွင် လီဗာပူးလ်တို့ ၃ဂိုး အသာဖြင့် ဦးဆောင် နေခဲ့သည်။

ဒုတိယပိုင်းတွင်လည်း လီဗာပူးလ်တို့ကပင် ပွဲကို ထိန်းချုပ် ကစားသွားခဲ့ပြီး ၄၉မိနစ်တွင် ဖရီးကစ်မှ တဆင့် ဂျရတ်က စတုတ္ထဂိုးအား သွင်းယူ ပေးခဲ့ကာ ၆၅မိနစ်တွင် ပင်နယ်တီ တစ်လုံး ထပ်မံ ရရှိခဲ့ပြန်သည်။ ၎င်းပင်နယ်တီမှာ လီဗာပူးလ် တိုက်စစ်မှူး တောရက်စ်အား ဗီလာ ဂိုးသမား ဖရီဒယ် ဘောလုံးကို တားရာမှ လူကို တားမိသလို ဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင်က တိုက်ရိုက် အနီကဒ် ပြကာ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းပင်နယ်တီအား ဂျရတ်ကပင် ထပ်မံ သွင်းယူခဲ့ပြီး ၎င်း၏ ဟက်ထရစ်ဂိုးအား သေချာစေခဲ့သည်။

ထို့ကြောင့် လီဗာပူးလ် အသင်းမှာ တစ်ပွဲလျှော့ ကစားထားသည့် မန်ုယူ အသင်းထက် ရမှတ် ၁မှတ် လျှော့နည်းကာ ဒုတိယ နေရာတွင် ရပ်တည် နိုင်ခဲ့သော်လည်း ဗီလာ အသင်းမှာမူ ချန်ပီယံလိဂ် ၀င်ခွင့်များ တစ်ဆထက် တစ်ဆ မှေးမှိန်လာခဲ့ပြီး စတုတ္ထ နေရာမှ အာဆင်နယ်တို့ထက် ၃မှတ် လျှော့နည်းကာ ပဉ္စမ နေရာတွင် ရပ်တည်လျှက် ရှိသည်။

Comments