နေပြည်တော်မှာ မီးထိန်ထိန်သာ၊ ရန်ကုန်တွင် မီးပြတ်တောက်မှု ပိုဆိုးဝါး

လျာ လက် တာန်
မိုးမခ အထောက်တော် (ရန်ကုန်)
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

ယခုလအတွင်းမှ စတင်ပြီး ရန်ကုန်မြို့ အနှံ့တွင် မီးပြတ်တောက်မှုများ ဆိုးဝါးလာသည်ဟု မြို့ခံတို့က ပြောကြားသည်။ ယနေ့ညဥ့်နက်ပိုင်းမှ မီးလာသဖြင့် မိသားစုများက မီးဖိုချောင်ကိစ္စ၊ ရေချိုးခန်းကိစ္စများကို စောင့်ပြီး ဆောင်ရွက်ရကြောင်း၊ နေ့ခင်းနှင့် ညပိုင်းတွင်သုံးရန် ဘက္ထရီများ အားသွင်းရကြောင်း ၎င်းက ပြောကြားသည်။

“အခု တပတ်လုံးလုံး ဆင်ခြေဖုံးအရပ်တော်တော်များများမှာ နေ့ခင်းနဲ့ ညဦးပိုင်းမှာ မီးမလာဘူး။ အရင်က တရက်ပျက်၊ တရက်လာ၊ နောက်တော့ တပိုင်းစီ ပျက်၊ တပိုင်းစီလာ။ အခုတော့ တပတ်လုံးပျက်ပြီး မနက် ၁ နာရီကနေ ၃ နာရီလောက်ထိ လာတော့တယ်” ဟု မိုးမခ စာဖတ်သူတဦးက စာရေးပို့ထားသည်ကို တွေ့ရသည်။

စစ်အစိုးရ မြို့တော် နေပြည်တော်တွင် တပတ်၊ ၂၄ နာရီ မီးထိန်ထိန်သာအောင် လာကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်နေပြည်သူတို့မှာ မိမိရပ်ရွာကို စွန့်ပြီး နေပြည်တော်သို့ သွားရောက် ခိုလှုံရမည့် ပုံ ပေါက်နေကြောင်း၊ စစ်အစိုးရက ပြည်သူတို့ကို လျှပ်စစ်မီးဖြင့် ပြန်ပေးဆွဲထားသည့်ပုံ ဖြစ်နေကြောင်း အခြားစာဖတ်သူတဦး၏ ပေးစာက ဆိုထားသည်။

“မီးစက်တွေက လုပ်ငန်းရှင်တွေ အားလုံးမှာ ရှိတယ်။ မိသားစုတွေကလည်း မီးစက်တွေနဲ့ပဲ ရပ်တည်နေကြရတယ်။ ရပ်ကွက်တွေမှာ တချို့က မီးစက်တို့၊ဘက္ထရီတို့ ပြန်သွယ်တာ၊ ငှားစားတာ လုပ်ကြတယ်။” ဟု သူက ရေးသားထားသည်။

စီးပွားကျသည်ဆိုသည့် အမေရိကန်တွင် ဓာတ်ဆီဈေး ဒေါ်လာ ၂.၀၀ ၀န်းကျင်ကို လွယ်ကူ လွတ်လပ်စွာ ၀ယ်ယူနိုင်သည့်အချိန်တွင်၊ မြန်မာပြည် ဓာတ်ဆီဈေးမှာ အထူးဆိုင်များတွင် အက်ဖ်အီးစီ ဒေါ်လာ ၂.၉၀ ပေါက်သည်ဟု သိရသည်။

Comments