မြန်မာ့ စီးပွားရေး ပုံရိပ်

သန်းစိုးလှိုင်
မတ်လ ၁၊ ၂၀၀၉

လောင်စာဆီဈေး အကျနဲ့ အကြပ်၊ မြန်မာငွေလဲနှုန်း မြင့်လာ၊ လယ်ယာထွက်ကုန် ၀ယ်အား သိသိသာသာ ကျဆင်း၊ နေ့စဉ် နေထိုင်မှု စရိတ်က လျော့မကျ

လောင်စာဆီဈေး အကျနဲ့ အကြပ်

လွန်ခဲ့သည့် နှစ်တွေက တဂါလံ ၄၈၀၀၊ ၅၀၀၀ ကျပ်ရှိခဲ့သည့် ဒီဇယ်ဆီက ယခု ၁၅၀၀အောက်ရောက်နေပြီ။ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးသည့ှ် လောင်စာဆီ အပြင်ပေါက်ဈေးက အစိုးရဈေးထက် သက်သာနေသည်။ ခါတိုင်း အစိုးရလောင်စာဆီခွဲတမ်းကို အားကိုးပြီး လောင်စာဆီထုတ်ရောင်း ခြင်းဖြင့် ကားပိုင်ဆိုင်မှုမှ ၀င်ငွေ ရနေသည့် အခြေအနေက ယခု ပြောင်းပြန် ဇောက်ထိုး ဖြစ်ကာ ခွဲတမ်းကို လာမထုတ်လျင် လောင်စာဆီ ၀ယ်ယူခွင့် စာအုပ်သိမ်းမည်ဟု သတင်းလွှင့်ထားသည်။

လောင်စာဆ်ီခွဲတမ်းကို မဏ္ဍိုင်ပြုပြီး တည်ဆောက်ထားသည့် စစ်တပ်နှင့် ဌာနဆိုင်ရာ အသီးသီး အတွင်းရှိ ယန္တရားကြီးလည်း ယခု အချိန်လောက်ဆိုလျင် လှုပ်ခတ်နေလောက်ပြီ။ စစ်တပ်မှ အရာရှိများ၊ ထောက်ပို့ကိုင်သူများ၊ ဌါနဆိုင်ရာ အလယ် အလတ် အဆင့် အရာရှိများ စသည့် ၀န်ထမ်းများ၏ လစဉ်ပုံမှန် ၀င်ငွေသည် အစိုးရ လောင်စာဆီခွဲတမ်းကို အပြင်ဈေးကွက်တွင် ချရောင်းခြင်းဖြစ်သည်။ သုံးစွဲခွင့် ခွဲတမ်းမှာ အစိုးရထံမှ ၀ယ်ယူရခြင်းမဟုတ်၍ အရှုံးမရှိသော်လည်း ၀င်ငွေ ခေါက်ချိုးမက လျော့သွားမည်ကတော့ သေချာသည်။

ဤအချက်မှာ ကမ္ဘာ့ စီးပွားရေး အကြပ်အတည်း၏ ဂယက်ရိုက်ခတ်မှု တခုဖြစ်သည်။ ကမ္ဘာ့စီးပွားရေး ထုတ်လုပ်မှု အရှိန်လျော့ချလိုက် သည်နောက်ပိုင်း ရေနံဝယ်လိုအားလျော့ကျကာ ဈေးနှုန်းများ ထိုးဆင်းလာခဲ့ခြင်း ဖြစ်သည်။ ထိုအကျိုးဆက်သည် မြန်မာနိုင်ငံမှ စားသုံးသူများအတွက် အကျိုးရှိသည်ဟု ဆိုနိုင်သည်။ အပြင်ပေါက်ဈေးနှင့် အစိုးရထုတ်ဈေး ကွာဟမှုကို စစ်အစိုးရက စည်းရုံးရေး ကိရိယာ တခုအဖြစ် သုံးကာ စစ်တပ်၊ လုပ်ငန်းရှင်များ ဌာနဆိုင်ရာ ၀န်ထမ်းများကို ချုပ်ကိုင်ထားခဲ့သည်မှာ ဆယ်စုနှစ်များ ကြာခဲ့ပြီ။

ထိုစည်းရုံးရေး ကိရိယာ အလုပ်သိပ်မဖြစ်တော့ သည့်အတွက် ယခုလို ၀ယ်ယူသုံးစွဲသူများ အကျိုးခံစားနေရသည့် အခြေအနေကို စစ်အစိုးရက ဒီအတိုင်း ခွင့်ပြုထားမည် မဟုတ်ဟု မျှော်လင့်ရသည်။ ပြည်ပမှ တင်သွင်းခွင့်ပမာဏကို ကန့်သတ်သည့် နည်းလမ်းမျိုး ကျင့်သုံးကာ စည်းရုံးရေး ကိရိယာ အလုပ်ဖြစ်အောင် ပြန်လုပ်ဆောင်မည့် အလားအလာလည်း ရှိနေသည်။

မြန်မာငွေလဲနှုန်း မြင့်လာ

မြန်မာငွေနှင့် အိမ်နီးချင်းနိုင်ငံသုံးငွေများ၊ ဒေါ်လာတို့နှင့် လဲလှယ်နှုန်း မထင်မှတ်ထားသည့် ၁ ဒေါ်လာကျပ် ၁ ထောင်အောက်ကို ကျဆင်းသွားသည်။ ပြည်တွင်းမှ သတင်းဂျာနယ်များတွင် မြန်မာငွေ တန်ဘိုးမြင့်တက်လာဟု သုံးနှုန်းဖေါ်ပြကြသည်။ စာပေစိစစ်ရေးက ထိုသို့ အသုံးအနှုန်းမျိုးဆိုလျင် ခွင့်ပြုသောကြောင့် ဖြစ်သည်။ စစ်အစိုးရ ၀န်ကြီးများနှင့် စာပေ စိစစ်ရေးက မည်သည့်အခါကမျှ ပြင်ပဒေါ်လာငွေလဲနှုန်း တည်ရှိခြင်းကို တရားဝင် အသိအမှတ်မပြုခဲ့သော်လည်း ယခုလို အကောင်းသဘော ဆောင်သည့် ခေါင်းစဉ်မျိုး ဆိုလျင်ခွင့်ပြုသည်။

စစ်အစိုးရ၏ ပြန်ကြားရေးဝန်ကြီးကလည်း လောင်စာဆီဈေး တိုးမြှင့်ခဲ့စဉ် သတင်းစာရှင်းလင်းပွဲတွင် အစိုးရ၏ လောင်စာဆီဈေးမှာ နိုင်ငံတကာပေါက်ဈေးနှင့် ယှဉ်လျင် သက်သာနေသေးသည်ဟု သတင်းထောက်များ အားလုံးကိုပြောကြားခဲ့ဘူးသည်။ ပြန်ကြားရေး ၀န်ကြီး အခြေခံသည့် ငွေလဲနှုန်းမှာ ၁ဒေါ်လာ ၁ထောင်ကျပ်ဝန်းကျင် ဆိုသည့် မှောင်ခို ပေါက်ဈေး ဖြစ်သည်။ ၀န်ကြီးက ပြောပြီးမကြာမီ မှာပင် ထိုအချက်ကို သတိထားမိကာ အဆိုပါ ဈေးနှုန်းနှိုင်းယှဉ်မှုနှင့် ပတ်သက်ပြီး ထပ်မပြောတော့ပဲ ရေငုံနှုတ်ပိတ်နေခဲ့ဘူးသည်။

ဒေါ်လာ၊ ထိုင်းဘတ်ငွေနှင့်မြန်မာ ကျပ်လဲလှယ်ရာတွင် မြန်မာငွေ တန်ဘိုးတက်လာသဖြင့် ကောင်းသည့် အကျိုးဆက်လား ဆိုးသည့် အကျိုးဆက်လား ဆိုတာကို တခုချင်း စီစစ်ကြည့်ရာတွင် ပထမဆုံး ပြည်ပပို့ကုန် ဖြစ်သည့် ရေထွက်ပစ္စည်းလို လယ်ယာပို့ကုန်လိုမျိုးမှာ နစ်နာနေသည်ကို တွေ့ရသည်။ ပြည်တွင်းတွင် ၀ယ်ယူရသည့် ဈေးနှုန်းများက အပြောင်းအလဲမရှိပဲ ပြည်ပတင်ပို့ရာမှ ရသည့်ငွေက လျော့နည်းသွား၍ ဖြစ်သည်။ ရေနံသဘာဝဓါတ်ငွေ့လို၊ သစ်တောထွက်ပစ္စည်းလို ကုန်ထုတ်လုပ်မှု မဟုတ်ပဲ သယံဇာတ ပစ္စည်းတွင်တော့ အမြတ်အစွန်းများသဖြင့် မသိသာ။

မြန်မာ့ ရွှေဈေးနှင့် နိုင်ငံတကာရွှေဈေးကွာဟကာ ပြည်တွင်းဈေးနှုန်းက နိမ့်နေသည့်အတွက် ရွှေများ နယ်စပ်မှတဆင့် အိမ်နီးချင်း နိုင်ငံများသို့ ခိုးထုတ်ရောင်းချသည့် ငွေများ ပြန်ဝင်လာနေခြင်းကြောင့်လည်း နိုင်ငံခြားငွေနှင့် မြန်မာငွေလဲရာတွင် မြန်မာငွေ မြင့်လာရခြင်းအကြောင်း တချက်ဟု အချို့က ဆိုကြသည်။

လယ်ယာထွက်ကုန် ၀ယ်အား သိသိသာသာ ကျဆင်း

လယ်ယာထွက်ကုန်များ ဖြစ်သည့် ပဲ၊ ဆန်စပါးတို့လည်း နိုင်ငံခြား ဈေးကွက်မှာ ၀ယ်အားမရှိ၊ ဈေးနှုန်းကျဆင်းသဖြင့် အစိုးရက လယ်ယာထွက်ကုန်နှင့် ပတ်သက်ပြီး ယခင်က ထိန်းချုပ်ထားသည့် ကန့်သတ်ချက်အချို့ကို လျော့ချပေးသည့်တိုင် အလုပ်ဖြစ်သည့် လက္ခဏာ မမြင်ရသေးပေ။

ပဲဈေးကွက်ပျက်ပြီး ပဲကုန်သည်တွေ တိမ်းရှောင်ကုန်သည့် အဖြစ်လည်း လွန်ခဲ့သည့် ၂၀၀၈ အကုန်ကတည်းက ဖြစ်ပေါ်ခဲ့သည်။ စပါးဈေး ယခုနှစ်ပိုင်းအတွင်းဈေးများနှင့် စာလျင် သိသာစွာ ကျဆင်းနေပြီး ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းမှ လယ်သမားတွေမှာ စပါးရောင်းမထွက် သဖြင့် လက်ထဲ ငွေမရှိပဲ ငွေအစား စပါးနှင့် ပေးချေ နေရသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လာနေသည်။

ပြီးခဲ့သည့် မေလက နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သည့် ဧရာဝတီတိုင်း၏ ထွက်အားကောင်းသည့် လယ်မြေအများအပြား ပျက်စီးပြီး နာဂစ်လွန်ကာလမှာ ထွက်နှုန်းကျဆင်းသည့် ပြဿနာအပြင် ယခု စပါးဈေးကွက်ပျက်သည့် ပြ၁သနာကပါ ထပ်ဆင့်လောင်းလာရာ နောက်လာမည့် မိုးရာသီတွင် ထိုဒေသများတွင် ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ကြမည်လဲ ဆိုသည် အချက်မှာလည်း စိုးရိမ်ဖွယ်ရာ တခု။

နေ့စဉ် နေထိုင်မှု စရိတ်က လျော့မကျ

မြန်မာငွေ လဲလှယ်နှုန်းမြင့်တက်လာသည်၊ လောင်စာဆီ ဈေးနှုန်း ခေါက်ချိုးကျော် ကျဆင်း သွားသည်။ သယ်ယူပို့ဆောင်စရိတ် အနည်းငယ် ကျဆင်းသည် ဆိုသော်လည်း လူအများ အတွက် နေ့စဉ် စားသောက်ကုန် ခရီးသွားလာရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့ အတွက် သုံးစွဲနေရသည့် နှုန်းထားများက ကျဆင်းသွားသည်ကို မမြင်တွေ့ရ။ လဘက်ရည်တခွက် ဈေးနှုန်း၊ ဘတ်စကားခ၊ မုန့်ဟင်းခါး တပွဲဈေးနှုန်း၊ ဆရာဝန်ပြသခ၊ ဆေးဝါးဈေးနှုန်း၊ ကလေးများ၏ ပညာရေး ကုန်ကျစရိတ် တို့က ယခင်အတိုင်းပင် သိသိသာသာ မပြောင်းလဲပေ။

ကုန်ကျစရိတ်က မပြောင်းလဲပဲ ၀င်ငွေရဖို့ ခက်ခဲလာသည် ဆိုလျင် လူထု၏ နေထိုင်မှု အဆင့်အတန်းက နကိုကထက် ပိုမိုနိမ့်ကျသွားစရာ အကြောင်းသာမြင်တွေ့နေရသည်။

မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ စီးပွားရေး အကြပ်အတည်း

ကမ္ဘာ့ စီးပွားရေး အကြပ်အတည်းက မြန်မာနိုင်ငံကို ဘယ်လောက် ထိခိုက်မည်လဲ ဆိုသည်ကို မြန်မာနိုင်ငံသား တော်တော်များများ ကစိတ်ဝင်စားလျက်ရှိကြသည်။ မြန်မာနိုင်ငံမှ စီးပွားရေး ပညာရှင်များ နားလည်တတ်ကျွမ်းသူများကို မေးမြန်းကြသည်။ သတင်းမီဒီယာများကလည်း မေးမြန်းကာ ဖေါ်ပြနေကြသည်။

ပြည်တွင်းမှ မြန်မာ့စီးပွားရေး ပညာရှင်များကလည်း စစ်အစိုးရ အမျက်ရှမည့် အပြောမျိုးကို ရှောင်ကာ “ယခုလို စီးပွားရေး အကြပ်အတည်းကာလတွင် အစိုးရ၏ ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်း များကို လျော့ပေါ့ပေးခြင်းဖြင့် ခံသာအောင် လုပ်ဆောင်နိုင်ပါသည်” ဟုလောက်သာ ပြောဆိုရဲကြသည်။

စစ်အစိုးရ၏ တလွဲစီမံခန့်ခွဲမှုများ၊ မကျွမ်းကျင်သည့် စစ်အရာရှိများကို စီးပွားရေး စီမံခန့်ခွဲခွင့် ပေးထားသည့် အချက်များကို ပြောဆိုခွင့် မရကြ။

စစ်အစိုးရကလည်း အခွင့်သာတိုင်း အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားပေးဖို့ တောင်းဆိုလေ့ရှိသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး အကြပ်အတည်းကို အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် ဖြစ်ရသယောင် အခွင့်ရတိုင်း ပြောဆိုလေ့ရှိသည်။

ယခုလို ကမ္ဘာ့ စီးပွားရေး အကြပ်အတည်း ကာလတွင် ထိုဂယက်ကို အနည်းနှင့် အများခံစားရမည့် မြန်မာနိုင်ငံအနေဖြင့် လုပ်ဆောင်သင့်သည့်အရာဟု ဆိုပါလျင် စီးပွားရေးကို တလွဲစီမံခန့်ခွဲနေသည့် စစ်ဗိုလ်ချုပ်များ ဖယ်ပေးပြီး အမှန်တကယ် နားလည် တတ်ကျွမ်းသူ စီးပွားရေး ပညာရှင်များကို နေရာပေးဖို့၊ စစ်ခေါင်းဆောင်များနှင့် အလွမ်းသင့် အကျိုးတူကြသည့် ထူး၊ အေးရှားဝေါလ်၊ ကမ္ဘောဇ၊ ဇေကမ္ဘာ ၊မက်စ် မြန်မာ တို့လို လုပ်ငန်းရှင်ကြီးများကိုသာ လုပ်ကိုင်ခွင့်ပေးသည့် လူတစု ကောင်းစားရေး မူဝါဒများကို ရပ်ဆိုင်းဖို့က ပိုအဓိက ကျသည်ဟု မြင်ပါသည်။

Comments